၂၀  သြဂုတ်

ယနေ့လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများသည် နိုင်ငံတော်အနာဂတ်အတွက် အားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်။ ထိုလူငယ်လူရွယ်များ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ပါမှ အနာဂတ်နိုင်ငံတော်အကျိုးကို ထိထိရောက်ရောက်သယ်ပိုးနိုင်မည်ဖြစ်သည်။ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သန်စွမ်းရေးသည် အရေးကြီးသော အချက်ဖြစ်သည်။

ယနေ့နည်းပညာခေတ်တွင် ကျောင်းသား ကျောင်းသူ လူငယ်များသည် ယခင်ခေတ်ကာလများနှင့်မတူ ပညာရေးဘက်တွင်သာမက နည်းပညာ တိုးတက်ပြောင်းလဲမှု ခေတ်ရေစီးကြောင်းတွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျင်လည်လှုပ်ရှားနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကျောင်းပညာ၊ နည်းပညာတို့နှင့် လူငယ်လူရွယ်ဘဝကို ဖြတ်သန်းနေကြသည့်အပြင် လူငယ်လူရွယ်ဘဝများကို လွှမ်းမိုးဖျက်ဆီးနိုင်သော ပယောဂမျိုးစုံတို့မှာလည်း ပတ်ဝန်းကျင်လောကတွင် နေရာယူလျက်ရှိသည်။

ထို့ကြောင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဘက်၌ ကျန်းမာကြံ့ခိုင်သန်စွမ်းရေးကိုလည်း ထည့်သွင်းစဉ်းစားလာရသည်။ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သန်စွမ်းရေးကို ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများက ထိရောက်စွာစွမ်းဆောင်နိုင်သဖြင့် ယင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာကြသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့် ဇွန်လက ယင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကျင်းပပြီး တူရာလုပ်ငန်းများ စုစည်းလုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။

အရည်အသွေးမြင့်မားသော ပညာရေး၊ ကိုယ်ပိုင်စွမ်းဆောင်ရည်မြင့်မားသော ပညာရေးသို့ ဦးတည်ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ တွင်သင်ယူမှု ဝန်းကျင်ကောင်းဖြင့် သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားရေးအတွက် ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုးပြီး ကျန်းမာပျော်ရွှင်စွာဖြင့် သင်ယူနိုင်စွမ်းရှိရေးသည် အရေးအကြီးဆုံးဖြစ်နေသည်။ ယနေ့ခေတ်ကာလနှင့်ပတ်ဝန်းကျင်အခြေအနေအရ ကျောင်းသား ကျောင်းသူများအနေဖြင့်ဦးနှောက်ကျန်းမာဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှု လိုအပ်နေသည်ဟု ဆိုရမည်ဖြစ်သည်။

ပြုပြင်ပြောင်းလဲဖော်ဆောင်နေသော ပညာရေးစနစ်သစ်အရ ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ တစ်သက်တာသင်ယူမှုကို ပြုစုပျိုးထောင်သင်ကြားသင်ယူလေ့ကျင့်ရန်အတွက် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများမြှင့်တင်ခြင်း၊ အလွတ်ကျက်မှတ်သည့်စနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် စစ်ဆေးအကဲဖြတ်မှုပြောင်းလဲခြင်း၊ ကျောင်းလိုအပ်ချက်များ ဖြည့်ဆည်းခြင်းစသည့် ပြုပြင်ပြောင်းလဲမှုများကို မိဘအုပ်ထိန်းသူ၊ ပြည်သူ၊ မိတ်ဖက်အဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ ပူးပေါင်း၍ ထိထိရောက်ရောက် အကောင်အထည်ဖော်လျက်ရှိသည်။

ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးရေးအတွက်ဘက်စုံဆောင်ရွက်နေချိန်တွင် ပတ်ဝန်းကျင်နှင့် ခေတ်ရေစီးကြောင်း လွှမ်းမိုးခြင်းစိန်ခေါ်မှုများကို တစ်ဖက်တွင် ရင်ဆိုင်နေရသည်။ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော လူနေထိုင်မှုဘဝပုံစံများ များပြားလာမှု၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာနည်းပါးမှု၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ရက်သုံးစွဲမှုနှင့် ဂိမ်းအလွန်အကျွံစွဲလမ်းမှု၊ စည်းကမ်းမလိုက်နာမှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှုကြောင့် ဘေးအန္တရာယ်ဖြစ်မှု။ ဆေးလိပ်၊ အရက်၊ ဘီယာနှင့် မူးယစ်ဆေးဝါးစသည့် အ္တရာယ်များနှင့် ကြုံတွေ့နေရသည်။

ထိုစိန်ခေါ်မှုများကို ရင်ဆိုင်စီမံခန့်ခွဲဖြေရှင်းနိုင်ရေးအတွက် ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများပါဝင်သည့် အမျိုးသားအဆင့် အရှိန်အဟုန်မြှင့်တင်မှုလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုတက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ ဆရာ ဆရာမများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်းလျက် ဆွေးနွေးလေ့ကျင့် သင်ကြားပို့ချမှုများကို နိုင်ငံတစ်ဝန်းလုံးရှိကျောင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် ကျောင်းအခြေပြု ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများအား လူထုလှုပ်ရှားမှုအသွင်ဖြင့် အကျိုးရှိထိရောက်စွာ အသိပညာပေးခြင်း၊ လက်တွေ့ အကောင်အထည်ဖော်ခြင်း တို့ကို ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ