ပေါင် ၆ ဇန်နဝါရီ 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ယာဉ်တိုက်မှုပေါင်း ၁၂၈ မှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၂၃၆ ဦးနှင့် သေဆုံးသူပေါင်း ၅၃ ဦးရှိရာ အခြားသောအမှုများထက် ယာဉ်မတော်တဆမှုမှာ သိသာစွာ မြင့်တက်လာသည့်အပြင် ၂၀၁၇ ခုနှစ်ထက် ပိုလာကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မော်တော်ယာဉ် မောင်းနှင်သူများနှင့် လမ်းအသုံးပြုသူများ၏ မူးယစ်သောက်စား ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းသည့်အတွက် ယာဉ်မတော်တဆဖြစ်ပွားကာ လူထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ များလာရခြင်းဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်း၌ ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှုများတွင် ဒဏ်ရာရဦးရေ အမျိုးသား ၁၇၄ ဦး၊ အမျိုးသမီး ၆၂ ဦးနှင့် သေဆုံးဦးရေ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၁၁ ဦးအထိဖြစ်ပြီး ဖမ်းမိတရားခံ အမျိုးသား ၁၂၄ ဦး၊ အမျိုးသမီး ၈ ဦးအထိရှိကြောင်း၊ တစ်နှစ်တာအတွင်း ယာဉ်တိုက်မှု ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၂၇၃၇၁၀၀၀ အထိဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇင်မျိုးသူ