သထုံ  ၆ ဇန်နဝါရီ  

ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်တိုင်းရင်းသားတို၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ် သထုံမြို့နယ် ထိန်ပင်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် ပေးပို့သောသဝဏ်လွှာအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ဖတ်ကြားပြီး သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက နှစ်သစ်ကူး ဂုဏ်ပြုနှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ ဒေသခံ တိုင်းရင်းသားတို့က ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာခဲ့ပုံအား ပိုးကရင်၊ စကောကရင်နှင့် မြန်မာဘာသာတို့ဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။

 

mdn

 

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍ နှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပခြင်းဖြစ်ကြောင်း သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

 

mdn

 

အဆိုပါ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် အသက် ၈၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာဖြင့် အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြကာ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ ကိုယ်စားပြု ယိမ်းအဖွဲ့များက ရိုးရာဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။

 

mdn

 

သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၆ အုပ်စုအနက် ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတွင် ဒုံးယိမ်းပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပွဲများ၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်ပွဲများ၊ ကရင်စာပေယဉ်ကျေးမှု ပြခန်းများတို့ဖြင့် နှစ်စဉ်အလှည့်ကျ ပြုလုပ်လျက်ရှိကြောင်း သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။

သက်ဦး(သထုံ)