နေပြည်တော် ၇ စက်တင်ဘာ
ယခုဆယ်စုနှစ်ကာလ တစ်ခုအတွင်းတွင် ဖေ့စ်ဘုတ်သည် ကျယ်ပြန့်တွင်ကျယ်သော လူမှုကွန်ရက်တစ်ခုအဖြစ် မြန်မာနိုင်ငံတွင် ခေတ်အစားဆုံးဟု ဆိုရလောက်သည့် လူထုသုံးကိရိယာတစ်ခု ဖြစ်လာ၏။
ထိုလူမှုကွန်ရက်ပေါ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ အနုပညာ စသည့်နယ်ပယ်စုံမှ လူသိများထင်ရှား ကျော်ကြားသူများကို တွေ့ရသလို ဆင်းရဲချမ်းသာမရွေး၊ ရာထူးကြီးငယ်မဟူ၊ လူမျိုးစုံ၊ ဘာသာစုံ၊ လူတန်းစားစုံ၊ ယဉ်ကျေးမှုအစုံစုံ ရှိသူတို့ကိုလည်း တွေ့ မြင်ကြရမည် ဖြစ်ပါသည်။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရပ်ရေးရွာရေးဆိုင်ရာ အစရှိသည်တို့နှင့် ပတ်သက်၍ မိမိတို့အတွေ့အကြုံကို ဝေမျှကြသူများ၊ ပြည်တွင်းအရေး၊ နိုင်ငံတကာအရေး အစုံစုံသော ပြဿနာတို့အပေါ် မိမိတို့ကိုယ်စီ ကိုယ်စီ ရှုထောင့်မှ ရှုမြင်ရသလိုဖြစ်စေ၊ ခွဲခြမ်းစိတ်ဖြာကာ လေ့လာသုံးသပ်ဆန်းစစ်၍ဖြစ်စေ ရေးသားတင်ပြကြသူများ၊ ခံစားမှုကို အသားပေးသော သိမ်သိမ်မွေ့မွေ့ ဖွဲ့နွဲ့ ဖော်ပြကြသူများ၊ စာကဗျာ အချိုးအချိတ်တို့ဖြင့် အကြောင်းအရာကိုလိုက်၍ စိတ်ဝင်စားဖွယ်ဖြစ်အောင် ပုံဖော်ကြသူများ၊ ရသစာပေအရေးအသားများ၊ မိမိပါရမီပါလျှင် ပါသည့်အလျောက် အမူအရာလှုပ်ရှားမှုအစုစုဖြင့် သရုပ်ဆောင်ကြသူများ၊ သီချင်းသီဆိုကြ ဂီတတူရိယာပစ္စည်းများဖြင့် တီးကြမှုတ်ကြသူများ အစရှိသည့် ပညာသည် အများအပြားကိုလည်း တွေ့မြင်ကြရပါသည်။
သည်လို မိမိတို့၏ပါရမီနှင့် အရည်အသွေးအစွမ်းများ ပြကြခြင်းဖြင့် လူမှုကွန်ရက်ပေါ်က ထင်ရှားကျော်ကြားသော ပညာသည် ဖြစ်လာသည်တို့လည်းရှိ၏။ ကျယ်ဝန်းသော မိုးကုပ်စက်ဝိုင်းအောက်မှာ ပြန့်ပြောလှသည့် လူမှုကွန်ရက်လွင်ပြင်ကျယ်ကြီးက မိမိတို့၏ ရှေ့မှောက်သို့ ဘွားခနဲ ရောက်လာသည့်အခါ မိမိနှစ်သက်ရာ၊ မိမိစိတ်အားထက်သန်ရာ ပန်းမျိုးစုံ၊ သီးနှံမျိုးစုံကို ပျိုးကြဲထွန်ယက်စိုက်ပျိုးကြ၊ ရေလောင်းပေါင်းသင်ကြ၊ အသီးအပွင့်များကို ခူးဆွတ်မြည်းစမ်းရင်း ပွင့်သောပန်းရောင်စုံတို့ကို ခံစားကြည်နူးရင်း ပျော်ရွှင်ဖွယ်လောကငယ် လူမှုကွန်ရက်ဖြစ်လာပါသည်။
လူအများ အလွယ်တကူ ဝင်ရောက်နိုင်၊ ထိတွေ့နိုင်၊ ပါဝင်စိုက်ပျိုးနိုင်၊ ပေါင်းသင်ဂရုစိုက်နိုင်သည့်၊ မည်သူမဆို၏ လွင်ပြင်ကျယ်ကြီးဖြစ်သည့် အားလျော်စွာ အဆိပ်ပင်ဝင်စိုက်သူများ၊ အမှိုက်သရိုက်လာရောက်စွန့်ပစ် သူများလည်း လူမှုကွန်ရက်လောကအတွင်းတွင် ရှိလာပါသည်။ လောက ဓမ္မတာအရ ဤသို့သော ချစ်ခင်မြတ်နိုးဖွယ်ကောင်းသည့် လွင်ပြင်ကျယ်ကို အဆိုးတရားတို့ဖြင့် သုတ်လိမ်းသူများကလည်း ရှိကြပါလေ၏။ လူမှုကွန်ရက်ကို စတင်တည်ထောင်စဉ် ကာလကတည်းက မူလမျှော်မှန်းချက်မှာ ကမ္ဘာတစ်လွှားရှိ မည်သည့်လူသားမဆို မိမိတို့ သဘောထားများ ဖော်ထုတ်နိုင်ရန်၊ မိမိနှင့်မတူသည့် အခြားသူ တစ်ဦးတစ်ယောက်၏ အမြင်သဘောထားများကို ကြည့်မြင်နားလည်နိုင်ရန်၊ ကမ္ဘာ့မည်သည့် ထောင့်နားကမဆို အနှီလူမှုကွန်ရက်ကို ချိတ်ဆက်နိုင်ကြ၊ မျှဝေနိုင်ကြ၊ ဆွေးနွေးရင်းနှီး ချစ်ကြည်နိုင်ကြရန်ဟူသည့် ရည်မှန်းချက်များရှိသည်ဟု နားလည်ပါသည်။
တစ်ဦးနှင့်တစ်ဦး အပြင်လောကတွင် မဆုံဖူး မတွေ့ ဖူးကြသော်လည်း လူမှုကွန်ရက်ပေါ်တွင် ဆုံကြ၊ ခင်မင်ကြ၊ အတွေ့အကြုံ အယူအဆဖလှယ် နှီးနှောကြ၊ မတူသည့်အမြင်များကို ဆွေးနွေးနားလည်ကြည့်ကြ စသည် စသည်။ တစ်ဦးနှင့်တစ်ဦး မမြင်ဖူးသော်လည်း အမှန်တကယ် လက်တွေ့ဘဝတွင် မသိကြသော်လည်း လူမှုကွန်ရက်ပေါ်တွင် ခင်မင်ကြ၊ အတွေ့အကြုံ ဖလှယ်ကြ၊ ဆွေးနွေးကြပြုနိုင်ကြသည်။ မတူညီကြသော ဝန်းကျင်အနေအထား ဓလေ့ထုံးတမ်းတို့အရ အခန့်မသင့်သည့်အခါ ကတောက်ကဆ ဖြစ်သည်များ ရှိသလို၊ အယူအဆ အမြင်အတွေး ကိုယ်နှင့်မတူသည့်အခါ ငြင်းခုံကွဲလွဲကြသည်များလည်း ရှိမည်သာဖြစ်၏။
သို့ရာတွင် သဘောထားအယူအဆမတူရုံမျှဖြင့် အမုန်းစကား၊ ဒေါသစကားများဖြင့် ရန်လိုမုန်းတီးမှုများ ဖြစ်ကြဖို့မသင့်။ ထိုရန်လိုမုန်းတီးမှုများကို အခြားသူများကိုပါ ကူးလူးသွားအောင် လှုံ့ဆော်ရင်း အကြမ်းဖက်မှုများဆီသို့ ဦးတည်သွားရင်း ငြိမ်းချမ်းချစ်ကြည်နေသော လောကလူမှု အဖွဲ့အစည်းကို ထိခိုက်သွားစေရန်မသင့်။ မလိုမုန်းထားမှုများကတစ်ဆင့် လူမှုအဖွဲ့အစည်းအတွင်းက ရန်ပွဲများ၊ စစ်ပွဲများဖြစ်ပေါ် ခြင်းဆိုသည်က လောကအတွက် မလိုလားအပ်သော ကိစ္စများပါပင်။
တစ်ဦးကတစ်ဦးကို အနိုင်ကျင့်ခြင်း၊ အရှက်ခွဲခြင်း၊ အနှောင့်အယှက်ပေးခြင်း စသည်တို့က ဥပဒေအရဖြစ်စေ၊ လူမှုကျင့်ဝတ်အရဖြစ်စေ၊ ယဉ်ကျေးမှုထုံးဓလေ့တို့အရဖြစ်စေ သင့်လျော်သည့် ကိစ္စမဟုတ်ဟု နားလည်ကြရန်လိုပါမည်။
လူမှုအဖွဲ့အစည်းတစ်ရပ်၏ ငြိမ်းချမ်းမှုဟူသည် မည်သည့်နယ်ပယ်တွင်မဆို သူတစ်ထူးအား စာနာနားလည်ခြင်းပေါ် မူတည်ကာ သည်းခံခွင့်လွှတ်ခြင်း၊ ယဉ်ကျေးစွာ ဖြေရှင်းဆက်ဆံခြင်းတို့ အပေါ်တွင် မူတည်နေ သည်ဆိုခြင်းကို လက်ကိုင်ထားသင့်ကြသည် မဟုတ်ပါလား။ ။
မြန်မာ့အလင်း