မင်းဘူး ၆ ဇန်နဝါရီ
မင်းဘူးမြို့နယ်ရှိ ကျောက်မီးသွေး လုပ်ကွက်တစ်ခုတွင် ဇန်နဝါရီ ၅ ရက်က လုပ်သားတစ်ဦး ကျင်းအတွင်း မီးလောင်သေဆုံးခဲ့ကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မြင့်မြတ်ချမ်းအေး ကျောက်မီးသွေးတွင်းတွင် လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းအရ အိုင်းမရဲကင်းစခန်းမှူး ရဲအုပ် ခင်မောင်ဇော် သွားရောက်စစ်ဆေးခဲ့ရာ နံနက် ၅ နာရီခွဲခန့်တွင် ကျောက်မီးသွေးလုပ်ကွက်(၃)၊ ကျင်းအမှတ်(၁)တွင် ကျောက်မီးသွေးလုပ်သား ကျော်လင်းနိုင် (၁၉)နှစ်၊ ကိုင်မကြီးကျေးရွာ၊ မင်းဘူးမြို့နယ်နေသူသည် ကျောက်မီးသွေးတွင်းအတွင်း အသက်ကယ်လေပေါက် ၁၂ ပေခန့် အမြင့်တွင် ဂန်းဖြင့်တက်ဖောက်ရာမှ ဂန်းစက်ပွင့်ထွက်ပြီး မီးလောင်ပေါက်ကွဲခဲ့ရာ ကျော်လင်းနိုင်မှာ ရရှိသည့် ဒဏ်ရာများဖြင့် ကျောက်မီးသွေးတွင်းအတွင်း သေဆုံးခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကျောက်မီးသွေးတွင်းအတွင်း ကျော်လင်းနိုင်နှင့်အတူ လုပ်ကိုင်လျက်ရှိသည့် တစ်ရွာတည်းနေ မျိုးဝေ(၂၆)နှစ်တွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ပြီး ကျောက်မီးသွေးတွင်း အပြင်ဘက်သို့ ထွက်ပြေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းဘူးမြို့နယ် စကုနယ်မြေရဲစခန်းက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျ