mdn

ကိုရင်ဩ - ရေးသားသည်

 

အမေရိကန်ပြည်ထောင်စု၌ အောက်လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် နန်စီပလိုစီ ဆိုသူ ဝါရင့်သမ္ဘာရင့် အမျိုးသမီးကြီးတစ်ဦး ရွေးချယ်တင်မြှောက်ခံရသည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ နှစ်သစ်ဦးကာလ ထူးခြားသော အခါသမယတွင် အမေရိကန်နိုင်ငံရေးလောက ဖြစ်တည် ပြောင်းလဲမှုအဖုံဖုံကို စုံငုံစေ့ငုရန် အာရုံဝင်စားမိလေ၏။ 

 

နန်စီပလိုစီဆိုသူသည်ကား အမေရိကန်ကွန်ဂရက်လွှတ်တော်၏ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဇန်နဝါရီ ၃ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သူ ပါပေတည်း။ 

 

အမေရိကန်ပြည်ထောင်စု၏ ၁၁၆ ကြိမ်မြောက် လွှတ်တော်သစ်များမှာ ယင်းနေ့မှာပင် စတင်ခဲ့၏။ ဤတွင် ထူးခြားသည်မှာ အိမ်ဖြူတော်၊ အထက် လွှတ်တော်နှင့် အောက်လွှတ်တော်တို့ကို ရီပတ်ဘလီကန်တို့က နှစ်နှစ်ကြာမျှ လွှမ်းမိုးခဲ့ရာမှ ယခုအခါတွင် အောက်လွှတ်တော်ကို ဒီမိုကရက်အများစုက ပြန်လည်လွှမ်းမိုးနိုင်ခြင်းဖြစ်၏။ 

 

အားသာမှုတစ်ရပ် 

 

ရီပတ်ဘလီကန်သမ္မတကြီး ဒေါ်နယ်ထရန့်၏ ရာထူးသက်တမ်းဝက် အရောက်တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ရလဒ်မှာ ဒီမိုကရက်တို့အတွက် အားသာမှုတစ်ရပ် ဖြစ်လာရပေသည်။ 

 

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ၌ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာတွင် ဒီမိုကရက်အမတ်များက ၂၃၅ နေရာ အနိုင်ရခဲ့ပြီးလျှင် အထက်လွှတ်တော်၌ အမတ်နှစ်ဦး ထပ်တိုးလာခြင်းကြောင့် ရီပတ်ဘလီကန်က ၅၃ ဦး၊ ဒီမိုကရက်က ၄၇ ဦးနှင့်အတူ ရီပတ်ဘလီကန်များက အထက် လွှတ်တော်အများစု နေရာဆက်လက်ရယူထားနိုင်သည်။ 

 

ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက်အမတ် နန်စီသည် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရခြင်းဖြင့် အမေရိကန်ကွန်ဂရက် လွှတ်တော်သမိုင်းကြောင်းကို အပြောင်းအလဲကာလတစ်ခုသို့ ဖြတ်သန်း စေနိုင်ခဲ့ပေပြီ။ 

 

လွှတ်တော်သစ်၏ ထူးထူးခြားခြား တွေ့မြင်ရချက်အဖြစ် မွတ်စလင် အမျိုးသမီးအမတ် နှစ်ဦး၊ ပထမဆုံး အမေရိကန် ဌာနေတိုင်းရင်းသား အမျိုးသမီးအမတ် နှစ်ဦး၊ အသက်အငယ်ဆုံး အမျိုးသမီးအမတ် တစ်ဦးတို့ ပါဝင်လာသည်။ ၎င်းအပြင် လိင်အသွင်အပြင် ဝိသေသကွဲပြားခြားနားသူ LGBTQ ၁၀ ဦးမှာလည်း လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာကြသည်။ အမျိုးသမီးကိုယ်စားလှယ်များမှာ အောက်လွှတ်တော်တွင် ၁၀၂ ဦး၊ အထက် လွှတ်တော်တွင် ၂၅ ဦး ဖြစ်သည်။ 

 

အနိုင်ရ 

 

အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် နန်စီက အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် ကီဗင်မက္ကာသီနှင့် ယှဉ်ပြိုင်အရွေးခံခဲ့ရာတွင် ၂၂၀-၁၉၂ မဲဖြင့် အနိုင်ရရှိခဲ့လေသည်။ 

 

လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ နန်စီသည် အမေရိကန်ပြည်ထောင်စု ဥပဒေပြုရေးမဏ္ဍိုင်၏ ဦးသျှောင်အဖြစ် ရပ်တည်လာနိုင်ပေပြီ။ ကွန်ဂရက်လွှတ်တော်သည် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရ၏ လွှတ်တော်နှစ်ရပ်ပါ ဥပဒေပြုအဖွဲ့အစည်းကြီးဖြစ်သည်။ 

 

ကွန်ဂရက် လွှတ်တော်တွင် ဆီးနိတ်လွှတ်တော်(အထက်လွှတ်တော်)နှင့် အောက်လွှတ်တော်တို့ပါဝင်ပြီးလျှင် ဝါရှင်တန်ဒီစီရှိ “ကက်ပီတိုး” လွှတ်တော် အဆောက်အအုံတွင် အစည်းအဝေးခေါ်ယူသည်။ 

 

အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်လုံးအတွက် အမတ်များအား လူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။ အောက်လွှတ်တော်က အမတ် ၄၃၅ ဦးမှာ မဲဆန္ဒနယ်မြေ တစ်ခုချင်းစီကို ကိုယ်စားပြုပြီးလျှင် ၎င်းတို့၏ အမတ်သက်တမ်းမှာ နှစ်နှစ်ဖြစ်သည်။ အောက်လွှတ်တော်အမတ်နေရာများကို ပြည်နယ်အတွင်းရှိ လူဦးရေအလိုက် ခွဲဝေသည်။ ပြည်နယ်တစ်ခုစီမှ ဆီးနိတ် အမတ်နှစ်ဦး ရွေးချယ်ခွင့်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၅၀ ရှိပေရာ ဆီးနိတ်အမတ် ၁၀ဝ ရှိပြီး ၎င်းတို့၏ ရာထူးသက်တမ်းမှာ ခြောက်နှစ် ဖြစ်လေသည်။ 

 

ဒုတိယအကြိမ် ရယူနိုင်သူ

 

 အောက်လွှတ်တော်ဥက္ကဋ္ဌသစ်အဖြစ် ဇန်နဝါရီ ၃ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး စတင်တာဝန်ယူခဲ့သူ နန်စီမှာ အသက် ၇၈ နှစ်ရှိ သမ္ဘာရင့် နိုင်ငံရေးသမားကြီးဖြစ်၏။ အောက်လွှတ်တော်ဥက္ကဋ္ဌ ရာထူးနေရာကို သူ၏ ဘဝတာတွင် ဒုတိယအကြိမ် ရယူနိုင်သူလည်းဖြစ်၏။ ၂၀ဝ၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အောက်လွှတ်တော်၏ အကြီးအမှူးတာဝန်ကို သူထမ်းဆောင်ခဲ့ပြီး ဖြစ်၏။ ၁၇ ကြိမ်မြောက် အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသူဖြစ်ပေရာ “အမတ်လုပ်ဖို့ မွေးဖွားလာလေ သလား”ဟုပင် ဆိုရလောက် ၏။ ၁၉၈၇ ခုနှစ် အထူးရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် ရွေးချယ်တင်မြှောက် ခံခဲ့ရသူလည်းဖြစ်၏။

 

 အသက်အရွယ်အရ “ရှစ်ထိပ်စည်း”နီးလာသည့်တိုင်အောင် ဥပဒေပြုရေး တာဝန်ကို ဦးဆွေးဆံမြည့်ထမ်းဆောင်ရန် အားမာန်အပြည့်ရှိနေသူ နန်စီသည် ကွန်ဂရက်လွှတ်တော်၏ နှစ်ပေါင်း ၂၃၀ ကြာ သမိုင်းကြောင်းတွင် လွှတ်တော် ဥက္ကဋ္ဌ တာဝန်ကိုရယူနိုင်သည့် တစ်ဦးတည်းသော အမျိုးသမီး နိုင်ငံရေးသမား ဖြစ်သည်။ 

 

တတိယနေရာ 

 

နန်စီသည် အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းဖြင့် ယခုအခါ သမ္မတ ရာထူးတာဝန် ဆက်ခံပိုင်ခွင့်ရှိသူများစာရင်းတွင် တတိယနေရာ၌ ရပ်တည် လာနိုင်သည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက်အရ အကယ်၍ သမ္မတသည် သူ၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိတော့သည့် အခါ၊ သို့တည်းမဟုတ် ရာထူးမှ နုတ်ထွက်သွားသည့်အခါ၊ သို့တည်းမဟုတ် အိမ်ဖြူတော်မှ အကြောင်းတစ်စုံတစ်ရာကြောင့် ဖယ်ရှားခံရသည့်အခါ သမ္မတတာဝန်ကို ဒုတိယသမ္မတက ထမ်းရွက်ရမည်ဖြစ်ပေရာ ဒုတိယသမ္မတ (မိုက်ပင့်စ်)ပြီးလျှင် နန်စီက တတိယနေရာတွင် ရပ်တည်လျက်ရှိပေပြီ။ 

 

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိသည် သမ္မတ ဒေါ်နယ်ထရန့်နှင့် “သာတူညီမျှ”ပင်ဖြစ်သည်ဟု “နယူးယောက်တိုင်းမ်” သတင်းစာ၏ လူတွေ့မေးမြန်းခန်းတွင် နန်စီက ဖြေကြားခဲ့လေသည်။ 

 

ဇန်နဝါရီ ၃ ရက်တွင် အမတ်သစ်များအဖြစ် စတင်တာဝန်ထမ်းရွက်ကြသူ အပေါင်းမှာ လူမျိုးရေးအရ အသွေးအရောင် စုံလင်စွာရှိနေကြကြောင်း၊ အမေရိကန် နိုင်ငံရေးခေတ်သစ်ကို ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း နန်စီက ဂုဏ်ယူဝင့်ကြွားစွာ ဆိုမိန့်ခဲ့သည်။

 

၁၁၆ ကြိမ်မြောက် ကွန်ဂရက်လွှတ်တော်သည်ကား နိုင်ငံ့သမိုင်းတွင် အမျိုးသမီးကိုယ်စားလှယ်ဦးရေ အများဆုံးဖြစ်ပြီးလျှင် စုစုပေါင်း ၁၂၅ ဦး ရှိပေရာ အမျိုးသမီးအမတ် တစ်ပြုံတစ်ခေါင်းရှိသည့် လွှတ်တော်ဟူ၍ အနွတ္ထ သညာ ဆိုနိုင်ပေလိမ့်မည်။ အောက်လွှတ်တော်တွင် ၁၀၂ ဦး၊ အထက် လွှတ်တော်(ဝါ)ဆီးနိတ်တွင် ၂၃ ဦးရှိသည်ဟု ကျွန်ုပ်လေ့လာမှတ်သားရ၏။ 

 

၁၉၈၇ ခုနှစ်တွင် အောက်လွှတ်တော်သို့ နန်စီ စတင်ရောက်ရှိခဲ့ချိန်က အမျိုးသမီးအမတ် ၂၃ ဦးသာလျှင် ရှိခဲ့သည်ဆိုသည်။ 

 

“ချည်ပြာထဘီနှင့် တာဝတိံသာလှမ်း” ဟူဘိသို့ပင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် အမျိုးသမီးတစ်ဦးက တာဝန်ယူခြင်းမှာ ယခင်အခြေအနေနှင့် မတူကွဲပြားချက် မဟုတ်ပါလောဟူ၍ နန်စီက ခပ်ရင့်ရင့်ဆိုခဲ့သည်။

 

 ဖြတ်ကျော်ခဲ့ရ 

 

ဒီမိုကရက်ပါတီ၏ ထိပ်သီးများတွင် တစ်ဦးအဖြစ် နန်စီပါဝင်လာသည့် တိုင်အောင် ကွန်ဂရက်လွှတ်တော်သစ်၏ အမတ်သစ်အချို့နှင့် လက်ရှိ အမတ်အချို့တို့၏ တွန်းတွန်းတိုက်တိုက် ကန့်ကွက်မှုကို ဖြတ်ကျော်ခဲ့ရသေးသည်။ ဇန်နဝါရီ ၃ ရက် မဲပေးပွဲတွင် ဒီမိုကရက်အမတ် ၁၂ ဦးတို့က နန်စီ မဟုတ်သော အခြားပုဂ္ဂိုလ်များကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ် နိုင်ရန် မဲပေးခဲ့ကြသေးသည်။ 

 

နန်စီသည် အာပေါင်အာရင်းသန်သန် ကျယ်လောင်ကျယ်လောင် ကန့်ကွက်ခဲ့သူ အတိုက်အခံများ ကျေနပ်မှုရရှိစေရေးအတွက် သူ၏ လွှတ်တော်ဥက္ကဋ္ဌ ရာထူးသက်တမ်းအား လေးနှစ်အထိ ကန့်သတ်ခြင်းကို နောက်ဆုံးတွင် သဘောတူညီခဲ့လေသည်။ 

 

နန်စီ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းဖြင့် သမ္မတဒေါ်နယ်ထရန့် အစိုးရအဖွဲ့မှာ စိုးရိမ်ပူပန်ဖွယ်ရာ ကာလတစ်ရပ်ကို ဖြတ်သန်းရဖို့ရှိလာသည်။ အကြောင်းမူကား ကွန်ဂရက်လွှတ်တော်၏ အနီးကပ်စောင့်ကြည့်မှုနှင့် စုံစမ်း စစ်ဆေးမှုတို့ကို တွေ့ကြုံလာရနိုင်ခြင်းကြောင့်ပါပေတည်း။ 

 

ထိုစဉ်အတွင်း နန်စီ၏ ဒီမိုကရက်လုပ်ဖော်ကိုင်ဖက်များက ပူပူနွေးနွေး ရရှိလာသည့် အခွင့်အာဏာရပ်များကို ကိုင်စွဲကာ သမ္မတ၏ လုပ်ဆောင်ချက်များ နှင့်ပတ်သက်၍ ]]စစ်ဆေး-ထိန်းညှိ}}(ဝါ) ဃ့နခုs ဗညိ Balညေခနျ လုပ်ရန် ပြင်ဆင်လျက်ရှိကြလေပြီ။ 

 

ထိန်းချုပ်ခွင့်ပေးခဲ့ 

 

ဖက်ဒရယ်အစိုးရအဖွဲ့သည် အစိုးရယန္တရား တစ်စိတ်တစ်ဒေသ ရပ်ဆိုင်း မှုနှင့် ရင်ဆိုင်နေရစဉ်အတွင်း နန်စီဦးဆောင်သော အောက်လွှတ်တော်က ဒီမိုကရက်တို့ကို ထိန်းချုပ်ခွင့်ပေးခဲ့ပေပြီ။ 

 

ဒီမိုကရက်များကြီးစိုးသော အမေရိကန်အောက်လွှတ်တော်သစ်သည် အစိုးရယန္တရားရပ်တန့်မှုကို တစ်စိတ်တစ်ပိုင်း အဆုံးသတ်စေရန်ရည်ရွယ်သော ဥပဒေကြမ်းများကို ဇန်နဝါရီ ၃ ရက်နေ့မှာပင် အတည်ပြုပေးခဲ့လေသည်။ 

 

ယင်းဥပဒေကြမ်းများအနက် သမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်မက္ကဆီကို တံတိုင်းတည်ဆောက်ရေးရန် ပုံငွေမပါဝင်သဖြင့် သမ္မတထရန့်မှာ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ်ပမာ ခံစားနေရသည်။ သမ္မတထရန့်က ဗီတိုအာဏာ ခြိမ်းခြောက်မှုကိုပြသခဲ့ပြန်ရာ အထက် လွှတ်တော် လူများစုခေါင်းဆောင် မစ်ချ်မက်ကော်နယ်က အထက်လွှတ်တော် အနေဖြင့် အောက်လွှတ်တော်၏ အဆိုပြုချက်အတွက် အချိန်ကုန်ခံမည်မဟုတ် ဟု ပြောကြားခဲ့ရာ ပွတ်တိုက်မှုများ ပြင်းထန်နေချိန်ဖြစ်၏။ 

 

ဥပဒေပြုအမတ်များနှင့် အိမ်ဖြူတော်အကြား အမေရိကန်-မက္ကဆီကို တံတိုင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ထွက်ပေါက်တွေ့မည့်အခြေအနေ နည်းပါးနေသေးသည်။

 

 ပြဋ္ဌာန်းလိုက်သော ဥပဒေကြမ်းများအရ နိုင်ငံခြားရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အလုပ်သမား၊ ဘဏ္ဍာရေးနှင့် အခြား အေဂျင်စီများကို လက်ရှိဘဏ္ဍာရေးနှစ်ကုန် စက်တင်ဘာ ၃၀ ရက်အထိ ရန်ပုံငွေထောက်ပံ့သွားမည်ဟု ကျွန်ုပ်လေ့လာသိရှိရသည်။ 

 

အစိုးရယန္တရားတစ်စိတ်တစ်ဒေသ ရပ်ဆိုင်းနေရမှုအဆုံးသတ်ရန် မိမိဦးစားပေး လုပ်ဆောင်ပါမည်ဟု နန်စီက ကတိပြုခဲ့သည်။ အစိုးရယန္တရား အချို့တစ်ဝက်ရပ်ဆိုင်းရခြင်းဖြင့် ဖက်ဒရယ်အစိုးရဝန်ထမ်း ရှစ်သိန်းခန့်မှာ လုပ်ခလစာမရဘဲ လုပ်ကိုင်နေရခြင်း၊ နားနေရခြင်းတို့ ဖြစ်ပေါ်နေရဆဲဖြစ် သည်။

 

 စတွေ့သည့်ပြဿနာတစ်ရပ် 

 

နယ်စပ်တံတိုင်းကာရံရေး သမ္မတထရန့်၏ ရန်ပုံငွေတောင်းခံသည့်ကိစ္စမှာ နန်စီ စတွေ့သည့်ပြဿနာတစ်ရပ်ဟု ဆိုနိုင်ပေလိမ့်မည်။ 

 

အောက်လွှတ်တော်ကို ဒီမိုကရက်တို့က ထိန်းချုပ်လိုက်ခြင်းမှာ ရီပတ် ဘလီကန် သမ္မတကြီးအတွက် တစ်နွယ်ငင် တစ်စင်ပါ အကျိုးသက်ရောက်မှုကို တွေ့ကြုံရလာဖွယ်ရှိပြီး မိမိ၏ဘက်တော်သား ရီပတ်ဘလီကန်တို့ အောက်လွှတ်တော်တွင် အားနည်းသွားရခြင်းအတွက် ပြောတိုင်းမအောင် ဆောင်တိုင်းမမြောက်သည့် အခြေအနေများကို သမ္မတကြီး ဆက်လက်ရင်ဆိုင် လာရနိုင်သည်ဟု တွေးတောမိရင်း ]]စံပယ်တုံးခါမှ ခံပွင့်ကိုကုံး}}ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။ 

 

Ref: Daily News