သတင်းဆောင်းပါး - တက္ကသိုလ် ပွင့်သူအောင်
နှစ်စဉ်ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်နှစ်သစ်ကူးနေ့ဖြစ်သည်။ ယခုနှစ်တွင် ကရင်သက္ကရာဇ်သည် ၂၇၅၈ ခုနှစ်ရှိခဲ့ပြီ ဖြစ်သည်။ ကရင်တိုင်းရင်းသားများနေထိုင်သည့် ကရင်ပြည်နယ်သည် အရှေ့တောင်ဘက် မြောက်လတ္တီတွဒ် ၁၆. ၄၆ဒ ၈၇ဓနှင့် ၁၉. ၂၀ဒ၄၂ဓအကြားတွင်ရှိ၍ အရှေ့လောင်ဂျီတွဒ် ၉၆. ၂၅ဒ ၅၅ဓ နှင့် ၉၈. ၅၄ဒ ၃၃ဓ အကြားတွင် တည်ရှိကာ မြောက်၊ အနောက်မြောက်မှ တောင်၊ အရှေ့တောင်ဘက်ဆီသို့ ရှည်လျားကျဉ်းမြောင်းစွာတည်ရှိသည်။ အလျားအားဖြင့် မြောက်မှတောင်သို့ ၃၂၅ မိုင်ခန့်ရှည်လျား၍ အနံအားဖြင့် အရှေ့မှအနောက်သို့ (အကျယ်ဆုံးနေရာ) မိုင် ၇၀ ခန့်ကျယ်ဝန်းကာ ဧရိယာအားဖြင့် စတုရန်းမိုင်ပေါင်း ၁၁၇၃၀ ဒသမ ၈၅ မိုင်ရှိသည်။
တောင်တန်းကြီးများ
အရှေ့ရိုးမတောင်တန်းမှဆင်းလာသော တောင်တန်းများ သည် ပြည်နယ်၏ အရှေ့ဘက်ပိုင်းတွင် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိရာ အလွန်လှပသောရှုခင်းများဖြင့် ဖွဲ့စည်း ထားသည်။ ပြည်နယ်၏ အရှေ့ဘက်ပိုင်းသည် ကုန်းမြင့် တောင်တန်းပိုင်းဖြစ်၍ ပျမ်းမျှအားဖြင့် အမြင့်ပေ ၅၀ဝ၀ ခန့်ရှိပြီး အနောက်ဘက်ပိုင်းသည် မြေနိမ့်လွင်ပြင်ပိုင်းဖြစ်ကာ ပေ ၁၀ဝ၀ ဝန်းကျင်မျှရှိသည်။ အရှေ့ဘက်တောင်တန်း ဒေသတွင် အမြင့်ဆုံးတောင်မှာ “ဟိုကကြိုးတောင်တန်း” ဖြစ်၍ ၈၆၀၇ ပေ မြင့်သည်။ ယင်းတောင်တန်းသည် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အကြား တည်ရှိသည်။ ကရင်ပြည်နယ်၏ မြောက်ဖျားရှိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဖျား ဆုံသည့် နေရာတွင် “ဝမ်းတောင်တန်း” ရှိ၍ ၅၅၂၄ ပေမြင့်သည်။ ကရင်ပြည်နယ်၏ အရှေ့ဘက်နယ်နိမိတ်တစ်လျှောက်တွင် “ဒေါနတောင်တန်း” သည် တောင်မြောက်တန်းလျက် တည်ရှိ သည်။ ယင်းတောင်တန်းသည် ၆၈၂၂ ပေမြင့်သည်။ ကရင် ပြည်နယ်၏ အနောက်ဘက် တောင်တန်းနယ်နိမိတ်တွင် ]]တောင်ညိုတောင်တန်း}} တည်ရှိပြီး ၄၂၅၉ ပေမြင့်သည်။
မြစ်ချောင်းများ
တောင်တန်းများတည်ရှိနေပုံကိုလိုက်၍ ကရင်ပြည်နယ် အတွင်း မြစ်ချောင်းများသည် တောင်မြောက်စီးဆင်းလျက်ရှိပြီး အဓိကမြစ်မှာ “သံလွင်မြစ်” ဖြစ်၍ ကရင်ပြည်နယ်နှင့် ကယား ပြည်နယ်တို့၏ အရှေ့ဘက်အဖျား၌ ဆုံတွေ့ ကြသည်။ ယင်းမြစ် သည် “ကော့လူဒို” အနီးမှ တောင်ဘက် “မောလောခိ” အထိ ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ်အကြား နယ်နိမိတ်အဖြစ် စီးဆင်းလျက်ရှိသည်။ ကရင်ပြည်နယ်၏ မြောက်ပိုင်းတွင် မြစ်ဖျားခံလျက် သံလွင်မြစ်အတွင်းသို့ စီးဝင်သော ထင်ရှား သည့် မြစ်ချောင်းများမှာ မက်သလောက်၊ ယွန်းစလင်း၊ ထီးခိုင် နှင့် ဒုံသမိမြစ်ဖျားဖြစ်ကြပြီး တောင်ဘက်မှစီးဝင်သော သံလွင် မြစ်၏ မြစ်လက်တက်များမှာ သောင်ရင်း၊ ဟောင်သရော သို့မဟုတ် လှိုင်းနှင့် ဇမိ သို့မဟုတ် ဝင်းယော် သို့မဟုတ် အတ္ထရံ မြစ်များ ဖြစ်သည်။ ယင်းမြစ်ချောင်းများအားလုံးသည် တစ်နှစ် ပတ်လုံးရေရရှိသဖြင့် ကရင်တိုင်းရင်းသားများအတွက် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အရေးပါလှသည်။
ကရင်ပြည်နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိ၍ အမြဲစိမ်းသစ်တောများ ပေါက်ရောက်လျက်ရှိသည်။ ကရင် ပြည်နယ်၏ မြေသားများမှာ အများအားဖြင့် သက်ရင့်အနည် ကျကျောက်မြေနှင့် သက်ရင့်မြေမာဖြစ်သော သလင်းရောင် ကျောက်မြေများဖြစ်ရာ တောင်ညိုတောင်၏ အရှေ့ဘက်၌ သံဖြူသတ္တုများ၊ ပြည်နယ်၏ အနောက်ဘက်စွန်းဖြစ်သော သဗြုနယ်၌ ခနောက်စိမ်းသတ္တုများ၊ သောင်ရင်းဒေသ၌ သံနှင့် ကျောက်မီးသွေး၊ ကြာအင်းနယ် မိဂသတ်ချောင်းတွင် ကြေးနီ သတ္တု၊ ဒေါနတောင်တန်း၌ သံဖြူနှင့် အဖြိုက်နက်သတ္တုများ၊ ဖာပွန်နယ်၌ သံနှင့် ခဲသတ္တုများ အစရှိသဖြင့် ထွက်ရှိသည်။
ကရင်ပြည်နယ်ဖြစ်ပေါ်လာပုံ
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်နယ်နှင့် တိုင်းများ ဖွဲ့စည်းတည်ထောင်ရာတွင် ကရင်လူမျိုးများနေထိုင် သော ဒေသများကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ရန် ပါလီမန် ၌ ထည့်သွင်းစဉ်းစားလာကြပြီး ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေ-၆၂ အရ သံလွင်ခရိုင် ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် ဦးစွာသတ်မှတ် ဖွဲ့စည်း ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ် ကရင်ပြည်နယ် တိုးချဲ့သတ်မှတ် ရေး အက်ဥပဒေ-၁၄ အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသ ဖြစ်သော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်မြို့နယ်တို့ကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့် တိုးချဲ့ သတ်မှတ်ခဲ့သည်။ တစ်ဖန် ၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် မြဝတီမြို့ကို မြို့နယ်တစ်ခုအဖြစ်သတ်မှတ်ပြီး ကရင်ပြည်နယ်ကို ဘားအံ မြို့နယ်၊ ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ သံတောင်မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်၊ မြို့နယ်ပေါင်း ခုနစ်မြို့နယ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ သံလွင်ခရိုင် ကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ရန် ၁၉၅၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသော နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင် ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်ကစတင်ပြီး ကရင်ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်။
ကရင်ဟူသောဝေါဟာရ
တောင်တန်းများ၊ မြစ်ချောင်းများ၊ သစ်တောမြေများ၊သတ္တုမျိုးစုံပေါကြွယ်လှသော ကရင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိကြသည့် ကရင်တိုင်းရင်းသားများသည် ပင်ကိုသဘာဝမှာ အေးချမ်းရိုးသားကြသည်။ “ကရင်” ဟူသော ဝေါဟာရသည်ပင်လျှင် စဝှော် (စကော)၊ ရှို (ပိုး) ဘွဲအမျိုးသားအပေါင်းတို့ကို ခြုံ၍ခေါ် ခြင်းဖြစ်သည်။ ထို့ကြောင့် စဝှော် (စကော)ကရင်တိုင်းရင်းသားတို့သည် မိမိတို့ကိုယ်ကိုမိမိတို့ “ပွာကညော” ဟူ၍ လည်းကောင်း၊ ရှို (ပိုး) ကရင်တိုင်းရင်းသားတို့သည်မိမိတို့ကိုယ်ကိုမိမိတို့ “ ဖ္လုံ” ဟူ၍လည်းကောင်း အသီးသီး ခေါ်ဆိုကြသည်။ ကရင်လူမျိုးတို့သည် တိဘက်-မြန်မာစကားအုပ်စုဝင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ အေဒီခုနစ်ရာစုသို့မဟုတ် ရှစ်ရာစုအတွင်းက တောင်ငူအရှေ့ဘက်မှ တစိမ့်စိမ့်ဝင်ရောက်ခဲ့ကြပြီး အနောက် ဘက်တွင် တောင်ငူ-ရွှေကျင်လမ်းကြောင်းအတိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ဧရာဝတီမြစ် အနောက်ဘက် မင်းဘူးနှင့် ပြည်မြို့အနောက်ဘက်ရွှေဘုံသာဘုရားအနီး စကြပ်ကျွန်းတွင် နေထိုင်သကဲ့သို့ တောင်ဘက်တွင် ဖာပွန်သံလွင်မြစ်ကြောင်းအတိုင်း မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းမြောင် ဒေသတစ်လျှောက်ပျံ့နှံ့နေထိုင်ကြသည်။ ကရင်တိုင်းရင်းသားများသည် နေထိုင်ရာဒေသကိုလိုက်၍ တောင်ပိုင်းကရင်နှင့် မြောက်ပိုင်းကရင်ဟူ၍သတ်မှတ်ထားရာ “ဘွဲ” သည် မြောက်ပိုင်းကရင်တိုင်းရင်းသား များဖြစ်ကြပြီး ရှို(ပိုး) နှင့် စဝှော် (စကော) တို့သည် တောင်ပိုင်းကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။ ထို့အပြင် စစ်တောင်းမြစ်အရှေ့ဘက်ရှိ ကရင်တို့ကို အရှေ့ကရင်တိုင်းရင်းသားများဟု ခေါ်ပြီး စစ်တောင်းမြစ် အနောက်ဘက်ရှိ ကရင်တို့ကို အနောက်ကရင်တိုင်းရင်းသားများဟု ခေါ်ဆိုကြသည်။
အထူးသဖြင့် စဝှော်(စကော)ကရင်တိုင်းရင်းသားတို့တွင် စဝှော်(စကော)၊ ပကူး၊ မောနေပွာ၊ တလေပွာအုပ်စုများပါဝင်ပြီး စဝှော်(စကော)အုပ်စုကို အရှေ့စဝှော်(စကော)နှင့် အနောက် စဝှော်(စကော)၊ မြစ်ဝကျွန်းပေါ်စဝှော်(စကော)ဟူ၍ ထပ်မံ ခွဲခြားထားသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်နှင့် ရှစ်မိုင်ကျော်ကွာဝေးသော သံတောင် မြို့နယ် (ယခု သံတောင်ကြီးမြို့နယ်)၌ မိုပွာကရင်တိုင်းရင်းသား အုပ်စုများ နေထိုင်ကြပြီး ဘွဲမျိုးကွဲ၌ ဘွဲနှင့် ဖလချီး ကရင် တိုင်းရင်းသားတို့လည်း ရှိကြသည်။ ဘွဲကရင်တိုင်းရင်းသားများ သည် သံတောင်မြို့နယ် (သံတောင်ကြီးမြို့နယ်)အတွင်းရှိ တောင်ပေါ်ဒေသတစ်လျှောက် နေထိုင်ကြသကဲ့သို့ ပလချီး ကရင်တိုင်းရင်းသားများသည် သံတောင်မြို့နယ်ရှိ ခဲဖြူတိုက် ပလေချောင်း(ပသိချောင်း)ဖျားခံရာ အရပ်ဒေသရှိ ပလချီး၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ တောပြာကြီး၊ ငွေတောင်ကြီး၊ ငွေတောင်ကလေးကျေးရွာများ၌ နေထိုင်ကြသည်။
ကရင်နှစ်သစ်ကူးနေ့သတ်မှတ်ခြင်း
ကရင်နှစ်သစ်ကူးနေ့နှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ၁၉၃၄ ခုနှစ် ဗြိတိသျှလက်အောက် ပါလီမန်တွင် ကရင်အမျိုးသားပါလီမန်အမတ် “စောဂျွန်ဆင် ဒီဖိုးမင်း” က ကရင်နှစ်ဆန်း ၁ ရက်နေ့တွင် အသိအမှတ်ပြုရန် အတွက် ကရင်လူမျိုးတို့၏ ရှေးယဉ်ကျေးမှုများကို လေ့လာကာ နှစ်ဆန်း ၁ ရက်ကို “သလေလဆန်း ၁ ရက်” မြန်မာပြာသို လဆန်း ၁ ရက်နှင့် တိုက်ဆိုင်သည်ဟု အဆိုပြုတင်ပြခဲ့ရာ ပါလီမန်က သဘောတူဆုံးဖြတ်ချက်များ ချမှတ်ခဲ့သဖြင့် ခရစ်နှစ် ၁၉၃၇ ခုနှစ်မှစ၍ ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင် နှစ်သစ်မင်္ဂလာနေ့အဖြစ် ရုံးပိတ်ရက် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ “သလေ” ၏ အဓိပ္ပာယ်မှာ “လွတ်လပ်ခြင်း” ဖြစ်သည်။ တစ်နှစ်တာကာလပတ်လုံး ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ရသော လုပ်ငန်းများ သိမ်းပြီးချိန် အားလပ်ချိန်ဖြစ်၍ တောင်ပေါ်ဒေသ နေ ကရင်တိုင်းရင်းသား တိုင်းရင်းသူများ လွတ်လွတ်လပ်လပ် ပျော်မဆုံးသောလပင် ဖြစ်သည်။ ရှေ့လာမည့်နှစ်အတွက် တောင်ယာစိုက်ခင်းသစ်များ ရှာဖွေခြင်း၊ အိမ်သစ်ဆောက်ခြင်း၊ အိမ်ထောင်ပြုခြင်း စသည်တို့ကို ဆောင်ရွက်ပြီး အရှောင်ကင်းမဲ့ သော လပင်ဖြစ်သည်ဟူ၍ သတ်မှတ်ကြသည်။ ၁၉၃၄ ခုနှစ်မှ စ၍ ကရင်သက္ကရာဇ် ၂၆၇၃ ခုနှစ်ဟု သတ်မှတ်ကာ နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့ရောက်တိုင်း ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများ ကျင်းပခဲ့ရာ ယခုနှစ်တွင် ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်ရှိပြီဖြစ်သည်။
ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပပုံ
ကရင်နှစ်သစ်ကူးနေ့ရောက်တိုင်း ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ အထူးသဖြင့် ကရင်ပြည်နယ် ဘားအံခရိုင်ရှိ သံတောင်ကြီးမြို့နယ်၌ ကရင် နှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပပုံမှာ ထူးခြားလှသည်။ ကရင်နှစ်သစ်ကူးနေ့ကျရောက်မည့် အချိန်မတိုင်မီ ည ၁၂ နာရီ ထိုးသည်နှင့်တစ်ပြိုင်နက် အိမ်တိုင်းမှ တူမီးသေနတ်များ မိုးထက်ဆီသို့ ပစ်ဖောက်ကာ နှစ်သစ်ကူးနေ့ကို ကြိုဆိုကြ သည်။ သံတောင်ကြီးမြို့နယ် သံတောင်မြို့တွင် နှစ်သစ်ကူးနေ့ အခမ်းအနားကို ပသိချောင်းနံဘေး၌ ပြုလုပ်၍ ပသိချောင်း နံဘေးတွင် တံခွန်တိုင်စိုက်ထူမည့်နေရာ နှစ်နေရာနှင့် ကရင် အမျိုးသားအလံတိုင်တစ်နေရာ ပြုလုပ်ထားသည်။ တံခွန်တိုင် ကို တံခွန်တိုင် အဖိုနှင့် တံခွန်တိုင် အမဟူ၍ နှစ်မျိုးခွဲခြား ထားသည်။
တံခွန်တိုင်အဖိုကို ပြုလုပ်ရာ၌ ဝါးပိုးဝါးအရင်းမှ အဖျား အထိ မကျိုးမပဲ့ခုတ်ရသည်။ ဝါးရွက်များ သင်ပစ်ပြီးနောက် ဝါးပိုးဝါး၏ အလယ်တွင် ဝါးနှစ်ချောင်းကို သပ်လျှိုရသည်။ ကြက်ခြေခတ်ပုံမျိုးဖြစ်သည်။ ယင်းကြက်ခြေခတ်၏ အပေါ်ပိုင်း ကို အဖျားပိုင်း၊ အောက်ပိုင်းကို အရင်းပိုင်းဟု မှတ်သားကြသည်။ တံခွန်တိုင်အဖို၏ အဖျားပိုင်းတစ်ခုလုံးကို နှီးဖျာကြီးများဖြင့် ငါးအရိုးပုံသ္ဌာန် ရက်လုပ်ကြသည်။ ရှေးကရင်တိုင်းရင်းသား လူကြီးများက တံခွန်တိုင်အဖို၏ အလယ်၌ ကြက်ခြေခတ်ထားသောဝါးလေးဖက်သည် အရပ်လေးမျက်နှာတွင်ရှိကြသော နတ်သိကြားတို့ကို ရည်ရွယ်၍ ပူဇော်ခြင်းဖြစ်ကြောင်း ပြောဆို လေ့ရှိသည်။ တံခွန်တိုင်အမကို ပြုလုပ်ရာတွင် ဝါးပိုးဝါးတစ်ခုလုံး ကို မယူဘဲ ဝါးပိုးဝါးတစ်ဝက်ဖြတ်၍ အောက်ပိုင်းကို သုံးကြ သည်။ ဝါး၏ထိပ်ပိုင်းကို ခြင်းကြားကြီးသ္ဌာန် ရက်လုပ်သည်။ ထိုကဲ့သို့ ရက်လုပ်ထားခြင်းမှာ နတ်သိကြားများက ပေးလာမည့် ဆုမွန်ကောင်းများ ခံယူရန်ဖြစ်ကြောင်း ရှေးကရင်တိုင်းရင်းသား လူကြီးများက ဆိုသည်။
ယင်းကဲ့သို့ တံခွန်တိုင်အဖိုနှင့် အမတို့ကို နှစ်သစ်ကူးနေ့ ကျင်းပမည့်နေရာသို့ ကရင်တိုင်းရင်းသားလူငယ် အမျိုးသား အမျိုးသမီးများက ပျော်ပျော်ပါးပါး စုပေါင်းသယ်ယူလာကြပြီး သတ်မှတ်ထားသောနေရာတွင် ဝိုင်းဝန်းစိုက်ထူကြသည်။ ကရင်တိုင်းရင်းသားများသည် တံခွန်တိုင်အဖိုကို စိုက်ထူရာတွင် အထူးသတိထားလေ့ရှိသည်။ ယင်းတံခွန်တိုင်အဖိုကို စိုက်ထူ ပြီးနောက် တံခွန်တိုင်အဖို၏ အဖျားမှာ အရှေ့ဘက်နှင့် မြောက် ဘက်သို့ ကိုင်းòတ်ပါက နယ်မြေဒေသတစ်ခုလုံး အေးချမ်း သာယာပြီး ဆန်ရေစပါး ပေါများ၍ တောင်ဘက်နှင့် အနောက် ဘက်သို့ ကိုင်းòတ်ခဲ့ပါလျှင် နယ်မြေဒေသတစ်ခုလုံး ဆန်ရေ စပါး ရှားပါးကာ ဘေးဒုက္ခအသွယ်သွယ် ကျရောက်တတ်ကြောင်း ရှေးလူကြီးများက ဆိုထားကြသည်။ ထို့နောက် တံခွန်တိုင်အဖို စိုက်ထူပြီးသည်နှင့် တူမီးသေနတ်ကိုးလက်ဖြင့် ပစ်ဖောက်ကြ သည်။ ထိုသို့ တံခွန်တိုင်အဖိုနှင့် အမတို့ကို စိုက်ထူပြီးသည့်အခါ နံနက်မိုးသောက် အရုဏ်တက်လာပြီဖြစ်၍ နှစ်သစ်ကူးနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးသည် အလံ တိုင်ရှေ့ ၌ နေရာယူကြရင်း ကရင်အမျိုးသားသီချင်းကို သံပြိုင် သီဆိုစဉ်မှာပင် ကရင်အမျိုးသားသီချင်းနှင့်အတူ ကရင်အမျိုး သားအလံကို လွှင့်တင်လိုက်သည်။ မြူနှင်းများဖြင့် လွှမ်းခြုံထား သော ကွင်းအတွင်း တူမီးသေနတ်သံများ ဖုံးလွှမ်းသွားပြီး နှစ်သစ်ကူးနေ့ကို ကရင်အမျိုးသားသီချင်းများဖြင့် ကြိုဆိုနေ ကြသည့်မြင်ကွင်းမှာ ပျော်ရွှင်ကြည်နူး ထူးခြားလှသည်။
ထို့နောက် နှစ်သစ်ကူးနေ့အခမ်းအနားပြုလုပ်နေသော ကွင်းပြင်မှာပင် လူထုအစည်းအဝေးကျင်းပပြီး ကောက်သစ် စားပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ကရင်ယဉ်ကျေးမှု ပဒေသာကပွဲ များကို ပျော်ပျော်ပါးပါး ပြုလုပ်ကြသည်။ ယင်းကဲ့သို့ ကရင် နှစ်သစ်ကူးနေ့ကို ပျော်ရွှင်စွာဆင်နွှဲနိုင်ပြီး ကရင်ပြည်နယ်ကြီး တစ်ခုလုံး ငြိမ်းချမ်းတည်ငြိမ်မှုရှိနေခြင်းမှာ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် လက်နက် ကိုင်အဖွဲ့အစည်းအားလုံးက နိုင်ငံတော်အစိုးရဦးဆောင်မှုနှင့် အတူ ကရင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ်လက်တွဲလာမှုနှင့် ဖွံ့ ဖြိုးရေးလုပ်ငန်းများမှာ အမြော် အမြင်ရှိရှိ တက်ကြွစွာ ပါဝင်ဆောင်ရွက်လာမှုများကြောင့်ပင်ဖြစ်သည်။
ထာဝရငြိမ်းချမ်းသည့် လူ့ဘောင်သစ်တစ်ရပ်လက်တွဲထူထောင်
နိုင်ငံတော်အစိုးရသစ်အနေဖြင့် စတင်တာဝန်ယူချိန်ကတည်းက ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလေးထားဆောင်ရွက်ခဲ့ပြီး အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ အစည်းအဝေးများကို သုံးကြိမ်တိုင် ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အခြေခံမူ ၅၁ ချက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ကရင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းခိုင်မာသော ထာဝရ ငြိမ်းချမ်းသည့် လူ့ဘောင်သစ်တစ်ရပ်ကို ထူထောင်လျက် ရှိရာ ကရင်တိုင်းရင်းသားအားလုံးတို့သည် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှုနှင့် စာနာမှုတို့ဖြင့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကို လက်တွဲထူထောင်ကြရမည်ဖြစ် ပါကြောင်း ၂၇၅၈ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုရေးသား လိုက်ပါသည်။ ။