နေပြည်တော် ၉ မတ်
တက္ကသိုလ်ဝင်စာမေးပွဲကို တတိယနေ့ သင်္ချာသာဘာဖြေဆိုမှုကို ယနေ့ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် စာစစ်ဌာန (၄၄) ခု ရှိ၍ သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့တွင် စာရင်းသွင်းဦးရေ(၂၃၈၅၀)ရှိပြီး ဖြေဆိုသူ စုစုပေါင်း (၂၂၃၃၆)ဦး ရှိသည်။
နိုင်ငံခြားစာစစ်ဌာန (၂၁)ခုတွင် ဖြေဆိုရန် စာရင်းသွင်းဦးရေ(၁၉၀) ရှိသည်။ နေပြည်တော်တွင် စာစစ်ဌာနပေါင်း (၄၄)ခုရှိ၍ ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ(၂၃၈၅၀) ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စာစစ်ဌာနပေါင်း (၂၂၀) ရှိပြီး ဖြေဆိုရန် စာရင်းသွင်း ဦးရေမှာ (၁၂၁၃၅၈)ဦး ရှိသည်။
နိုင်ငံခြားစာစစ်ဌာနများအပါအဝင် မြန်မာတစ်ပြည်လုံးရှိ စာစစ်ဌာန (၁၇၄၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းဦးရေမှာ စုစုပေါင်း ( ၈၄၄၃၅၈ )ဦး အနက် (၇၈၈၅၀၄)ဦး ဖြေဆိုသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင် လူနာစာဖြေသူ(၁) ဦးတိုး၍ စုစုပေါင်း (၁၀)ဦး ဖြေဆိုလျက်ရှိသည်။
မြောက်ဥက္ကလာပဆေးရုံကြီး စာစစ်ဌာနတွင် လူနာစာဖြေသူ (၁)ဦး ထပ်မံ ရောက်ရှိ လာပါသဖြင့် လူနာစာဖြေသူ (၄)ဦး ဖြေဆိုကြကြောင်း သိရှိရသည်။
သင်္ချာဘာသာရပ်ကို အင်းစိန်ဗဟိုအကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ စစ်တွေအကျဉ်းထောင်၊ မြောင်းမြအကျဉ်းထောင် တို့တွင် အကျဉ်းသားနှင့် အချုပ်ကျ စုစုပေါင်း စာဖြေသူ (၁၁၀)ဦး ဖြေဆိုလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး တို့၌ အမြင်အာရုံမသန်စွမ်းသူ (၂၁)ဦး ဖြေဆိုလျက်ရှိပြီး အကြားအာရုံမသန်စွမ်းသူ စာဖြေသူ (၁၀)ဦး ဖြေဆိုလျက်ရှိကြောင်းသိရသည်။
(သတင်းစဉ်)