ရမည်းသင်း  ၆  ဇန်နဝါရီ

ရန်ကုန်း-မန္တလေး ကားလမ်းဟောင်းပေါ်ရှိ တပ်ကုန်းမြို့နယ်တွင် ဇန်နဝါရီ ၅ ရက် ည ၁၁ နာရီက ဇာနည်ဘွား မှန်လုံခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျခဲ့ကြောင်း သိရသည်။

အဆိုပါ တိမ်းမှောက် ခရီးသည်တင်ယာဉ်သည် နေပြည်တော်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၈၇/၆ နှင့် ၂၈၇/၇ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတံတားအုတ်ခုံကို တိုက်မိကာ လမ်းဘေးချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ထိုးကျရာနေရာသို့ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သွားရောက်ကူညီပေးခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသဖြင့် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုတွင် အသေအပျောက်မရှိဘဲ ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းကို ရမည်းသင်းမြို့မစန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)