၆ ဇန်နဝါရီ
၂၀၁၈ မိုးစပါးသစ်ထွက်ပေါ်ချိန် ကောက်ညှင်းစပါး အသစ်ထွက်ပေါ်လာရာ ဒီဇင်ဘာလအတွင်း ကောက်ညှင်းဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်ဝယ်ယူရသည်ဟု လမ်းမတော်မြို့နယ်အတွင်း ကောက်ညှင်းပေါင်း ရောင်းချနေသူများထံမှ သိရသည်။
ပြည်တွင်းကောက်ညှင်းဆန်ဈေး မြင့်တက်လာ၍ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ပြည်ပမှ ယိုးဒယားကောက်ညှင်းဆန် (အသွယ်) များ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်ပြီး တစ်အိတ်လျှင် ၄၈၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချခဲ့သည်ဟု ဘုရင့်နောင်ပွဲရုံ အာသောကလမ်းမှ ကောက်ညှင်းဆန်ရောင်းချသူ ကိုနိုင်က ပြောဆိုသည်။
သို့သော် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ မော်ကျွန်းနယ်မှ ကောက်ညှင်းဆန်အသစ်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ပြီး ဇန်နဝါရီလဆန်းတွင် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဝန်းကျင်သို့ ဈေးနှုန်းကျဆင်းလာရာ ပြည်ပကောက်ညှင်းဆန် ပြည်တွင်းသို့ ဝင်ရောက်မှု နည်းသွားသည်ဟု သိရသည်။
၂၀၁၉ ဇန်နဝါရီလဆန်း ရန်ကုန်ဈေးကွက်တွင် မြစ်ဝကျွန်းပေါ် ပေါ်ဆန်းဆန်သစ် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ်ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း ဆန်သစ်တစ်အိတ်လျှင် ၄၇၀၀၀ ကျပ်ဝန်းကျင် ရှိနေသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လနောက်ပိုင်းတွင် ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်၊ မြစ်ဝကျွန်းပေါ် ပေါ်ဆန်းတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။
ကောက်ညှင်းဈေးကွက်တွင် ပုသိမ်နယ်ထွက် ကောက်ညှင်းအသွယ်မှာ ဈေးနှုန်းအမြင့်ဆုံး ရရှှိနေဆဲဖြစ်သည်။ လေးထောင့်ကန်နယ်တွင် ယခုနှစ်ပိုင်း ကောက်ညှင်းစပါး စိုက်ပျိုးမှု လျော့ကျလာသည်။ ဆန်တစ်အိတ်လျှင် ၁၀၈ ပေါင်ဖြင့် ဆန်ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေသော်လည်း ကောက်ညှင်းဆန်မှာမူ တစ်အိတ်လျှင် အလေးချိန် ၁၀၂ ပေါင်ဖြင့်သာ ချိန်တွယ်ရောင်းချသည်ဟု ကိုနိုင်ကဆိုသည်။
ပြည်တွင်းဆန်ဈေးကွက် ဆန်အိတ်အချို့တွင် လက်ဆောင်အဖြစ် ကောက်ညှင်းဆန်အိတ်သေး အငယ်တစ်အိတ် ထည့်သွင်းရောင်းချခြင်း ရှိခဲ့သည်။
ကောက်ညှင်းဆန်ကို နံနက်ပိုင်းရောင်းချသော နံနက်စာစားသောက်ဖွယ်ရာအချို့ ပြုလုပ်ရာတွင် အသုံးပြုမှုရှိသည်။ ကောက်ညှင်းထုတ်၊ ကောက်ညှင်းပေါင်းသည်လည်း ပြည်တွင်းနေသူများ၏ ရိုးရာစားသောက်ဖွယ်ရာ ဖြစ်သည်။ ကောက်ညှင်းအသစ် ထွက်ပေါ်ချိန် ပြာသိုလဆန်း ကရင်နှစ်သစ်ကူး၊ ဖေဖေါ်ဝါရီလဆန်းပိုင်း တရုတ်နှစ်သစ်ကူး၊ ဝါခေါင်လအတွင်း တရုတ်လူမျိုးတို့၏ ပွဲတော်တို့တွင် ကောက်ညှင်းအသုံးပြုမှုများသည်။ ဇန်နဝါရီ ၅ ရက်တွင် ကောက်ညှဆန် တစ်ပြည်လျှင် ၂၃၀၀ ကျပ်နှုန်း လက်လီ ဝယ်ယူခဲ့ရသည်ဟု လမ်းမတော်မြို့နယ်နေ နှစ်သစ်ကူး ကောက်ညှင်းပေါင်းပေါင်းရန် ဝယ်ယူခဲ့သူ ဒေါ်လွင်ကပြောဆိုသည်။
ဈေးကွက်သဘာဝအရ ဈေးနှုန်းမြင့်တက်သည့် ဈေးကွက်သို့ ဈေးနှုန်းနိမ့်သော ဈေးကွက်မှ ဝင်ရောက်တတ်သည့်အတွက် ကောက်ညှင်းဆန်ဈေး မြင့်တက်သည့် ရန်ကုန်ဈေးကွက်သို့ ပြည်ပကောက်ညှင်းဆန် ဝင်ရောက်လာသော်လည်း ပြည်တွင်းဈေး ပြန်လည်ကျဆင်းလာချိန် ဝင်ရောက်မှုလျော့ကျသွားသည်ကို ဈေးကွက်များတွင် မြင်တွေ့နေရသည်ဟု ဈေးကွက်စောင့်ကြည့် လေ့လာသူတစ်ဦးက ပြောဆိုသည်။
ခင်ဆိုင်
