ရန်ကုန် ၁၀ မတ်

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကျင်းပခဲ့သည်။ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် စာရင်းသွင်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၈၄၄၃၅၈) ဦး ရှိခဲ့ပြီး ထိုသို့ဝင်ရောက်ဖြေဆိုရာတွင် အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်ခဲ့သည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးစာရင်းပေးခဲ့ပြီး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း  ကြည်မြင်တိုင်စာစစ်ဌာနတွင် (၆) ဦး နှင့်  အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း  အင်းစိန်စာစစ် ဌာနတွင် (၇) ဦးဝင်ရောက်ဖြေဆိုခဲ့သည်။

 

မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇီးနာဒွန်း က “ အခုနှစ်မှာ ကျွန်မတို့ဆီက ၁၀ တန်းဖြေဆိုနေတာ ခုနှစ်ဦးရှိပါတယ်။ ကျွန်မတို့ကျောင်းမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအနေနဲ့ ရှစ်တန်းအထိ အလက (၃) မရမ်ကုန်းမှာ သင်ကြားခဲ့ကြပါတယ်။ အထက်တန်း အဆင့် ရောက်ရင်တော့ အထက(၂)အင်းစိန်မှာ ပြောင်းရွေ့တက်ရောက်ပါတယ်။ အခုလို တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဆိုခင်မှာ အရည်အချင်းစစ် စာမေးပွဲအနေနဲ့ ဖေဖော်ဝါရီလက အထက(၂) အင်းစိန်မှာ ဖြေဆိုခဲ့ရပါတယ်။ အဲ့ဒီလိုဖြေဆိုခဲ့ပြီးမှ အခုစာမေးပွဲကို ဝင်ရောက်ဖြေဆိုတာဖြစ်ပါတယ်။ ဖြေဆိုတဲ့အခါမှာလည်း သူတို့ရဲ့ တစ်ဆင့်နိမ့်အတန်းဖြစ်တဲ့ ကိုးတန်း ကျောင်းသား၊ ကျောင်းသူတွေက ကူညီဖြေဆိုပေးရတာဖြစ်ပါတယ်။ ကိုးတန်းကလေးတွေက မေးခွန်းဖတ်ပေးရတယ်။ ဖြေဆိုသူတွေက နှုတ်နဲ့ပြန်ပြောပြတာကို ကူညီဖြေဆိုပေးတဲ့ ကိုးတန်းကလေးတွေက လက်နဲ့လိုက်ရေးပေးရတာပါ ” ဟု ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) မှ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသည့် အခြေအနေကို ပြောသည်။

 

 

မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) မှနေ၍ ရန်ကုန်တိုင်း တစ်တိုင်းလုံးတွင်  ဝိဇ္ဇာတွဲအနေဖြင့် ဒုတိယ တစ်ကြိမ်၊ တတိယတစ်ကြိမ်ရရှိခဲ့ဖူးကြောင်း ဒေါ်ဇီးနာထွန်းထံက သိရသည်။

 

အင်းစိန်မြို့နယ် အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို နေသည့် မျက်မမြင်ကျောင်းသား မောင်ဗျာယေရမိက “သုံးရက်လုံးဖြေဆိုတာ အားရမှုရှိခဲ့ပါတယ်။ နှစ်စ ကတည်းက အများကြီးကြိုးစားခဲ့ရတယ်။ အချိန်ယူပြင်ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။ ကျောင်းကလည်း အများကြီး လုပ်ပေးသလို ဆရာ၊ ဆရာမတွေကလည်း သေချာဂရုစိုက်ပြီး သင်ကြားပေးပါတယ်။ ဖြေဆိုခဲ့တဲ့ ဘာသာ တွေထဲမှာ မြန်မာဘာသာကို အားရပါတယ်။ သင်္ချာဘာသာကတော့ နည်းနည်း အားနည်းခဲ့ပါတယ်။ ဒီကနေ့ သင်္ချာဖြေဆိုတဲ့အချိန်မှာ နားမလည်တဲ့ အချို့သင်္ကေတတွေဆိုရင် ကျွန်တော့်ကိုကူညီဖြေဆိုပေးတဲ့ သူကတစ်ဆင့် အတန်းစောင့် ဆရာမဆီမေးပေးပြီး ကူညီပေးတာမျိုးရှိပါတယ်။ ဆယ်တန်းအောင်လို့ဘွဲ့ရပြီးရင် တော့ ကျွန်တော်တို့မျက်မမြင်ကျောင်းမှာပဲ ပြန်လည်မျှဝေ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ ကျွန်တော်တို့လို သူတွေကို ပံ့ပိုးမှုပေးစေချင်ပါတယ်။ ကျွန်တော်တို့ အမြင်အာရုံ အားနည်းပေမယ့် ကိ်ုယ်မှာရှိတဲ့ အစွမ်းအစကို ဖော်ထုတ်နိုင်အောင် ကူညီပြီးဝိုင်းဝန်းပေးကြပါ” ဟုပြောသည်။

 

ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) တွင် နေထိုင်၍ အင်းစိန်မြို့နယ် အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်မျက်မမြင်ကျောင်းသူ မခွန်နန်က အောင်မြင်ပါက တက္ကသိုလ်ဆက်တက်မည်ဖြစ်ပြီး ဘွဲ့ရရှိပြီးပါက ဘဝတူ မျက်မမြင်အချင်းချင်း ပညာကို ပြန်လည်မျှဝေ သင်ကြားပေးလိုကြောင်း ပြောပြသည်။

 

 

မခွန်နန်က “တစ်နှစ်ပတ်လုံး ဆရာ၊ဆရာမတွေ သင်ကြားပေးခဲ့တာတွေကို ဂရုတစိုက်နားထောင်ပြီး သေချာကြိုးစားခဲ့တာကြောင့် လက်ရှိ အခြေအနေထိကတော့ အားလုံးကောင်းမွန်စွာဖြေဆိုနိုင်ခဲ့ပါတယ်။ ကျွန်မတို့က မျက်မမြင်ဆိုတော့ သင်္ချာနဲ့ အင်္ဂလိပ်တော့ နည်းနည်း အားနည်းတာမျိုးတော့ရှိပါတယ်။ ကိုယ်တိုင်မမြင်ရတဲ့အတွက် တစ်ခြားတစ်ယောက်က ကူညီပြီးရေးပေးရတာမျိုး လုပ်ပေးရပါတယ်။ အဲဒီအခါမှာ ကျွန်မတို့က တိုင်းရင်းသားဖြစ်တဲ့အတွက် ကိုယ်ပြန်ပြောတာကို နားမလည်တာမျိုး အခက်အခဲ နည်းနည်းတော့ ရှိပါတယ်။ ကျွန်မကတော့ ဒီနှစ်သေချာပေါက် အောင်မယ်လို့ ယုံကြည်ထားပါတယ်။ ဘယ်အရာမဆို အခက်အခဲတော့ရှိပါတယ်။ အခက်အခဲကို ကြောက်ရွံ့ခြင်းမရှိဘဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်သွားရင် ဘာမဆို အောင်မြင်နိုင်ပါတယ်” ဟုပြောသည်။

 

မကွေးတိုင်းဒေသသကြီး ၊ ပခုက္ကူခရိုင်၊ ပေါက်မြို့မှနေ၍  ကြည်မြင်တိုင် မျက်မမြင်ကျောင်းသို့ ၂၀ဝ၈ ခုနှစ်ကတည်းက ရောက်ရှိကာ အထက (၂) ကြည်မြင်တိုင် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက် ဖြေဆိုနေသူ မောင်ထင်လင်းအောင်က အဖြစ်ချင်ဆုံး ဆန္ဒကို ယခုကဲ့သို့ ပြောသည်။

 

“မျက်မမြင်တဲ့သူတွေကို ပညာဝေမျှပေးနိုင်တဲ့ ကျောင်းဆရာ တစ်ယောက်ဖြစ်ချင်ပါတယ်။ တွဲဖက် လုပ်ဆောင်ချက် တစ်ခုအနေနဲ့ လုပ်ရမယ်ဆိုရင် ကျွန်တော် Audio Engineer  ဖြစ်ချင်ပါတယ်”

 

မောင်ထင်လင်းအောင်နေထိုင်သည့် ကြည်မြင်တိုင် မျက်မမြင်ကျောင်းတွင် မျက်မမြင်ဘဝမှနေ၍ ဆရာ၊ ဆရာမအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်သူများရှိသလို့ ကျောင်းဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူများ လည်းရှိသည်။

 

 

မောင်ထင်လင်းအောင်က “ကျွန်တော့် အသက် (၂၂) နှစ် ရှိပါပြီ။ ၁၀ တန်းစာမေးပွဲကို အခုနှစ်မှ စဖြေတာပါ။ ကျွန်တော်တို့ စာမေးပွဲဖြေတဲ့အခါ ကျွန်တော်တို့ထက် တစ်တန်းငယ်တဲ့ ကိုးတန်းက ကျောင်းသားကို အကူအညီတောင်းပြီး သူတို့ရဲ့ အကူအညီနဲ့ အတူတူဝင်ဖြေရပါတယ်။ အခက်အခဲကတော့ သင်္ချာဆိုရင် လဏ္ခဏာမှားမှာ စိုးရိမ်တယ်။ အင်္ဂလိပ်ဆိုရင် T နဲ့ D နောက် L ၊ M ၊ N လိုမျိုး စာလုံးပေါင်း မှားသွားမှာမျိုး တွေရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုဖြေတဲ့ အခါမှာ ကျွန်တော်တို့ကို ကူညီပေးတဲ့ ကလေးတွေက တော်တော်လေး ကောင်းပါတယ်။ ဒီနေ့က သင်္ချာ ဖြေရတယ်။ ဖြေခဲ့တဲ့ သုံး ရက်တာမှာ မြန်မာစာတော့ အားရပါတယ်။ အင်္ဂလိပ်စာမေးခွန်းက နည်းနည်းခက်ပေမဲ့ ကျွန်တော် သေချာဂရုစိုက်ပြီး ဖြေခဲ့တော့ ဖြေနိုင်ပါတယ်။ ဒီနေ့ သင်္ချာမေးခွန်းက လွယ်ပါတယ်။ အကုန်လုံး မဖြေနိုင်ပေမဲ့ အများစုကို ဖြေဆိုနိုင်အောင် ကြိုးစားခဲ့ပါတယ် ” ဟုပြောသည်။

 

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူများကို ကူညီဖြေဆိုရန် လူငယ်စေတနာ့ဝန်ထမ်းများကို အခြေခံပညာ ဦးစီးဌာနမှ ၂၀၁၈ တွင် နဝမ တန်း ဖြေဆိုထားပြီးသူများကို ခေါ်ယူ၍ စနစ်တကျလေ့ကျင့်ပေးထားကြောင်း ကြည့်မြင်တိုင်မျက်မမြင် ကျောင်း၏  ဒုတိယကျောင်းအုပ်ကြီး ဦးအောင်စိုးဝင်း ထံမှ သိရသည်။

 

ဦးအောင်စိုးဝင်းက “ကလေးတွေကို ကူညီဖြေဆိုပေးတဲ့ စေတနာဝန်ထမ်းလူငယ်တွေကို အခြေခံပညာ ဦးစီးဌာနကပဲ  ရွေးချယ်တာပါ။ ၉ တန်းအောင်ပြီး  ဒီနှစ် ၁၀ တန်းတက်မယ့် ကလေးတွေပေါ့။ သင်္ချာဆိုလို့ ရှိရင် လည်း လက္ခဏာတွေ မမှားအောင် ၊ အင်္ဂလိပ်စာဆိုလည်း စာလုံးပေါင်း အသံထွက်လေးတွေကအစ မမှား အောင် သေချာလေ့ကျင့်ပေးထားပါတယ်” ဟုပြောသည်။

 

အင်းစိန်မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ နဝမတန်း ဖြေဆိုထားသူ မောင်ဉာဏ်အောင်လင်းက အမြင်အာရုံချို့ယွင်းသည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေး ပွဲ ဝင်ရောက်ဖြေဆိုရာတွင် ကူညီဖြေဆိုပေးရသည့် ပီတီနှင့် အခက်အခဲကို ယခုလို ပြောပြသည်။

 

မောင်ဉာဏ်အောင်လင်းက “အခက်အခဲအနေနဲ့ကတော့ ကျွန်တော်တို့အနေနဲ့ ဆယ်တန်း သင်္ကေတ တွေကို မသိတာမျိုး ရှိပါတယ်။ အဲတာတွေကိုလည်း ဆရာမတွေက ကြိုတင်သင်ကြားပေး ထားတဲ့အတွက် အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဖတ်ပြလိုက်တဲ့ မေးခွန်းကို သူတို့က နားမလည် ဘူးဆိုရင် အခန်းစောင့်ဆရာမကို ဖတ်ပြခိုင်းလို့ရပါတယ်။ အခန်းစောင့် ဆရာမတွေထဲမှာ သင်္ချာ ဘာသာသင် တဲ့ ဆရာမ တစ်ယောက် ထည့်ပေးထားတယ်။ အခုလို ကူညီခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဆယ်တန်းရဲ့ စာမေးပွဲအတွေ့အကြုံလည်း အများကြီးရရှိပါတယ်” 

 

 

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၂၁၃၅၈ ရှိသော်လည်း သင်္ချာဘာရပ်ဖြေဆိုသည့် နေ့တွင် ၁၁၁၃၂၃ သာရှိခဲ့ပြီး ၉၈၃၅ ဦးပျက်ကွက်ခဲ့သည်။

 

ကြည်မြင်တိုင်မျက်မမြင်ကျောင်းမှနေ၍ အထက (၂) ကြည်မြင်တိုင် စာစစ်ဌာနတွင် တက္ကသိုလ် ဝင်တန်း ဝင်ရောက်ဖြေဆိုနေသူ မဝေဇာခိုင်က “ဇာတိက နတ်မောက်ကပါ။ ဒီရောက်တာ သုံးနှစ်ရှိပြီ။ နယ်မှာ တုန်းက အမြင်အာရုံမကောင်းတော့ ကျောင်းပြန်တက်လို့ ရတယ်ဆိုတာ မသိခဲ့ဘူး။ ဒီကျောင်းရောက်တော့မှ လုံးဝ မမြင်ရတဲ့သူတွေ ကျောင်းတက်တယ်။ ကျောင်းပြန်နေလို့ ရတယ်ဆိုလို့ ကျောင်းပြန်တက်ဖြစ်တာပါ။ အရင်က မျက်မမြင် ပညာရေး ရှိတယ်ဆိုတာကို မသိခဲ့ဘူး” ဟုပြောသည်။

 

ကြည်မြင်တိုင်မျက်မမြင်ကျောင်းမှ မျက်မမြင် ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးတို့သည်  ၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲသို့  ရှစ်ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ခြောက်ဦး အောင်မြင်ခဲ့ပြီး တစ်ဘာသာနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင်များလည်း ပေါ်ထွက်ခဲ့သည်။ ၂၀၁၇ တွင်ပင် မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန် မျက်မမြင်ကျောင်း(ခဝဲခြံ) မှနေ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သူ ခုနှစ်ဦးရှိကာ အောင်မြင်သူ သုံးဦး အနက်တစ်ဘာသာ ဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့သည်။

 

“ဒီမှာ ကျွန်တော်အားကျရတဲ့သူဆိုရင် ကျွန်တော်တို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ ပထမဆုံး စပြီး ၁၀ တန်းအောင်ခဲ့တဲ့ ဆရာစိန်ဘထွေးနဲ့ ဆရာဇော်ထွေးဦးပဲ”

 

မောင်ထင်လင်းအောင်တစ်ယောက် ယင်း လေးစားအားကျရသူတွေကို ပြောပြရင်း ဆက်လက်ဖြေဆို ရမည့် စာမေးပွဲအတွက် ပြင်ဆင်ရန် ကြည်မြင်တိုင်မျက်မမြင်ကျောင်းဝင်းအတွင်းသို့  ပြန်လည်ဝင်ရောက်သွား သည်။

 

အမြင်အာရုံချို့ယွင်းသည့်နေသော်လည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်အတွက် စိတ်အားထက် သန်လျက်ရှိကြသည့် မျက်မမြင်ကျောင်းသား ကျောင်းသူများသည် ပညာရေးဖြင့် သူတို့ဘဝ၏ အလင်းရောင် ကို ထွန်းညှိနေကြသည့် အမှောင်တစ်ဘက်ခြမ်းမှ လူသားများပင်…။

 

ရဲခေါင်နှင့်ဇော်ကြီးရေးသည် ၊ ဓာတ်ပုံ ဖိုးဇော်