ခင်မောင်ညို (ဘောဂဗေဒ)
၁၉၇၁ ခုနှစ် သြဂုတ်လတုန်းကပေါ့။ အမေရိကန်သမ္မတ နစ်ဆင်က “အမေရိကန်အနေနဲ့ လက်တစ်ဖက်ကို နောက်ကျောမှာချည်နှောင်ထားပြီးမှ ယှဉ်ပြိုင်စရာ မလိုတော့ပါ”လို့ ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
စစ်ပြီးခေတ် စီးပွားရေးစနစ်
အဲဒီမိန့်ခွန်းနဲ့ပဲ စစ်ပြီးခေတ် စီးပွားရေးစနစ်ကိုအဆုံးသတ်ခဲ့တယ်။ ဒေါ်လာကို ရွှေနဲ့လဲလှယ်ခွင့် ရပ်ဆိုင်းခဲ့တယ်။ သွင်းကုန်တွေအပေါ်မှာ အခွန်ကောက်ခံခဲ့တယ်။ အဲဒီနောက်မှာ ယိမ်းယိမ်းယိုင်ယိုင်တွေဖြစ်ပြီး ပေါ်ပေါက်လာတဲ့ ကနေ့စီးပွားရေးစနစ် ရှင်သန်ပါ့မလား ဆိုတာလည်း သံသယဖြစ်စရာ ကောင်းလာတယ်။ တခြားအခြေအနေတွေမှာတော့ စနစ်တစ်ခု ပျက်သုဉ်းသွားတာကို ပူဆွေးမနေကြပါဘူး။ ဒါပေမယ့် သြဂုတ်လရောက်တိုင်း ကမ္ဘာ့ငွေကြေးစနစ်တစ်ခုကနေ တခြားငွေကြေးစနစ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင် ကူးပြောင်းနိုင်မယ့် အလားအလာကတော့ မှေးမှိန်လာနေတာ တွေ့ရတယ်။
ကုန်သွယ်ရေးစစ်ပွဲ
နိုင်ငံတကာကုန်သွယ်ရေးကိုကြည့်ရင် နိုင်ငံအတော်များများမှာ ကိုယ့်ကိုယ်ပိုင်ငွေကြေးနဲ့ကိုယ် ရှိကြတယ်။ ငွေကြေးတွေက ကိုယ့်သဘော၊ ကိုယ့်နှုန်းနဲ့ကိုယ် လှုပ်ရှားနေကြတယ်။ တခြားနိုင်ငံက ပို့ကုန်တွေနဲ့ပြိုင်နိုင်ဖို့ ငွေကြေးတန်ဖိုးကို ချလို့ရတယ်။ အစိုးရက ငွေကြေးကို စီမံခန့်ခွဲနိုင်ဖို့ ကြိုးစားရာမှာ အလျော်အစားတွေရှိတယ်။ အထိန်းအချုပ်၊ အဟန့်အတားတွေရှိတယ်။ ငွေကြေးတန်ဖိုး တည်ငြိမ်အောင်ဆိုပြီး နိုင်ငံခြား ငွေကြေးတစ်ခုနဲ့ချိတ်လိုက်ရင် ပြည်တွင်းစီးပွားရေး မူဝါဒချတဲ့အခါ ကိုယ့်သဘောနဲ့ကိုယ် လွတ်လွတ်လပ်လပ် ချလို့မရတော့ဘူး။
နိုင်ငံခြားအရင်းအနှီးတွေ စီးဝင်၊ စီးထွက်တာကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ ငွေကြေးစနစ်ရဲ့သဘောကိုက တစ်ခုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရတယ်။ နည်းတစ်နည်းနဲ့ တစ်နည်းက ဆန့်ကျင်နေလေတော့တတ်နိုင်သမျှ မဆန့်ကျင်အောင်တော့ ကြိုးစားကြရတာပါ။ အမေရိကန်နဲ့တရုတ် ကုန်သွယ်ရေးစစ်ပွဲဖြစ်ရတဲ့ နောက်ခံက ဟိုတုန်းက အဆင်ပြေခဲ့ပြီး အခုအဆင်မပြေတော့တဲ့ စနစ်ကြောင့်ပါ။ အဲသလိုကလည်း ဖြစ်တတ်ပါတယ်။
ကမ္ဘာ့စီးပွားပျက်ကပ်
ပထမဆုံးအကြိမ် ကမ္ဘာ့စီးပွားရေးပေါင်းစည်းမှု(Globalization) ခေတ်ဟာ ၁၉ ရာစုနှစ် နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ အဲဒီခေတ်တုန်းက ရွှေစံချိန်စနစ်ကျင့်သုံးနေမှုအပေါ်မှာ အခြေခံပြီး တည်ဆောက်ခဲ့တာပါ။ အစိုးရတွေက သူတို့ရဲ့ငွေကြေးတန်ဖိုးကို ရွှေနဲ့သတ်မှတ်တယ်။ အခုလို သတ်မှတ်တော့ ပြည်တွင်းစီးပွားရေး အဆောက်အအုံကို ကိုယ့်သဘောကျ၊ အပြည့်အဝ ထိန်းချုပ်လို့မရဘူး။
ဒါပေမယ့် အခုလို အလျော်အစားလုပ်တဲ့နည်းဟာ ကမ္ဘာ့စီးပွားပျက်ကပ်(Depression) ဖြစ်လာတော့ အဆင်မပြေတော့ဘူး။ အစိုးရတွေက သူတို့ပေးထားခဲ့တဲ့ ငွေရေးကြေးရေးကတိတွေကို မတည်နိုင်ကြတော့ဘူး။ အစိုးရ တစ်ခုပြီးတစ်ခု သူတို့ရဲ့ငွေတွေကို တန်ဖိုးချကြတယ်။ စိတ်ဆိုး မာန်ဆိုးဖြစ်နေတဲ့ ကုန်သွယ်ဖက်တွေက သွင်းကုန်ခွန်တွေ ကောက်ကြတယ်။ ငွေကြေးအုပ်စုတွေ အပြိုင်အဆိုင်ထောင်ကြတယ်။ ၁၉၄၄ ခုနှစ်ကျတော့ မဟာမိတ်နိုင်ငံတွေစုစည်းပြီး နယူးဟမ်ရှိုင်းယားပြည်နယ် ဘရက်တန်ဝုဒ်မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ငွေကြေးစနစ်တစ်ခု စမ်းကြည့်ကြတယ်။ တက်ရောက်တဲ့နိုင်ငံတွေက သူတို့ရဲ့ငွေကြေးကို ဒေါ်လာနဲ့ချိတ်ဆက်တယ်။ (နည်းနည်းပါးပါး ညှိနှိုင်းလို့ရတယ်)။
ကမ္ဘာ့ငွေကြေးစနစ်ရှင်သန်ရေး
၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အမေရိကန်ရဲ့ကုန်သွယ်ရေး လိုငွေတွေကများ၊ ငွေဖောင်းပွမှုနှုန်းက တက်လာတော့ ဒေါ်လာကို ရွှေနဲ့ချိတ်ဆက်ထားတာကို ယုံကြည်စိတ်ချမှု လျော့ကျလာတယ်။ ပြည်ပမှာ ဒေါ်လာရဲ့ ဂုဏ်သိက္ခာပြန်တက်ဖို့ဆိုရင် တင်းကျပ်တဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးချွေတာရေး မူဝါဒတွေကို ပြန်လည်ကျင့်သုံးရမယ်။ ဒါပေမယ့် အဲဒီလိုလုပ်မယ်ဆိုရင် ပြည်တွင်းမှာ အများကြီး ထိခိုက်နစ်နာမှုရှိမယ်။ ပြည်တွင်းအကျိုးစီးပွားကို ဦးစားပေးမလား၊ ကမ္ဘာ့ငွေကြေးစနစ် ရှင်သန်ရေးကို ဦးစားပေးမလား ရွေးချယ်စရာဖြစ်လာတဲ့အခါ အမေရိကန်သမ္မတက ဘရက်တန်ဝုဒ်ညီလာခံမှာ ပေးထားခဲ့တဲ့ကတိကဝတ်တွေကို စွန့်လွှတ်ပြီး ပြည်တွင်းရေးကိုပဲ ဦးစားပေးခဲ့ပါတော့တယ်။
စစ်ပြီးခေတ် ပြာပုံတွေကြားထဲကနေ အခုခေတ်ကျင့်သုံးနေတဲ့ ဒုတိယဘရက်တန်ဝုဒ်စနစ် (Bretton Woods II) ဟာ ဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်လာရဲ့ လွှမ်းမိုးမှုဟာ အဆုံးသတ်မသွားခဲ့ပါဘူး။ ကမ္ဘာ့ကူးသန်းရောင်းဝယ်မှု၊ ကုန်သွယ်မှု အတော်များများကို ဒေါ်လာနဲ့လုပ်တာပါ။ အမေရိကန်ရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲဟာ ကမ္ဘာတစ်ဝန်းမှာ ပဲ့တင်ထပ်နေဆဲပါ။ သုတေသနတွေအရ ဒေါ်လာအားကောင်းရင် ကမ္ဘာ့ကုန်သွယ်ရေး ကျဆင်းတယ်။ အမေရိကန်မှာ တင်းကျပ်တဲ့ ငွေကြေးမူဝါဒ ကျင့်သုံးရင် ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေ ကျပ်တည်းတယ်။
ထွန်းသစ်စနိုင်ငံတွေရဲ့ပြဿနာ
ခါးသီးတဲ့ အတွေ့အကြုံတွေအရ ထွန်းသစ်စနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့အကျိုးအတွက် ဒေါ်လာတွေအများကြီး စုဆောင်းကြတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အတော်များများ စုမိလာပြီး ၂၀၁၄ မှာ အမြင့်ဆုံးကိုရောက်ခဲ့တယ်။ ထွန်းသစ်စနိုင်ငံတွေက ဒေါ်လာတွေ လိုက်ဝယ်ကြတော့ ဒေါ်လာဈေးမတန်တဆ တက်သွားတယ်။ (ပြည်တွင်းငွေတန်ဖိုးတွေကျလို့) ထွန်းသစ်စနိုင်ငံတွေက ပို့ကုန်တွေ အရောင်းသွက်တယ်။ ပို့ကုန်သမားတွေ အကျိုးရှိကြတယ်။ အမေရိကန်ခမျာတော့ တစ်ချိန်လုံးကုန်သွယ်ရေးလိုငွေပဲ တောက်လျှောက်ပြနေခဲ့တယ်။ တစ်နည်းပြောရရင် အမေရိကန်အသုံးအစွဲလွန်တာ (အစားကျူးတာဟာ) ထွန်းသစ်စနိုင်ငံတွေက ချေးငွေတွေ အားကိုးနဲ့ပါ။
ထွန်းသစ်စနိုင်ငံတွေက အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူမြှုပ်နှံထားကြတယ်။ သီးသန့်နိုင်ငံခြားငွေတွေပိုနေတဲ့ နိုင်ငံတွေကနေ အမေရိကန်ကို ငွေတွေရောက် အမေရိကန်စားသုံးသူတွေဆီကနေ ဒေါ်လာစုတဲ့ထွန်းသစ်စနိုင်ငံတွေဆီကို ငွေကြေးတွေ စီးဆင်းရင်းနဲ့ ဒုတိယမြောက် ဘရက်တန်ဝုဒ်စနစ်ဆိုတာ ဖြစ်ပေါ်လာတယ်။ ဒေါ်လာတွေ ဖောဖောသီသီ စုမိတဲ့နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
ဘယ်တုန်းကမှ ဒီစနစ်ရေရှည်ခံမယ်လို့ မထင်ကြပါဘူး။ အမေရိကန်ဟာ တစ်သက်လုံး နိုင်ငံခြားက ချေးနေလို့မရဘူး။ သာမန်စာရင်းလိုငွေပြနေတော့ အမေရိကန်နဲ့ လုပ်ငန်းတွေကို ထိခိုက်တယ်။ ၂၀ဝဝ ပြည့်လွန်နှစ်တွေမှာ အချို့ဘောဂဗေဒပညာရှင်တွေက ရင်းနှီးမြှုပ်နှံသူတွေ ဒေါ်လာအပေါ် ဘယ်တော့ အယုံအကြည်ပျက်မလဲဆိုတာ စပြီးစိတ်ပူလာကြပြီ။ ဒေါ်လာပြိုကွဲပြီး ကမ္ဘာ အကျပ်ဆိုက်တော့မယ်လို့ ပူပန်လာခဲ့ကြပြီ။
ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှု
တချို့လေ့လာသူတွေကတော့ အမေရိကန်ဟာ ကမ္ဘာ့စနစ်ထဲမှာ သူ့ရဲ့တာဝန်ထမ်းဆောင်နေတာ လက်ပန်းကျတော့မယ်လို့ တွက်လာကြတယ်။ အမေရိကန်စက်မှုလုပ်ငန်းတွေ ကျဆင်းတာကြောင့် အမေရိကန်လူ့အဖွဲ့အစည်း ထိခိုက်ရတဲ့အတွက် နိုင်ငံရေးသမား အားလုံး ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှု (Globalization)ရဲ့ အကျိုးကျေးဇူးတွေအပေါ် သံသယတွေ ဖြစ်လာကြတော့မယ်လို့ ဟောကိန်းထုတ်ခဲ့ကြတယ်။ အချိန်ကာလ တစ်ခုလောက်တော့ ဒုတိယဘရက်တန်ဝုဒ်စနစ် အသေဖြောင့်ဖို့ ဖြစ်နိုင်ခဲ့ပါတယ်။ ဥရောပစီးပွားရေး အဆောက်အအုံတွေ နိုင်ငံတွေက ပိုပြီးစုစည်းမိလာ၊ တရုတ်နိုင်ငံကလည်း အင်အားကောင်းလာလေတော့ ဝင်ရိုးစုံကမ္ဘာကြီး ဖြစ်လာပြီး သီးသန့်ငွေသားရဲ့ တာဝန်တွေကို အမေရိကန်တစ်ခုတည်း ပခုံးမထမ်းတော့ဘဲ ယူရိုတွေ၊ တရုတ်ယွမ်ငွေတွေကလည်း မျှပြီးတာဝန်ယူကြဖို့ အလားအလာတွေပေါ်ပေါက်ခဲ့ပါတယ်။
အမေရိကန်တွေလိုပဲ ဥရောပနဲ့ တရုတ်စားသုံးသူတွေကလည်း တာဝန်ယူကြမယ်ဆိုရင် ကမ္ဘာမှာ ပိုငွေတွေ၊ လိုငွေတွေ တစ်ဖက်စောင်းနင်း ဖြစ်နေတာတွေလျော့ပါးသွားနိုင်ပါတယ်။
ဒါပေမယ့် သမိုင်းကြောင်းကိုကြည့်တော့ တစ်မျိုးဖြစ်နေပြန်တယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်းမှာ ပြဿနာတွေ အမျိုးမျိုးကြုံတွေ့ခဲ့ရပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ ဒေါ်လာနဲ့တန်ဖိုးသင့်တဲ့ ပိုင်ဆိုင်မှုတွေ၊ လုံခြုံမှုတွေကို ခံတွင်းတွေ့နေကြဆဲ ဖြစ်နေပါတယ်။ ဒီတော့လည်း အမေရိကန်ဒေါ်လာရဲ့ ဗိုလ်ကျစိုးမိုးမှုကို အားဖြည့်ပေးရာ ရောက်ပါတယ်။ ကြွေးမြီအကျပ်အတည်းတွေကြောင့်လည်း ယူရိုငွေအပေါ်ယုံကြည်မှုတွေ ကျဆင်းခဲ့ပါတယ်။ တရုတ်ယွမ်ငွေအပေါ် ယုံကြည်မှုတွေ မလွှဲမရှောင်သာ မြင့်မားလာခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှေးကွေးလာပြန်တော့ အရောင်မှိန်သွားစေခဲ့ပါတယ်။
ကုန်သွယ်ရေးနဲ့ ငွေကြေးစစ်ပွဲ
တရုတ်နိုင်ငံက စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့လည်း စိတ်အားထက်သန်မှု လျော့ပါးခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် လက်ရှိစနစ်ဟာ ခါတိုင်းထက်ပိုပြီး ချူချာနေတာကို တွေ့ရပါတယ်။ အမေရိကန်သမ္မတရဲ့ အရှိန်တက်လာတဲ့ ကုန်သွယ်ရေးနဲ့ ငွေကြေးစစ်ပွဲဟာလည်း ဒုတိယ ဘရက်တန်ဝုဒ်စနစ်ကို နန်းချဖို့ ခြိမ်းခြောက်နေပေမယ့် အစားထိုးစရာ ဆွဲဆောင်မှုရှိတဲ့ စနစ်တစ်ခုပေါ်ပေါက်လာမယ့် အလားအလာကလည်း မှုန်ဝါးဝါးပါ။
အခုအထိတော့ ဒုတိယဘရက်တန်ဝုဒ် ဝေဒနာ နည်းနည်းနဲ့ အဆုံးသတ်ဖို့ အလားအလာရှိနေဆဲပါ။ တကယ်လို့များ ၂၀၂၀ မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အာဏာပြန်ရမလာခဲ့ရင်တောင်မှ သူ့ရဲ့ကံကြမ္မာဟာ ပထမဘရက်တန်ဝုဒ်စနစ်နဲ့ တူနေပါတယ်။ ဒီမိုကရက်တွေဟာ ခါတိုင်းထက် စီးပွားရေးနယ်ပယ်မှာ အမျိုးသားရေးကို ဦးစားပေးကြသလို တစ်ဖက်ကလည်း ကမ္ဘာတစ်ဝန်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အာရုံစိုက်ကြသူတွေ ဖြစ်ပါတယ်။
ကုန်သွယ်မှုဆက်ဆံရေး
ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ခဲ့တဲ့ ၁၉၃၀ ပြည့်လွန်နှစ်တွေက အတွေ့အကြုံတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတဲ့ လမ်းညွှန်မှုကို ရနိုင်ပါတယ်။ ငွေဖလှယ်နှုန်းတွေနဲ့ ပတ်သက်လို့ စုပေါင်းတိုင်ပင်ညှိနှိုင်းပြီးမှ ပြောင်းလဲတာမျိုးတွေမရှိ၊ ကုန်သွယ်ရေးအငြင်းပွား မှုတွေကို ငြိမ်းချမ်းစွာ မဖြေရှင်းနိုင်ဘူးဆိုရင် ကမ္ဘာကြီးဟာ အပြိုင်အဆိုင်ငွေ တန်ဖိုးတွေချကြ၊ သွင်းကုန်ခွန်တွေ မြှင့်တင်ကြလုပ်နေတဲ့ သံသရာထဲ သက်ဆင်းသွားနိုင်ပါတယ်။ ကုန်သွယ်မှု ဆက်ဆံရေးတွေ အစည်းပြေရင် ပြိုင်ဘက်စီးပွားရေးအုပ်စုတွေ အလျှိုလျှိုပေါ်ပေါက်လာ နိုင်ပါတယ်။ အဲသလို အရုပ်ဆိုးအကျည်းတန်တဲ့ ခေတ်မျိုးရောက်အောင် ကမ္ဘာကြီးက လုပ်ပါ့မလားလို့ စဉ်းစားရခက်ပါတယ်။ ဒါပေမယ့် ဒါမျိုးတွေက လုပ်ပါများလို့ရိုးနေပါပြီလို့ The Economist မဂ္ဂဇင်းကြီးက ဆိုပါတယ်။ ။
မြန်မာ့အလင်း