ဒေါက်တာမြင့်မြင့်သန်း(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒေါက်တာဖြူဖြူအေး(ညွှန်ကြားရေးမှူး-ကျောင်းကျန်းမာ)
နိုင်ငံတော်၏ အနာဂတ်ပန်းများ
“ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း...”၊ စာသင်ခန်းများဆီမှ ညီညာသံပြိုင်များက ကျောင်းဖွင့်ပါပြီဟု အသိပေးနေသည်။ ယခုလို မိုးကာလသည် ကျောင်းဖွင့်ရာသီ။ နွေရာသီ ကျောင်းပိတ်ရက် ကုန်ဆုံး၍ စိမ်းလန်းသော မိုးရာသီတွင် စာသင်နှစ်တစ်နှစ်ကို အစပြုမြဲ..။ စိန်ပန်းနီနီ၊ ဖြူစိမ်းလေးများနှင့် ရောင်စုံထီးများ၊ ခေါင်းလောင်းသံ ဆူညံတီးတိုးအသံများနှင့် မုတ်သုံမိုးစက်တို့ ဆွတ်ဖျန်းသောကာလတွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ တို့ စာသင်နှစ်တစ်နှစ်ကို စတင်၍ သက်ဝင်လှုပ်ရှားကြသည်။
ပညာရေးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း အခြေခံပညာ ထက်-လယ်-မူ ကျောင်းပေါင်း လေးသောင်းကျော်တွင် ကျောင်းသားပေါင်း ကိုးသန်းကျော်ကို ပညာသင်ကြားပေးလျက်ရှိပါသည်။ လူဦးရေအနေနှင့်ကြည့်လျှင် လူဦးရေအများဆုံး ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးထက်ပင် ကျော်လွန်များပြားသော ပမာဏဖြစ်၏။ ထိုမျှသာမက မူကြိုကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ တွင်ရှိသော ကျောင်းသားဦးရေကိုပါ ထည့်သွင်းမည်ဆိုပါက နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်မျှရှိသော လူဦးရေပမာဏ ကို ရရှိပေမည်။ လူဦးရေအရ အလွန်ထုထည်ကြီးမားသော ကျောင်းသားလူငယ်ထုကြီး ဖြစ်သည်။ အရေအတွက်သာမက စွမ်းအားကလည်း အနန္တပင်..။ နုနယ်ပျိုမြစ်သော တက်သစ်စအရွယ်၊ လူမှုဘဝ၏ သောကဒုက္ခတို့ အထိုက်အလျောက် ကင်းသော အရွယ်ဖြစ်သည်။ သင်ကြားတတ်မြောက်လိုစိတ်၊ စူးစမ်းလေ့လာ လိုစိတ်နှင့် ကိုယ်တိုင်ပါဝင် လှုပ်ရှားလိုစိတ်တို့ ဖြစ်ပေါ်တတ်သော သဘောရှိသဖြင့် ကျောင်းသား လူငယ်ဘဝအတွက် သဘာဝကပေးသော လက်ဆောင်များဟု ဆိုရမည်ဖြစ်သည်။ ထိုမျှမကပါ၊ နိုင်ငံတော်ကလည်း လူငယ်များကို တန်ဖိုးထားကာ ဦးစားပေးသောခေတ်ဖြစ်လေသည်။
ကျောင်းများကို အခြေပြု၍
“အမျိုးသားယဉ်ကျေးမှုအစ စာသင်ကျောင်းက” ဟု ဆိုကြသည်။ အမျိုးသား ကျန်းမာရေးအစ စာသင်ကျောင်းကဟု ပဲ့တင် လိုက်ချင်ပါသည်။ ငယ်စဉ်ကာလကတည်းက ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို လေ့ကျင့်သင်ကြား ပေးရာတွင် စာသင်ကျောင်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်ကို နိုင်ငံတကာ သုတေသန လေ့လာချက်များက ဖော်ပြထားသည်။ ကျောင်းများကို အခြေပြုသော ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများသည် ငွေကုန်သလောက် ရေတိုရေရှည် တွင် အကျိုးများသည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသင့်သည်ဟု ဆိုကြသည်။ ထို့ကြောင့်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးသည် ၁၉၉၅ ခုနှစ်တွင် ကျောင်းကျန်းမာရေး လုပ်ငန်းများမှတစ်ဆင့် ကျောင်းသား ကျောင်းသူများ၊ ပညာရေး မိသားစုများသာမက ပြည်သူတစ်ရပ်လုံးအား ကျန်းမာမှု အဆင့်မြှင့်တင်ခြင်းနှင့် ကျန်းမာမှုပညာပေးခြင်း လုပ်ငန်းများကို တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရန် Global School Health Initiative တွင် တိုက်တွန်းနှိုးဆော်ခဲ့ခြင်း ဖြစ်ပါသည်။ ကျန်းမာရေး အဆင့်မြှင့်ကျောင်းများ ထူထောင်ခြင်းကို ထိရောက်သော နည်းဗျူဟာအဖြစ် ချမှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံ ကျောင်းသားလူငယ် တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝဟန်ပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေရန်နှင့် ကျန်းမာရေး အဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ပြီး ကျန်းမာရေး အဆင့်မြှင့်ကျောင်းများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။ အဓိက တာဝန်ခံမည့် ဌာနကြီးများ ဖြစ်ကြသော ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှစ်ခုတို့၏ ပူးပေါင်းမှုအင်အားဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။
သို့သော် လုပ်ငန်းများ၏ သဘာဝကိုက “ခုရေတွင်းတူး ခုရေကြည်သောက်” တော့မဖြစ်နိုင်၊ အချိန်ယူရပေမည်။ တစ်ဆင့်ပြီး တစ်ဆင့်တက်ဖို့ရန် မှန်ကန်သော ခြေလှမ်းများဖြင့် ဟန်ချက်ညီညီသွားကြမည်။ အပြန်အလှန် နားလည်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်းတို့ကို အရင်းခံကာတွေ့ဆုံမည်၊ ညှိနှိုင်းမည်၊ လိုအပ်ချက်များကို ပြုပြင်သွားမည်။ တစ်ချိန်မှာ တစ်ခုပဲရရ ...၊ အဲသည်တစ်ခုက ကလေးများ၏ ဘဝရှေ့ရေးအတွက် အကျိုးများလိမ့်မည်။ နိုင်ငံနှင့်ချီသော အနာဂတ် ရည်မှန်းချက်ကြီး အတွက် အစိတ်အပိုင်း သေးသေးလေးတွေက အရင်းခံအကြောင်းတရားများအနေဖြင့် ဆက်စပ်ပတ်သက်နေသည်ကို အမြင်ချင်း ဖလှယ်ကြမည်၊ လက်ရှိအရင်းအမြစ်များကို အသုံးပြုရင်း နောက်ထပ်အရင်းအမြစ်များတိုးပွား အောင်လုပ်ကြရပေဦးမည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံ၏အနာဂတ် မျိုးဆက်သစ်များအတွက် “တို့သားသမီး မြေးမြစ်တွေ အတွက်လို့ နှလုံးသွင်းလိုက်သည်နှင့် နှစ်ကြိမ်ညှိစရာမလို” ။ စေတနာအလိုလို ရှိလာရသည်။ ရှေ့ဆက်လျှောက်မည့် ခရီးသည် တမျှော်တခေါ်..၊ ရှည်လျား၊ ကြမ်းတမ်းမည်..၊ အခက်အခဲများရှိမည်..၊ သို့သော်လည်း တူညီသော စိတ်နှလုံးဖြင့် မဆုတ်မနစ် ဆောင်ရွက်ကြဖို့သာ လိုရင်းဖြစ်မည်ဟု ယုံကြည်ပါသည်။
ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုမှတ်တိုင်များ
- (၁၉၂၁)ခုနှစ်တွင် မြန်မာနိုင်ငံတွင် ကျောင်းကျန်းမာရေးလုပ်ငန်းကို စတင်ဆောင်ရွက်သည်။
- (၁၉၅၁)ခုနှစ် ကလေးသူငယ်ကျန်းမာရေးဌာနနှင့် မြို့ကြီးများတွင် ကျောင်းကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပါသည်။
- (၁၉၇၈-၇၉) ခုနှစ်တွင် ပထမပြည်သူ့ကျန်းမာရေးစီမံချက် စတင်သည်မှ ကျောင်းကျန်းမာရေးလုပ်ငန်းကို အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ကဏ္ဍတစ်ရပ်အဖြစ် ပေါင်းစည်း၍ ဆောင်ရွက်ခဲ့ပါသည်။
- (၂၀ဝဝ)ပြည့်နှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့စွဲဖြင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးမှ ကျောင်းကျန်းမာရေး ဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
- အစိုးရသစ်လက်ထပ်တွင် နိုင်ငံတော်သမ္မတရုံးမှ (၂၀၁၈)ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၁၂/၂၀၁၈ ကို ထုတ်ပြန်ကာ ဗဟိုအဆင့် ကျောင်းကျန်းမာရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။
- (၂၀၁၉)ခုနှစ်၊ ဇွန်လအတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန် အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့သည်။
ကျန်းမာရေးအဆင့်မြှင့်ကျောင်း
ကျောင်းသား ကျောင်းသူများ သင်ယူလေ့လာရန်နှင့် ပညာရေးဝန်ထမ်းများ အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးနှင့် ညီညွတ် သည့် နေရာဌာနတစ်ခုဖြစ်စေရန် အစဉ်အမြဲ ဆောင်ရွက်လျက်ရှိသော ကျောင်းကို ဆိုလိုပါသည်။
ကျန်းမာရေးအဆင့်မြှင့်ကျောင်း၏ လက္ခဏာများ
- ကျောင်း၏လုပ်ပိုင်ခွင့်များ၊ စီမံခန့်ခွဲခွင့်အတိုင်းအတာဖြင့် အသင့်တော်ဆုံး လုပ်ငန်းချဉ်းကပ်မှုပုံစံကို အသုံးပြု၍ ကျန်းမာရေးနှင့် ပညာရေးကို မြှင့်တင်နိုင်ခြင်း
- ကျန်းမာရေးနှင့် ပညာရေးဌာန၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ ပါဝင်မှုဖြင့် စာသင်ကျောင်းကို ကျန်းမာရေးနှင့် ညီညွတ်သော နေရာတစ်ခုအဖြစ် စုပေါင်းဖန်တီးနိုင်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် ဖန်တီးခြင်းနှင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်စိတ်ကျန်းမာရေးအတွက် ဖန်တီးနိုင်ခြင်း
- တစ်ဦးတစ်ယောက်ချင်းစီအတွက် ကျန်းမာရေးနှင့် အောင်မြင်မှုများအတွက် အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း
- ကျောင်းတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ ပညာရေးဝန်ထမ်းများ၊ မိသားစုများ၊ ရပ်မိရပ်ဖများအတွက်သာမက ပြည်သူလူထု၏ ကျန်းမာရေးကိုပါ မြှင့်တင်ခြင်း
ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်(၉)ရပ်
(၁) ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း
(၂) ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း
(၃) ရောဂါကာကွယ်ရေးလုပ်ငန်း
(၄) ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ် ကင်းဝေးရေးလုပ်ငန်း
(၅) ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း
(၆) ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း
(၇) နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း
(၈) သင်တန်းနှင့် သုတေသနလုပ်ငန်း
(၉) ကာယနှင့် အားကစားလုပ်ငန်း
အဆိုပါ လုပ်ငန်းစဉ် (၉) ရပ်ကို ကျေးလက်ဒေသရှိ မူလတန်းကျောင်းများအထိ အကောင်အထည်ဖော်နိုင်ရန်အတွက် ကျောင်းကျန်းမာရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားရှိပါသည်။ ဗဟိုအဆင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်နှင့် မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်အထိ အဆင့်တိုင်းတွင် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ကော်မတီတိုင်းတွင် တာဝန်နှင့် ဝတ္တရားများ သတ်မှတ်ထားရှိသည်။
(၂၁) ရာစုတွင် နည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ လူနေမှုဘဝပုံစံများ ပြောင်းလဲခြင်းကြောင့် ကျောင်းသား လူငယ်ထုအတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေကြောင်း သုတေသန လေ့လာချက်များအရ တွေ့ရှိရသည်။
ကျောင်းသား လူငယ်ထုအတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာများ
(၁) ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း
- ကျောင်းသား ကျောင်းသူများတွင် ဆေးလိပ်သောက်သုံးခြင်းမှာ ၂၀ဝ၇ ခုနှစ်တွင် ၂ ရာခိုင်နှုန်းရှိရာ မှ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၆ ာ ခိုင်နှုန်းအထိ ဖြစ်လာသည်ကို တွေ့ရှိရပြီး ကွမ်းယာစသော အငွေ့မထွက်သည့် ဆေးရွက်ကြီး သုံးစွဲမှုသည် ၂၀ဝ၇ ခုနှစ်တွင် ၃ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၀၁၆ ခုနှစ်တွင် ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါသည်။ (GSHS-2007 and GSHS-2016)
(၂) တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်း (ကိုယ်တိုင်မသောက်သုံးသော်လည်း သောက်သုံးသကဲ့သို့ အန္တရာယ်ရှိပါသည်။)
- ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော Global Youth Tobacco Survey (GYTS-2016) အရ မြန်မာနိုင်ငံတွင် လက်ရှိ ကျောင်းသား ကျောင်းသူ သုံးဦးလျှင် တစ်ဦးမှာ အိမ်တွင် ဆေးလိပ်ငွေ့နှင့်ထိတွေ့မှု ရှိနေပြီး ၁၀ ဦးလျှင် သုံးဦးမှာ လူမှုပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကို ထိတွေ့မှုရှိကြောင်း တွေ့ရှိရပါသည်။
(၃) အရက်သောက်သုံးခြင်း
- ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော Global School Based Student Health Survey (GSHS-2016) အရ ကျောင်းသား ကျောင်းသူများတွင် အရက်သောက်သုံးခြင်း ၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ၎င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ၁၄ နှစ် မတိုင်ခင် အရက်ကို စတင်သောက်သုံးနေပါသည်။
(၄) အချိုရည်များ သောက်သုံးခြင်း
- ကျောင်းသား ကျောင်းသူ နှစ်ဦးတွင် တစ်ဦးမှာ ကာဗွန်ပါသော အချိုရည်များကို တစ်နေ့လျှင် တစ်ကြိမ်ထက် ပိုသောက်သုံးကြောင်း တွေ့ရှိရပါသည်။ ကျောင်းသား ကျောင်းသူများ၏ ၄၆ ရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့် မညီညွတ်သော အာဟာရတန်ဖိုးနည်း အသင့်စား အစားအစာများကို တစ်ပတ်လျှင် နှစ်ရက်ထက် ပိုစားသုံးကြောင်း တွေ့ရှိရပါသည်။ (နောက်ဆက်တွဲ ဆိုးကျိုးများမှာ-အဝလွန် ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ အသည်းရောဂါနှင့် အခြား ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ပါသည်။) (GSHS-2016)
(၅) Video Game ကစားခြင်းပြဿနာ
- ကျောင်းသား ကျောင်းသူ ခြောက်ဦးလျှင် တစ်ဦးမှာ ကိုယ်လက် လှုပ်ရှားမှုနည်းပါးပြီး video ကြည့်ခြင်း၊ ဂိမ်းကစားခြင်း စသည့် screen time အသုံးပြုချိန် ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။ (GSHS-2016)
(ဆက်လက်ဖော်ပြပါမည်)