ရန်ကုန် ၁ ဧပြီ

 

ပညာရေးဝန်ကြီးဌာန နှင့် ILBC တို့ ကြီးမှူးကျင်းပသော ပထမအကြိမ် ပညာရေးသဘောတရားနှင့် လက်တွေ့သင်ကြားရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် ရန်ကုန်မြို့ ILBC ကျောင်း၌ ကျင်းပသည်။ 

 

အခမ်းအနားသို့ ဖောင်တော်ဦး ဆရာတော်ဘုရားကြီး ဦးနာယကနှင့် ဘုန်းတော်ကြီးသင် ပညာရေးမှဆရာတော်များ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ NLD ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ NLDပညာရေးကွန်ယက်မှ ဦးနေအုပ်(စိန်ပေါ)၊ ILBC မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်ဝင်းနှင့် သင်တန်းဆရာ ဆရာမများ၊ သင်တန်းတက်ရောက်လာကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဘုန်းတော် ကြီးပညာရေးသင် ဆရာ ဆရာမများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများတက်ရောက်ကြသည်။

 

 

 

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင်  ဖောင်တော်ဦးဆရာတော် ဦးနာယက၊ NLDပညာရေးကွန်ယက်မှ ဦးနေအုပ်(စိန်ပေါ)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် နှင့် NLD ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်တို့က အမှာစကားပြောကြားကြသည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ပညာရေးသည် ဘုန်းတော်ကြီးသင်ပညာရေးမှ စတင်ခဲ့ပါကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖွံ့ဖြိုး တိုးတက်လာခြင်းကို ပညာရေးဝန်ကြီးဌာနအနဖြင့် အလေးထားပါကြာင်း၊ ဘုန်း တော်ကြီး သင်ပညာရေးကျောင်းများကို မြှင့်တင်ရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ ဖွင့်လှစ်သည် ဘုန်းတော်ကြီးသင်ပညာရေးတွင် သင်ကြားနေသည့် ဆရာ ဆရာမများကို မွမ်းမံသင်တန်းပေးသည့် သင်တန်းဖြစ်သည့်အတွက် အရေးကြီးပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားစေရေးအတွက် အားလုံးဝိုင်းဝန်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ILBC မှ Managing Director ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး စာရိတ္တဗလာစာအုပ်အလှူရှင် ဦးမြင့်ခိုင်နှင့် ဒေါက်တာနုနုဝင်း တို့က ဗလာစာအုပ် ဒါဇင်(၁၀ဝ)လှူဒါန်းရာ NLD ပညာရေးကွန်ယက်မှ ဦးနေအုပ်စိန်ပေါက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဒဂုံတက္ကသိုလ်သို့ ရောက်ရှိကြပြီး ဒဂုံတက္ကသိုလ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာ ဘာသာရပ်နှင့် ဓာတုဗေဒဘာသာရပ် အဖြေလွှာစစ်ဆေးနေမှုများအား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)