နေပြည်တော် ၆ ဇန်နဝါရီ
“အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသားအားလုံး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ ဗျတ္တိအပြည့်ဖြင့် ညီညီညွတ်ညွတ် ကြိုးပမ်းခဲ့ကြ၍ လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါကြောင်း၊ မိမိတို့ မျိုးချစ်ခေါင်းဆောင်ကြီး များနှင့် မိဘဘိုးဘွားများ၏ အသက်၊ သွေး၊ ချွေး မြောက်မြားစွာစတေးပြီး အလွန်တရာ ခက်ခဲပင်ပန်းစွာ ကြိုးပမ်းအားထုတ်ပြီးမှ ရရှိခဲ့သည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ ဆက်လက်တည်တံ့စေရန်နှင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန် ဆက်လက်ထိန်းသိမ်းရမည်မှာ မိမိတို့ သားစဉ်မြေးဆက် တာဝန်ပင်ဖြစ်ပါကြောင်း” ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)က ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ခြင်း အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးကို လွယ်လွယ်ကူကူ ရရှိခဲ့သည်မဟုတ်ချေ။ နှစ်ပေါင်းတစ်ရာကျော် တိုင်းတစ်ပါးလက်အောက်၌ အဖိနှိပ်ခံဘဝဖြင့် နေထိုင်ခဲ့ရပြီးနောက် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် သက်စွန့် ကြိုးပမ်းရယူထားသော လွတ်လပ်ရေးဖြစ်သည်။ လွတ်လပ်ရေးကိုစည်းလုံး ညီညွတ်မှုအင်အားဖြင့် နှစ်ပေါင်းတစ်ရာကျော် ကြိုးပမ်းရယူခဲ့ရသော်လည်း စည်းလုံးညီညွတ်မှုနှင့် အင်အားတောင့်တင်းခိုင်မာမှု အားနည်းသောအခါ လွတ်လပ်ရေးမှာ တစ်ခဏချင်းပင် ဆုံးရှုံးခဲ့ရသည်။
မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ လူဦးရေနှင့် နယ်မြေ ကြီးမားကျယ်ပြန့်သည့် အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် တည်ရှိသည်။ လူဦးရေနှင့် နိုင်ငံ အကျယ်အဝန်း သေးငယ်သော်လည်း စုစည်းခိုင်မာသည့် စိတ်ဓာတ်နှင့် စွမ်းရည်သတ္တိ အားကောင်းသောကြောင့် အင်အားတောင့်တင်းသည့် နိုင်ငံတော်ကြီးအဖြစ် ဝင့်ထည်စွာ ရပ်တည် နိုင်ခဲ့သည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယ မြန်မာနိုင်ငံတော်တို့ကို စုစည်းထူထောင်နိုင်ခဲ့ပြီး တိုင်းတစ်ပါး လက်အောက်မှ ပြန်လည်လွတ်မြောက်သည့် စတုတ္ထမြန်မာနိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့သည်။
ပြည်ထောင်စုသားအားလုံး စုစည်းနေထိုင်သည့် ပြည်ထောင်စု နိုင်ငံတော်၏ ထွန်းပြောင်သည့်သမိုင်းကို မရိုင်းအောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ရရှိထားသော လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်။ မည်သည့်အခါမျှ မပြိုကွဲခဲ့ သော နှစ်ပေါင်းထောင်ချီတည်တံ့ခိုင်မြဲခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီး ထာဝစဉ်အဓွန့်ရှည်စွာ ရပ်တည်နေနိုင်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြရမည်မှာ နိုင်ငံတော်နှင့် တိုင်းရင်းသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။
မျက်မှောက်ကာလတွင် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရန် ရည်မှန်း ချက်ထားပြီး ဘက်စုံ၊ ထောင့်စုံ တည်ဆောက်နေသော အချိန်အခါဖြစ်သည်။ ထိုအချိန်အခါတွင် နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး တာဝန်များကို မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ မိမိတို့၏ အသက်ခန္ဓာနှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ရဲဝံ့စွန့်စား စွာ ကြိုးပမ်းစွမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်သူများ၊ ပြည်ထောင်စုကြီး မပြိုကွဲအောင် ထိန်းသိမ်းစောင့် ရှောက်ကြသူများဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စုကြီးအတွက် စွန့်လွှတ် စွန့်စားကြသူများဖြစ်၍ ချီးကျူးဂုဏ်ပြုထိုက်သူများဖြစ်သည်။
သို့ဖြစ်ရာ နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ရေး၊ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေရေး အတွက် ပြည်ထောင်စုကြီးကို အသက်ပေးကာကွယ်စောင့်ရှောက်ခဲ့ကြ သည့် မိဘဘိုးဘွားဘီဘင်များနှင့် မျက်မှောက်ကာလ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြသူများအား ဦးညွှတ်ဂုဏ်ပြုလျက် ပြည်ထောင်စုသား သားစဉ်မြေးဆက်များအားလုံးကလည်း ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ