ဘားအံ ၆ ဇန်နဝါရီ
ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ နှစ်သစ်ကူးပွဲပြုလုပ်ရာ သီရိကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင်နှစ်သစ်ကူးနေ့ မိန့်ခွန်းပြောကြားပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံမှ ပေးပို့သော သဝဏ်လွှွာအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးစောစံလင်းကလည်းကောင်း ဖတ်ကြားကြသည်။
ထို့နောက် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကျဉ်းအား မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာများဖြင့် သူနာပြု သင်တန်းသား သင်တန်းသူများက အသီးသီးဖတ်ကြားခြင်း ကရင်ပြည်နယ်ရှိ ဂုဏ်ပြုခံ အထင်ကရ သက်ကြီး ကရင် အဘိုး၊ အဘွားများအား ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို စည်းလုံးခြင်းသည် အင်းအားဟု အဓိပ္ပာယ်ရသော (အောဟုအောဟောင်) သီချင်းဖြင့် စုပေါင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားအပြီးတွင် ကရင်နှစ်သစ်ကူးနေ့ ဖီးဗူးယော်ကောက်သစ်စားပွဲကို ကရင်လူမျိုးတို့၏ ရှေ့ခေတ်ဓလေ့ ထုံးတမ်းအစဉ်အလာတိုင်း ဆက်လက်ကျင်းပရာ လယ်ယာများမှ သီးနှံများအောင်မြင် ဖြစ်ထွန်းစေရန် စောင့်ရှောက်ပေးသည့် ဖီးဗူးယော် (ခေါ်) စပါးစောင့် နတ်သမီးပူဇော်ပွဲကို တပျော်တပါးဆင်နွှဲကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဖတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကရင်အမျိုးသား မောင်မယ်များက ငြိမ်းချမ်းရေး ဂျိုးငှက်များကိုလွှတ်ပြီး ဖီးဗူးယော်ဆုတောင်း တေးသီချင်းဖြင့် နှစ်သစ်ကူး ကောက်သစ်စားပွဲကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်အတွင်းရှိ ဒေသအနှံ့အပြားတွင် သာမက မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ကရင်တိုင်းရင်းသားများရှိရာ ဒေသများတွင် ကရင်ရိုးရာနှစ်သစ်ကူးပွဲတော်များကို နှစ်စဉ်စည်ကားစွာဖြင့် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)