You  Tube မှာ ဗီဒီယိုဖိုင်တွေ တွေ့ဖူးမှာပါ။ မွေးကင်းစ ကလေးသေးသေးလေးတွေ ခေါင်းမှာ ဘောကွင်းလေးတွေ စွတ်ပြီးတော့ ရေကူးနေကြတာ။ သူတို့နိုင်ငံက မိဘတွေအတွက် ဒါတွေက လုပ်နေကျဖြစ်ပေမယ့် တို့မြန်မာနိုင်ငံက မိဘတွေအတွက်ကတော့ ရင်တမမနဲ့ ဖြစ်နေရမယ့် အလုပ်ပါ။ ဒါပေမယ့် ခုလို ကလေးလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။


ငယ်ငယ်လေးထဲက ရေကူးသင်ပေးရင် ရလာမယ့် အကျိုး ၉ ချက်


အကျိုးကျေးဇူးအကြောင်း  အရင်မပြောခင် ငယ်ငယ်လေးဆိုတော့ ဘယ်အရွယ်ကို ပြောတာလဲ ဆိုတဲ့အကြောင်း စပြောချင်ပါတယ်။ ကလေးအသက် ၆ လကျော်ပြီဆိုတာနဲ့ ရေကူးစသင်လို့ရပါပြီ။ ရေကူးသင်တယ်ဆိုတာ လူကြီးတွေလိုမျိုး လက်တွေခြေတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်တာပြောတာ မဟုတ်ပါဘူး။ ကလေးလေးတွေရဲ့ ခေါင်းမှာဘောကွင်းလေးတွေစွတ်ပြီး ကလေးခြေထောက်လေးတွေ ယက်နေတာကို ပြောတာပါ။ ကဲ ဘေဘီလေးတွေကို ငယ်ငယ်လေးထဲက ရေကူးသင်ပေးထားရင် ရလာမယ့် အကျိုးကျေးဇူးတွေကတော့


(၁) ကလေးတွေက မေမေတို့ ဗိုက်ထဲမှာဆို ရေမြွှာ ရေတွေထဲ အမြဲ ကန်လိုက်၊ ခြေထောက်ဆန့်လိုက်နဲ့ ကူးနေကြတာမလား။ ။ ဒါပေမယ့် အပြင်ရောက်တော့ ခြေထောက်ကို အနှီးတွေနဲ့ထုတ်ထားတော့ ကန်တယ်ဆိုတာ ခြေထောက်ဆန့်တယ်ဆိုတာ ဘယ်လိုလဲဆိုတာ သူတို့မေ့သွားတတ်ကြပါတယ်။ ဒါကြောင့် ၆ လအရွယ်မှာ သူတို့ကို ရေကူးပြန်သင်ပေးလိုက်ရင် အသက်ကြီးမှ ရေကူးသင်တဲ့သူတွေထက်ပိုအတတ်မြန်ပါတယ်။


(၂) ရေကန်ထဲမှာ ခေါင်းလေးပဲငြိမ်ပြီး အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက လှုပ်ရှားနေရတဲ့အတွက် ကလေးရဲ့ ကြွက်သား၊ အဆုတ်နဲ့ နှလုံးတို့ သန်မာစေဖို့ သူက အကူအညီပေးပါတယ်။


(၃) ရေကူးခြင်းကြောင့် ကလေးရဲ့ စိတ်ပိုင်းနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း အခြားသူတွေထက် မြန်တာကြောင့် အခြားကလေးတွေထက် သင်္ချာစွမ်းရည်နဲ့ ဘာသာစကားပိုင်းဆိုင်ရာတွေမှာ ပိုပြီး တော်လေ့ရှိပါတယ်။


(၄) ရေကူးတယ်ဆိုတာ မိသားစုတစ်ခုလုံး ပါဝင်လို့ရတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ကလေးနဲ့ မိသားစုကြား ရင်းနှီးမှုတွေပိုလာမှာ ဖြစ်ပါတယ်။


(၅) ရေကူးကန်ထဲမှာ ဟန်ချက်ညီအောင်ထိန်းရတာ မြေပြင်ပေါ် ခြေချရတာထက် ပိုခက်ပါတယ်။ ဒါပေမယ့် ရေကူးကန်ထဲမှာ ဟန်ချက်ညီညီနဲ့ ကိုယ်ဖော့ပြီး မျောနေတတ်တဲ့ ကလေးလေးတွေက အခြားရွယ်တူကလေးတွေထက် လမ်းလျှောက်ချိန် ဟန်ချက်ညီအောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။


(၆) ကလေးကို ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လူကြီးတွေတောင် ရေကူပြီးပြန်လာရင် တစ်ကိုယ်လုံး ညောင်းပြီး အိပ်လို့အရမ်းကောင်းတာ တစ်ချိန်လုံး အိပ်ချင်နေတဲ့ ကလေးတွေဆို ပိုဆိုးတာပေါ့။ ကလေးများ ကောင်းကောင်းမအိပ်လို့ကတော့ ရေကူးသာသင်ပေးလိုက်။


(၇) အစားလည်းများများ စားဝင်စေပါတယ် – ရေကူးချိန် ကယ်လိုရီတွေ လောင်ကျွမ်းသွားတာကြောင့် ဘေဘီလေးတို့ ဗိုက်ဆာနေကြမှာ ကျိန်းသေပါတယ်။ အဆော့မက်ပြီး အစားကြေးများတဲ့ကလေးတွေကို ဘယ်လိုမှ အစာကျွေးလို့မရရင် ရေကူးသာ သင်ပေးလိုက်။ ကိုယ်ကျွေးသမျှ လုံးဝကြေးများတော့မှာ မဟုတ်တော့ဘူးနော်။


(၈) ကလေးရဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေကို တိုးတက်စေပါတယ်။ ကလေးတွေကို ထိန်းသင့်တဲ့ နေရာရှိပေမယ့် တစ်ချို့နေရာတွေမှာ သူတို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီး လုပ်ခွင့်ပေးထားလို့ သူတို့လေးတွေ လုပ်နိုင်သွားတဲ့အခါ၊ တတ်မြောက်သွားတဲ့အခါ ရလာတဲ့ ကိုယ်ပိုင်ယုံကြည်မှုလောက် ဘယ်အရာမှ မချိုမြိန်ပါဘူး။


(၉) လောကကြီးမှာ မမြင်နိုင်တဲ့ အရာတွေက အများကြီးလေ။ အခန့်မသင့်လို့ ရေဘေးနဲ့ ကြုံလာတဲ့အခါမျိုးတွေမှာ ကိုယ့်ကလေးက ငယ်ငယ်လေးထဲ ရေကူးတတ်နေတော့ သူတို့ အသက်အန္တရယ်ဘေးကနေ စိတ်ချလို့ရတာပေါ့။

 

ဘေဘီလေးတွေ အရွယ်တည်းက ရေကူးသင်တာ ကောင်းတာတွေများတယ်ဆိုပေမယ့် ကလေးရေမွန်းအောင်၊ ရေမနစ်အောင် ဘေးကနေ သေချာဂရုစိုက်ပေးဖို့ကလည်း အရေးကြီးပါသေးတယ် ။ ။


ရေးသားသူ- Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ- Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”