mdn

နေပြည်တော် ၆ ဇန်နဝါရီ

 

နိုင်ငံတိုးတက်ဖွံ့ ဖြိုးရေး၊ အဆင့်အတန်းမြင့်မားရေးအတွက် အခြေခံ လည်းကျ၊ အရေးလည်းကြီးသည့် ရင်းမြစ်မှာ ပညာဉာဏ်ကြီးမြင့်သည့် လူသားရင်းမြစ်ဟု ဆိုရပါမည်။ သဘာဝသယံဇာတရင်းမြစ်များ မည်မျှ လောက် ပေါများသည်ဖြစ်စေ ကောင်းဆိုးခွဲခြားဝေဖန် ထုတ်ယူသုံးစွဲ နိုင်သည့် ပညာဉာဏ်ကြီးသူများမရှိပါက နိုင်ငံဆင်းရဲတွင်းက မတက်နိုင် သည့် သာဓကအဖြစ် မြန်မာနိုင်ငံကိုပင်ကြည့်လျှင် ရမည်ဟု မြင်ပါသည်။ 

 

အဆုံးမှာတော့ ပညာဉာဏ်ဟူသည်က အခေါင်အချုပ်ပဲဖြစ်မည်ဟု ထင်၏။ နေ့စဉ် လူမှုဘဝနေထိုင်မှု အဆင့်မြင့်ရေးမှစ၍ ဒုက္ခသံသရာမှ လွတ်မြောက်ရေးအထိ ပညာဉာဏ်ရှိမှုက ဦးဆောင်သည်မဟုတ်ပါလော။ 

 

ထို့ကြောင့်ပင် အရွယ်ရောက်သူတိုင်း ပညာမသင်မနေရဟူသည့် အခြေခံစနစ်က နိုင်ငံအတွက် အလွန်အရေးကြီးသည့် ပညာရေးစနစ် ဖြစ်ပါသည်။ ကလေးငယ်များ ပညာစတင်သင်ကြားနိုင်မည့် အရွယ်ရောက် သည်နှင့် ကျောင်းသွားဖို့လိုသည်။ ကျောင်းသွားနိုင်၊ ပညာသင်ကြားနိုင် သည့် ဝန်းကျင်အနေအထားကို ဖန်တီးစီမံပေးဖို့လိုသည်။ သည်လိုအရွယ်ကစ ကျောင်းနေပညာ သင်ခြင်းဖြင့် ပညာကို တန်ဖိုးထားတတ်၊ နားလည် တတ်သူများ ဖြစ်လာစေနိုင်ပါမည်။ 

 

ကလေးငယ်တို့ ပညာသင်ကြားနိုင်သည့် ဝန်းကျင်သည် စစ်ပွဲများ ကြားတွင် မဖြစ်နိုင်။ ပညာသင်ကြားရန် နေရာဌာနပီသသည့် စာသင် ကျောင်းများမရှိဘဲ မဖြစ်နိုင်။ စေတနာ ဝါသနာ အနစ်နာဟု ဆိုသည့် နာသုံးနာဖြင့် ကလေးများအတွက် နမူနာယူ စံပြထားရသည့် ဆရာ၊ ဆရာမများ မရှိဘဲ မဖြစ်နိုင်။ 

 

စစ်ပွဲများရပ်စဲရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးဆိုသည်က အနာဂတ်ကောင်းမွန်ဖို့ ထုဆစ်ခြင်း ဖြစ်ပါသည်။ ကျေးလက်တောရွာအနှံ့ စာသင်ကျောင်းပေါ်ထွန်းရေးသည် အနာဂတ် ကောင်းမွန်ဖို့ ထုဆစ်ခြင်း ဖြစ်ပါ သည်။ ဆရာ၊ ဆရာမများ ကလေးငယ်တို့ကို ပြုစုပျိုးထောင် သင်ကြားပြသ စေတနာထားဆောင်ရွက်နေခြင်းသည် လောကအားလုံး၏ အနာဂတ် ကောင်းမွန်ဖို့ ထုဆစ်နေခြင်း ဖြစ်ပါသည်။ 

 

စာသင်ခန်းများက ကလေးအရွယ်မှစ၍ ဘဝတစ်လျှောက်လုံး နေတတ် ထိုင်တတ်၊ အများနှင့်ပေါင်းသင်းဆက်ဆံတတ်၊ ဇွဲလုံ့လဝီရိယ၏ အရေးပါမှုကို နားလည်တတ်မှုတို့နှင့်အတူ ဖန်တီးနိုင်စွမ်းအားမြင့်မားမှု၊ အနုပညာကို ခံစားတတ်မှု၊ ငြိမ်းချမ်းရေးကို မြတ်နိုးတတ်မှု၊ သဘာဝ တရားနှင့် ပတ်ဝန်းကျင်ကို ချစ်ခင်တန်ဖိုးထားတတ်မှု စသည့်စသည့် အခြေခံဘဝ နေနည်းထိုင်နည်းတို့ကို သင်ယူနိုင်၏။ 

 

သို့ဖြစ်၍ ကျောင်းဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးကြီးပါ၏။ ကလေးသူငယ်တို့၏ စံပြပုဂ္ဂိုလ်များ ဖြစ်လာရ သည့်အတွက် ဆရာ၊ ဆရာမတို့ ကိုယ်တိုင်၏ သီလကိုယ်ကျင့်သိက္ခာပေါ် တန်ဖိုးထားတတ်မှု၊ ကိုယ်ချင်းစာနာစိတ်ရှိမှု၊ ပညာ၏ တန်ဖိုးကို လေးစား တတ်မှု၊ ဘဝအမြင် လောကအမြင်တို့က မည်မျှလောက်အရေးကြီးသည်ကို နားလည်နိုင်ပါမည်။

 

 ထို့ကြောင့် အစိုးရနှင့် ပြည်သူလူထု၏ ကျောင်းဆရာ၊ ဆရာမများ အပေါ်ထားသည့်သဘောထား အားပေးမှု၊ ၎င်းတို့၏ ဘဝများကို ထောက်ထားမှုတို့သည်လည်း အရေးကြီးမည်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း