မောင်မောင်(လျှပ်စစ်)


မိုးရာသီရောက်တိုင်း မြန်မာပြည်တစ်ဝန်း ရေကြီးရေလျှံသည့် သဘာဝအန္တရာယ် “ရေဘေးဒုက္ခ”ကို ခံကြရသည်မှာ နှစ်စဉ်လိုလို ဖြစ်ပါသည်။ မြစ်များ၊ ချောင်းများနှင့်နီးသော နေရာဒေသများ၌ မြစ်ရေ၊ ချောင်းရေတိုး၍ ရေကြီးရေလျှံဖြစ်ရသလို မြစ်များ၊ ချောင်းများမရှိသော်လည်း မြစ်များ၊ ချောင်းများနှင့် ဝေးသော်လည်း မိုးသည်းထန်စွာရွာ၍ ရေကြီးရေလျှံဖြစ်ရသည့် နေရာ ဒေသများလည်း ရှိပေသည်။

စီစဉ်ဆောင်ရွက်
မြန်မာနိုင်ငံ၌ နွေရာသီတွင် မီးဘေးအန္တရာယ်စိုးရိမ်ကြရပြီး မီးဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်ကြသလို မိုးရာသီ ရောက်လာပါက ရေဘေး၊ လေဘေးတို့ကို စိုးရိမ်ပူပန်ကြရ ပြန်ပါသည်။ သဘာဝဘေးအန္တရာယ်များကို တားဆီး၍မရသော်လည်း ကြိုတင်ကာကွယ်မှု၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ကြခြင်းဖြင့် ထိခိုက်ပျက်စီးမှု နည်းပါးပြီး လူတို့၏ အသက်၊ စည်းစိမ်၊ ဥစ္စာတို့ကိုကာကွယ်စောင့်ရှောက်ရာ ရောက်ပါသည်။

သို့ဖြစ်၍လည်း နိုင်ငံတော်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများက နှစ်စဉ်ကြုံတွေ့နေကျ သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ပြန်လည်နေရာ ချထားရေးကိစ္စတို့ကို ကြိုတင်စီစဉ် ဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးတို့အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရာသီဥတု သတင်းများကို အရေးကြီးလျှင်ကြီးသလို ကြိုတင်အသိပေး ကြေညာခြင်းများကို သတိရှိရှိဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ယခုရက်ပိုင်းအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ရေကြီးရေလျှံခြင်းကြောင့် ရေဘေးသင့်ပြည်သူများ ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေး စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်ကြရသည့် သတင်းများ ကို ကြေးမုံသတင်းစာတွင် ဖတ်ရှုရသည်။

အသိပေးလေ့ရှိ
သို့ဖြစ်၍လည်း စာရေးသူအနေဖြင့် အခါအားလျော်စွာ လျှပ်စစ်နှင့် ပတ်သက်သည့် ဗဟုသုတများ၊ လျှပ်စစ်အ္တရာယ်များကို လက်လှမ်းမီသရွေ့ ရေးသားအသိပေးလေ့ရှိရာ ယခုကဲ့သို့ ရေကြီးရေလျှံ ဖြစ်ပေါ်နေသော အချိန်ကာလဝယ် ဖြစ်ပေါ် နိုင်ဖွယ်ရာရှိသော လျှပ်စစ်အန္တရာယ်များကို ရေဘေးသင့်ဒေသရှိ ပြည်သူများ သိရှိရှောင်ရှား ကာကွယ်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ယခုကဲ့သို့ ရေကြီးရေလျှံချိန်၌ ဖြစ်ပွားခဲ့သော ကြေးမုံသတင်းစာပါ ဓာတ်လိုက်မှုများကို ရှာဖွေရေးသား သတိပေးလိုပါသည်။

၂၀၁၆ ခုနှစ် ဩဂုတ် ၃ ရက်က ဧရာဝတီ မြစ်ရေကြီးပြီး ပခုက္ကူမြို့နယ် ဖိုကုန်းကျေးရွာနေ မမြင့်မြင့်ခိုင် နေအိမ်ဝင်းအတွင်း ဧရာဝတီမြစ်ရေအနက် တစ်ပေခွဲခန့် ဝင်ရောက်နေချိန် ၎င်း၏နေအိမ် နောက်ဖေးရှိ လမ်းမီးတိုင်မှ ပြတ်ကျနေသော လိုင်းမီးကြိုး (ဓာတ်ကြိုး)မှာ အမြင့်ငါးပေခန့်ရှိ နောက်ဖေးခြံစည်းရိုး ဝင်းထရံပေါ် ကျနေကြောင်း၊ မမြင့်မြင့်ခိုင်က အိမ်နောက် ဖေးမှအပြင်သို့ ထွက်စဉ် ပြတ်ကျနေသော လိုင်းမီးကြိုးကို ကိုင်မိရာမှ ဓာတ်လိုက်ပြီး ရေထဲပြုတ်ကျ သေဆုံးသွားရပါသည်။

အလားတူ ၂၀၁၆ ခုနှစ် ဩဂုတ် ၄ ရက်ညနေပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပန်းတောင်းမြို့နယ်အတွင်း ကြခတ်ရပ်ကွက်၌ ရေငါးပေခန့် မြင့်တက်နေသောနေရာရှိ နေအိမ်တစ်အိမ်၌ အိမ်အောက်ထပ်ရှိ လျှပ်စစ်မီးပလပ်ခုံမှာ ရေထိလုနီးပါး ဖြစ်နေ၍ အိမ်ရှင်အမျိုးသမီးက မီးပလပ်ခုံကို ရေလွတ်ရာသို့ ပြောင်းရွှေ့ရန် ဖြုတ်ယူကြောင်း၊ ဖြုတ်ရာ၌ မိန်းခလုတ် မပိတ်ဘဲဖြုတ်ရာ လျှပ်စစ်ဓာတ်အား ရှိနေ၍ ပလပ်ခုံကိုင်လျက် ဓာတ်လိုက်နေစဉ် အိမ်နီးချင်းများက မိန်းခလုတ်ပိတ်မှသာ လူနှင့် ပလပ်ခုံလွတ်သွားပြီး လူကအောက်သို့ ပြုတ်ကျကြောင်း၊ သို့ရာတွင် ဆေးရုံမရောက်မီ လမ်း၌ သေဆုံးသွားပါသည်။

ထိုနှစ် ဩဂုတ် ၇ ရက် ညနေပိုင်းကလည်း မကွေတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းရွာ စက်တန်းရပ်ကွက်နေ ဦးသိန်းထွန်းသည် ဓာတ်တိုင်မှ ၎င်း၏နေအိမ်သို့ သွယ်တန်းထားသည့် ဆားဗစ်ဝိုင်ယာ (လျှပ်စစ်ဓာတ်ကြိုး) လျော့ကျ (အိကျ)နေ၍ အနီးရှိ ကုက္ကိုပင်ပေါ်သို့တင်ရန် ဓာတ်ကြိုးကို ကောက်ကိုင်ရာမှ ဓာတ်လိုက်သေဆုံးသွားရပြန်သည်။ ကဲ ဘယ်လောက် အန္တရာယ်များလဲ၊ လျှပ်စစ်ဆိုတာ ပေါ့လို့မရဘူးဗျ။ သတိတစ်ချက်လွတ်တာနဲ့ ခံရပြီသာ မှတ်ပေတော့။ ဓာတ်လိုက်မှု သုံးခုက ၂၀၁၆ ခုနှစ် ဩဂုတ်လမှာဖြစ်တဲ ဓာတ်လိုက်မှုသတင်းပါ။

အိုးကမပူ၊ စလောင်းက ပူတယ်လို့တော့ မထင်ကြပါနဲ့။ စာရေးသူက မြန်မာပြည်သူ ပြည်သားတွေ၊ လူသား အရင်းအမြစ်တွေ လျှပ်စစ်ကြောင့် အန္တရာယ်ဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုမရှိရအောင် အစဉ်တစိုက် သတိပေး ရေးသားနေသူ၊ အခါအားလျော်စွာ လျှပ်စစ်အန္တရာယ် ပညာပေးဟော ပြောနေသူဖြစ်၍ ရေဘေးကယ်ဆယ်ရေး စခန်းက မိမိတို့ နေအိမ်ပြန်ကြသူတွေ အနက်၂၀၁၅ ခုနှစ်က ရေဘေးလွတ်လို့ အိမ်အပြန် စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ရတဲ့သတင်းများကို ကြားသိနေရပါသည်။

သို့ဖြစ်ပါ၍ မိမိတို့အိမ်သွယ် ဆားဗစ်ကြိုးပေါ်သို့ ဖြစ်စေ၊ မိမိတို့ပတ်ဝန်းကျင်ရှိ ကောင်း ကင်ဓာတ်အားလိုင်းသို့ဖြစ်စေ၊ သစ်ပင်၊ သစ်ကိုင်းများလဲနေခြင်း၊ တင်နေခြင်းတို့ကို တွေ့ရှိလျှင် အိမ်သွယ်ဆားဗစ်ကြိုး၊ ကောင်းကင် ဓာတ်အားလိုင်းကြိုးတို့ ပြတ်ကျနေသည်ကို တွေ့လျှင် ရေစိုနေသော ဝါးလုံး၊ ရေစိုနေသော တုတ်၊ သံချောင်း၊ သံပိုက်လုံးတို့ဖြင် ထိုးချခြင်း၊ ရိုက်ချခြင်း၊ ဖယ်ရှားခြင်း မပြုလုပ်ပါနှင့်။ သက်ဆိုင်ရာ လျှပ်စစ်ရုံးသို့ အမြန်သတင်းပို့ပါက သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများက ဓာတ်အားပိတ်၍ လာရောက် ရှင်းလင်းဖယ်ရှားပေးမည် ဖြစ်ပါသည်။ 

မိုးသည်းထန်စွာ ရွာသွန်း၍ဖြစ်စေ၊ မြစ်ရေကြီး၍ဖြစ်စေ၊ ထူးကဲဒီရေ တက်၍ဖြစ်စေ၊ မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မိမိတို့ နေထိုင်ရာလမ်းတွင် ခါတိုင်းထက်ထူးကဲပြီး လမ်းပေါ်သာမက နေအိမ်များသို့ ရေဝင်ရောက်လာပါက မိမိတို့အိမ်ရှိ လျှပ်စစ် မီးခလုတ်ကို ပိတ်ထားပါ။ ထိုအချိန်အခါ၌ လျှပ်စစ်ဓာတ်အားအသုံး မပြုကြပါနှင့်။ မိမိတို့နှင့် သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ အခြေအနေအရပ်ရပ်ကို အချိန်မဆွဲဘဲ အမြန်ဆက်သွယ် သတင်းပေးပို့ပါရန် လိုအပ်ပါသည်။ သို့မှသာ မြို့နယ် လျှပ်စစ်မန်နေဂျာရုံးများက သိရှိပြီး ဓာတ်လိုက်မှု အန္တရာယ်ကင်းရှင်းစေရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

သတိထားကြရန်လို
စင်စစ် လျှပ်စစ်ဓာတ်အားသည် ရေတွင်ဖြတ်သန်း စီးဝင်နိုင်၍ ဓာတ်လိုက်နိုင်သလို ရေကြီးရေလျှံချိန်၌ ရေနှင့်အတူ မျောပါလာသော မြွေဆိုး၊ အဆိပ်ရှိသော မြွေတို့၏ အန္တရာယ်လည်းရှိသဖြင့် သတိထားကြရန် လိုအပ်ပါသည်။

ရေဘေးသင့်ပြည်သူတို့ကလည်း မိမိတို့နေအိမ် ရေနစ်မြုပ်ပါက လျှပ်စစ်မိန်းခလုတ်ကို ပိတ်၍ လျှပ်စစ်ဓာတ်အား ဖြတ်ထားရန် လိုအပ်ပါသည်။ နေအိမ်ကို စွန့်ခွာ၍သွားရပါကလည်း အိမ်ရှိ မိန်းခလုတ်ကို ပိတ်သွားကြပါ။

ရေဘေးသင့်ဒေသများ ရေပြန်ကျသွား၍ မိမိတို့နေအိမ်ကို ပြန်ကြသူများအနေဖြင့် ညရေး၊ ညတာ သွားလာကြရာတွင် လက်နှိပ်ဓာတ်မီးကို မဖြစ်မနေ ယူဆောင်သွားသင့်ပါသည်။ ယူဆောင်သွားသော လက်နှိပ်ဓာတ်မီးများဖြင့် ပြတ်ကျနေသော ဓာတ်ကြိုးများ၊ အိကျနေသော ဓာတ်ကြိုးများနှင့် မြွေများ၊ ကင်းများ၊ ရေနှင့် အတူပါလာတတ်သော အဆိပ်ရှိ သတ္တဝါများကို မြင်အောင်ကြည့်၊ လွတ်အောင်ရှောင်၍ ရေကြီးလေတိုင်း ဝိုင်းဝိုင်းလည်နေသော သင့်ပတ်ဝန်းကျင်မှ အန္တရာယ်များ လွတ်ကင်းအောင် ဆင်ခြင်တုံတရားဖြင့် သတိထားရန် လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။