ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အရိုးအစားထိုးကုသတဲ့ပစ္စည်း ထုတ်လုပ်ရာမှာ စွန့်ပစ်ကြတဲ့ ကြက်ဥအခွံကနေ ဖန်တီးတဲ့နည်းလမ်းကို အိန္ဒိယသုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေက I-tricalcium phosphate (I-TCP) လို အရိုးအစားထိုးပစ္စည်းတွေကို အဆိပ်အတောက်ရှိတဲ့ဓာတုပစ္စည်းတွေ မသုံးဘဲ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေတာပါ။

ကြက်ဥခွံဟာ သတ္တုဓာတ်ပါတဲ့ကယ်လ်စီယမ် အများဆုံး(၉၅.၁ ရာခိုင်နှုန်း) ပါဝင်တဲ့အပြင် ပရိုတင်းနဲ့ ရေဓာတ်အနည်းငယ်လည်းပါဝင်ပါတယ်။

အရိုးပျက်စီးမှုတွေကိုကုသဖို့ အရိုးဆက်အစားထိုးပစ္စည်းတွေသုံးခဲ့တာ ကြာပါပြီ။ ကြက်ဥခွံကရတဲ့ ကယ်လ်စီယမ်ကို ညောင်ပင်ရဲ့အစေးနဲ့ ပေါင်းစပ်ပြီး အရိုးအစားထိုးပစ္စည်းဖန်တီးပါတယ်။

ကနေ့ခေတ်ဆေးပညာမှာ လူနာ သို့မဟုတ် အလှူရှင်ဆီက အရိုးကို Plaster of Paris လို ကယ်လ်စီယမ်ပါဝင်တဲ့ အတုပစ္စည်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရိုးတွေကို အစားထိုးကုသပါတယ်။

နောက်ပိုင်းတော့ hydroxyapatite နဲ့ calcium phosphate တို့လို ဖော့စဖိတ်ဒြပ်ပေါင်းတွေကို သုံးကြပါတယ်။

၁၆၆၈ ခုနှစ်မှာ ဒတ်ချ်လူမျိုးဆရာဝန် Van Meek’ren က အစောဆုံးမှတ်တမ်းဝင် အရိုးအစားထိုးကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက အရိုးအစားထိုးကုသမှုပေါင်း ၅၀ ကျော်ကို စမ်းသပ်ကုသခဲ့ပြီးဖြစ်ပါတယ်။

ဒီလေ့လာမှုကို Indian Institute of Technology (IIT)၊ National institute of Technology တို့မှ သုတေသီတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့တွေ့ရှိချက်ရလဒ်ကို ၂၀၁၉ မတ်လထုတ် Ceramics International ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဓာတုပစ္စည်းတွေသုံးပြီး အစားထိုးကုသမှုအတုပစ္စည်းတွေ ပြုလုပ်ရာမှာ တွေဝေနေရတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြီးအပြတ်မဖယ်ရှားနိုင်ရင် အဆိပ်အတောက်ဖြစ်စေနိုင်မယ့် ဓာတုအကြွင်းအကျန်တွေ ရှိနေတတ်တာကြောင့်ပါ။ ဥပမာ I-tricalcium phosphate (I-TCP) ကို ပြုလုပ်တဲ့အခါ နိုက်ထရိတ်ဒြပ်ပေါင်းတွေသုံးပြီး ပေါင်းစပ်ဖန်တီးရတယ်။ အကြွင်းအကျန်တွေရှိမယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ သုတေသီတစ်ဦးကပြောပါတယ်။

ကြက်ဥခွံကနေပြုလုပ်တဲ့ ဇီဝပစ္စည်းကဆိုရင် သူ့မှာသဘာဝအလျောက်ပါပြီးသား ဇီဝပစ္စည်းတွေ၊ ion တွေရှိနေတာကြောင့် တခြားအတုပစ္စည်းတွေထက် ပိုဘေးကင်းတယ်။ နောက်ပြီး အကုန်အကျသက်သာတယ်။ ကမ္ဘာတလွှားမှာ စွန့်ပစ်နေကြတဲ့ ကြက်ဥခွံပေါင်း တန်ချိန်သန်းပေါင်းများစွာရှိနေတော့ အရေအတွက်ကလည်း အကန့်အသတ်မရှိ ရနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”