ဘူးသီးတောင် ၉ မတ်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနငါးခုတွင် တက္ကသိုလ်ဝင် စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
``၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဘူးသီးတောင်မြို့နယ်မှာ စာစစ်ဌာန ငါးခု ဖွင့်လှစ်ထားပါတယ်။ အဲဒါတွေကတော့ အထက(၁)၊ အထက(၂)၊ အထက(ခွဲ)-၂၊ အထက စေတီတောင်နဲ့ အထက လက်ဝဲဒက်ပုဇွန်ချောင်းတို့ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုဖို့ စာရင်းရှိ ကျောင်းသား ကျောင်းသူ အရေအတွက်က ၁၆၇၄ ဦးဖြစ်ပါတယ်။ မြန်မာစာနေ့မှာ ပျက်ကွက်သူဦးရေက ၃၈၅ ဦးရှိပြီး အင်္ဂလိပ်စာနေ့မှာ ၃၇ ဦး ထပ်မံပျက်ကွက်ပါတယ်။ ဒီနေ့သင်္ချာဘာသာရပ်ဖြေ ဆိုမှုမှာတော့ ပျက်ကွက်သူ ၁၄ ဦး တိုးလာပါတယ်´´ ဟု စာမေးပွဲဖြေဆိုမှု အခြေအနေနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးအောင်စံကျော်က ပြောသည်။
ဘူးသီးတောင်မြို့နယ်ရှိ စာစစ်ဌာနများ၌ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ဦးရေ ပျက်ကွက်မှုမှာ စာဖြေရက် သုံးရက်ပေါင်းလျှင် ၄၃၆ ဦးရှိကြောင်း၊ စာစစ်ဌာန များအားလုံးတွင် အေးချမ်းစွာ ဖြေဆိုနေကြသည်ကို တွေ့ရှိရကြောင်း၊ ပြည်နယ်မှ ဆရာကြီးများကလည်း အနီးကပ်လာရောက် ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပါဝင်ကူညီ ပံ့ပိုးပေးကြကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
``ညီမကတော့ ဘူးသီးတောင် အထက(၁)မှာ စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဒီကျောင်းကို ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ နှစ်တိုင်း ဒီကျောင်းမှာပဲ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးလာတာ အခုဆိုရင် သုံးနှစ်ရှိပါပြီ။ စာမေးပွဲဖြေဆိုချိန်မှာ ကလေးတွေက ထွေထွေထူးထူး ဖြစ်တာမရှိပေမယ့် ခေါင်းမူးတာ၊ အားနည်းတာ တွေတော့ ဖြစ်ပါတယ်။ ကြက်ခြေနီအဖွဲ့ကလည်း ညီမတို့နဲ့ ပူးပေါင်းပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးပါတယ်။ မြို့နယ်ဆရာဝန်ကြီးတွေလည်း လာရောက်ကြည့်ရှု ပေးပါတယ်။ ဆေးဝါးတွေလည်း ပြည့်စုံမှုရှိပါတယ်´´ ဟု ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဌာနမှ သူနာပြုတစ်ဦးဖြစ်သူ မအိအိထွန်းက ပြောသည်။
``ကျွန်တော်ကတော့ အထက(၂) ဘူးသီးတောင် စာစစ်ဌာနမှာ ကြီးကြပ်ရေးတာဝန် ယူထားပါတယ်။ ကျွန်တော် အပါအဝင် ဆရာ ဆရာမ ၂၄ ဦးက မောင်တောမြို့ကနေ ဘူးသီးတောင်ကို လာရောက် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်ပါတယ်။ ဒီနေ့ သင်္ချာဘာသာရပ် ဖြေဆိုတဲ့အထိ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ အေးအေးချမ်းချမ်းနဲ့ ကလေးတွေ ဖြေဆိုကြပါတယ်။ လုံခြုံရေးပိုင်းမှာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဦးဆောင်ပြီး ဆောင်ရွက်ပေးထားသလို စာစစ်ဌာနတွေ လုံခြုံမှုရှိစေဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးက ညပိုင်းအချိန်တွေမှာပါ လုံခြုံရေး လှည့်ကင်းတွေ ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့ စာစစ်ဌာနမှာ အတွဲ(၂) ဝိဇ္ဇာတွဲ ပါတဲ့အတွက် မတ် ၁၄ ရက်နေ့မှာ မပြီးဘဲ ၁၆ ရက်နေ့မှ ဖြေဆိုပြီးစီးမှာ ဖြစ်ပါတယ်´´ ဟု မောင်တော အထက(၁)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သိန်းက ပြောသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတောအတွင်း ပညာရေးဌာနမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်း-ဟိန်းထက်ဇော်၊ ဓာတ်ပုံ-ရာမည)