အိမ်မဲ ၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ပြည်ထောင်စုအဆင့် ကောက်သစ်စားပွဲတော်နှင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ယနေ့ နံနက် ၆ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံအား အလေးပြုခဲ့ကြပြီး ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပေးပို့သော သဝဏ်လွှာကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား ဦးမန်းဂျော်နီက ဖတ်ကြားပေးခဲ့သည်။

ထို့နောက် KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူတို့က နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး ၂၀၁၇-၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်မြင်ခဲ့သော ဂုဏ်ထူး(၄)ဘာသာနှင့်အထက် ကရင်တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)


