ဇလွန် ၆ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ရေလဲကျေးရွာအုပ်စု ဒေါ်ငြိမ်းကုန်းကျေးရွာ၌ ဒေသခံတောင်သူများမှ မြေအောက်ရေတင် စက်ရေတွင်းစနစ်ဖြင့် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်း စိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ကျရောက်နေသည့်အတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်တို့မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

 

mdn

 

 

ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးဇော်၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးဝင်းစိုး၊ ခရိုင်ဦးစီးမှူး ဦးစန်းဝင်း၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ခင်မြင့်၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီမြင့်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာသို့ သွားရောက်ပြီး ဒေသခံတောင်သူများ ငမြှောင်တောင်ပိုး ကာကွယ်နှိမ်နင်းနိုင်ရန်အတွက် ကွင်းဆင်းပညာပေးခြင်း၊ စနစ်တကျ ဆေးဖြန်းခြင်းတို့ကို လက်တွေ့ကွင်းဆင်း သရုပ်ပြခဲ့ကြပြီး ငမြှောင်တောင်ပိုးများ ကျရောက်နေသော အစေ့ထုတ်ပြောင်း စိုက်ပျိုးတောင်သူ ၅၆ ဦးအား အစေ့ထုတ်ပြောင်းစိုက်ခင်း ၅၆ ဧကအတွက် ပိုးသတ်ဆေးများကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝေယံ (ဇလွန် ပြန်/ဆက်)

 

mdn