ညောင်ရွှေ ၆ ဇန်နဝါရီ
အင်းလေးဒေသ၏ အထင်ကရနေရာများတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၏ ရုံးပိတ်ရည်ရှည်ကာလများ၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပြည်ပခရီးသွားများ အများဆုံးလာရောက်လည်ပတ်သည့် ကာလဖြစ်သော်လည်း ဇန်နဝါရီလ၏ ပထမပတ်အတွင်း လွတ်လပ်ရေးနေ့၊ စနေနှင့် တနင်္ဂနွေနေ့ ရုံးပိတ်ရည်ရှည် သုံးရက်ကြောင့် ပြည်တွင်းခရီးသွား ဧည့်သည်များပါ ပိုမိုလာရောက် လည်ပတ်ကြကြောင်း ဒေသခံခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
အင်းလေးဒေသသို့ လာရောက်လည်ပတ်ကြသူများအနေဖြင့် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ အင်းတိမ်မွေတော်ဘုရား၊ ငါးဖယ်ချောင်း ရှေးဟောင်းဘုန်းတော်ကြီးကျောင်း၊ ငွေထည်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ကြာချည်လုပ်ငန်း၊ ရေခြံလုပ်ငန်း၊ မိုင်းသောက်တံတားနှင့် ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း (ယဉ်ကျေးမှု) ပြတိုက်များသို့ အများဆုံး သွားရောက်ကြသည်။
အင်းလေးကန်သည် သဘာဝသယံဇာတများ၊ တောတောင်ရေမြေရှုခင်းများ၊ ရှေးဟောင်း ဘာသာရေးဆိုင်ရာ အမွေအနှစ်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ရိုးရာအနုပညာ လက်ရာများ၊ ရေပေါ်ရွာများ၊ ကျွန်းမျောစိုက်ခင်းများ၊ ခြေထောက်ဖြင့် လှေလှော်သော ထူးခြားချက်များကြောင့် ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်သည့် ခရီးသွားနယ်မြေတစ်ခုဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်