၂၀ သြဂုတ်
ဩဂုတ်လ ၁၉ ရက်နေ့သည် “ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေ့” ဖြစ်သည်။ ၂၀ဝ၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ ကုလသမဂ္ဂရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် ဝန်ထမ်းများ သေဆုံးခဲ့ရသည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ကို ၂၀ဝ၈ ခုနှစ်မှစတင်၍ ကမ္ဘာ့လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လူသားချင်းစာနာမှုလုပ်ငန်းများသည် စေတနာနှင့်ကရုဏာတရားတို့ပေါ်တွင် အခြေခံထားသည်။ လူတစ်ဦးနှင့်တစ်ဦး ချစ်ခင်ရန်၊ ကမ္ဘာပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံကို ခံစားနေကြရသူများသည် မိမိတို့ကဲ့သို့ပင် လူသားများဖြစ်ကြသည့်အတွက် အကူအညီလိုအပ်နေသူများကို ကြင်နာမှုပြသရန်နှင့် ၎င်းတို့လိုအပ်သည့်အကူအညီများကို ဖြည့်ဆည်းပေးရန်တို့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ဆောင်ကြသည်။ သဘာဝဘေးအန္တရာယ်များ ကျရောက်သည့် အခါတွင်လည်းကောင်း၊ စစ်ပွဲများနှင့်ပဋိပက္ခများ ဖြစ်ပွားရာတွင်လည်းကောင်း ဘေးဒုက္ခခံစားကြရသူများကို ဘက်မလိုက်ခြင်း၊ ကြားနေခြင်း၊ လွတ်လပ်စွာဆောင်ရွက်ခြင်းဟူသော အခြေခံမူများဖြင့် ကူညီကယ်ဆယ်မှုများ ပြုလုပ်ပေးကြရာတွင် လူသားချင်းစာနာမှုအဖွဲ့များမှာ ဘက်လိုက်သည်၊ ရန်သူကို မျက်နှာသာပေး၍ ကူညီသည် စသည့် စွပ်စွဲမှုနှင့်သံသယများကိုလည်း ရင်ဆိုင်ကြရလေ့ရှိသည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု ကရုဏာလုပ်ငန်းများကို မြန်မာနိုင်ငံကြက်ခြေနီအသင်းအပြင် အများအကျိုးဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည့် ပရဟိတအဖွဲ့များက အင်တိုက်အားတိုက် ဆောင်ရွက်နေကြသည်ကို တွေ့ရသည်။ မေတ္တာတရားနှင့် ကရုဏာတရားတို့ကို အခြေခံ၍ အများအကျိုးဆောင်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော ပရဟိတအဖွဲ့များကို ဒေသအနှံ့အပြား၊ မြို့ရွာအနှံ့အပြားတို့တွင် တွေ့မြင်ရပြီး၎င်းတို့ဆောင်ရွက်ကြသည့် အများအကျိုးဆောင် လုပ်ငန်းများကိုလည်း အမယ်စုံအောင်ပင် တွေ့မြင်ကြရသည်။ အရေးပေါ် လူနာပို့ဆောင်သည့်လုပ်ငန်း၊ အရေးပေါ် သွေးလှူသည့်လုပ်ငန်း၊ အောက်ဆီဂျင်ဘူးလှူသည့် လုပ်ငန်းများမှသည် မိဘမဲ့ကလေးများ စောင့်ရှောက်ခြင်း၊ အမျိုးသမီးများ စောင့်ရှောက်ခြင်း၊ ပညာရေးအလှူဒါနများပြုခြင်း၊ သဘာဝဘေး၊ စစ်မက်ဘေးတို့တွင် ကူညီကယ်ဆယ်ခြင်းတို့ကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့က စုပေါင်း ဆောင်ရွက်နေကြသည်။
အများအကျိုးဆောင် လူမှုကူညီရေးဆောင်ရွက်နေကြသည့် ပရဟိတ အသင်းအဖွဲ့တို့မှာ မှတ်ပုံတင်ပြီး အဖွဲ့များ၊ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့များ၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နေကြသည့် အဖွဲ့များရှိသလို မှတ်ပုံတင် အသိအမှတ်ပြုမခံရသေး၊ စနစ်တကျလုပ်ကိုင် နိုင်စွမ်းမရှိသေး၊ အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်း မရှိသေးသည့်အဖွဲ့များလည်း များစွာရှိကြသည်။ ပရဟိတ အမည်ခံ၍ ကိုယ်ကျိုးရှာမှုများ၊ လူနာတင်ယာဉ်ဟန်ဆောင်၍ သစ်မှောင်ခိုသယ်ဆောင်မှုများ အပါအဝင် အများအကျိုးဆောင်လုပ်ငန်းစဉ်ကို အမည်းစက်စွန်းထင်းစေသည့် ပရဟိတဗန်းပြ အဖွဲ့အစည်း အတုအယောင်အချို့ ပေါ်ပေါက်လာခဲ့သည့်တိုင်အောင် ပရဟိတစိတ်ဓာတ်နှင့် ပရဟိတလုပ်ငန်းတို့၏ မွန်မြတ်သန့်စင်မှုမှာမူ ပျက်စီးသွားဖွယ်မရှိသည်မှာလည်း အသေအချာပင် ဖြစ်သည်။
ဩဂုတ် ၁၆ ရက်က လားရှိုးမြို့အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပိတ်မိနေသူများကို သွားရောက်ကယ်ဆယ်ရန်ကြိုးပမ်းရာမှ လားရှိုးလူငယ်ပရဟိတအသင်း လူနာတင်ယာဉ် လက်နက်ကြီးထိမှန်ပြီး အသင်းဥက္ကဋ္ဌ အသက်ပေးခဲ့ရကာ အချို့ဒဏ်ရာရခဲ့သည့်သတင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပရဟိတအသင်းက ရေဘေးသင့် မွန်ပြည်နယ်မှ ပြည်သူများထံသွားရောက်ကူညီရန် တိုက်ပွဲများကြောင့် လမ်းများပိတ်ဆို့ နေသည့်ကြားမှ ကြိုးပမ်းလျက်ရှိသည့် သတင်းများမှာ မြန်မာ့လူသားချင်း စာနာထောက်ထားမှု အဖွဲ့များဟု ဆိုအပ်သော ပရဟိတအဖွဲ့များ၏ မွန်မြတ်သောနှလုံးသားနှင့် ဂုဏ်ယူလေးစားဖွယ် စွမ်းဆောင်မှုများကို ပြသနေခြင်းပင် ဖြစ်သည်။
ကိုယ်ချင်းစာတရားဖြင့် ကြင်နာသနားခြင်း ကရုဏာကိုအခြေခံကာ အများအကျိုးသယ်ပိုးနေကြသည့် ပရဟိတလုပ်ငန်းနှင့် ပရဟိတနှလုံးသား ပိုင်ရှင်များ ဘေးမသီရန်မခ ထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း