ဦးဟန်ညွန့် (ဥပဒေ)
နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် ပြန်လှန်စစ်မေးခြင်းပါတဲ့။”
“ဘယ်လိုအဓိပ္ပာယ်နဲ့ ရေးတာလဲဆရာ”
“ဟုတ်ကဲ့၊ ဖတ်ကြည့်ကြပါစို့”
ပြန်လှန်စစ်မေးခြင်း
ပြန်လှန်စစ်မေးခြင်းဆိုတာ ဘာလဲ။ သက်သေ တစ်ယောက်အား ဆန့်ကျင်ဘက်အမှုသည်က စစ်မေးခြင်းကို ပြန်လှန်စစ်မေးခြင်းဟုခေါ်သည်။ (သက်သေခံဥပဒေပုဒ်မ ၁၃၇)
ရှေ့နေတစ်ယောက်၏ဂုဏ်ရည်
‘ပြန်လှန် စစ်မေးခြင်း’ ထူးချွန်သော ရှေ့နေကို အများကအထင်ကြီးသည်။ အမှုအနိုင်အရှုံး အဆုံးအဖြတ် ပေးနိုင်သောကြောင့်ဖြစ်သည်။ ရှေ့နေတစ်ယောက်၏ ဂုဏ်ရည်မှာ ပြန်လှန်စစ်မေးခြင်းပါ။ ထို့ကြောင့် ဤဆောင်းပါးကို ကျွန်တော်ရေးသည်။
အထိရောက်ဆုံးလက်နက်
ပြန်လှန်စစ်မေးခြင်းသည် လူတစ်ယောက်၏ထွက်ဆိုချက် မှန်၊ မမှန် စမ်းသပ်ရာတွင် အထိရောက်ဆုံး ခေတ်ပေါ်လက်နက်တစ်ခုဖြစ်သည်။ ပြန်လှန်စစ်မေးခြင်းမှာ တိုက်ခိုက်သည့် ဓားဟုဆိုလျှင်လည်း မှန်သည်။ ခုခံသည့်ဒိုင်းဟုပြောလျှင်လည်း ရသည်။ ပြန်လှန်စစ်မေးခြင်းကို တတ်ကျွမ်းသူသည် ရှေ့နေပညာကိုတတ်ကျွမ်းသူဟု ခေါ်နိုင်သည်။
မုံရွာဦးတင်ရွှေ
တရားလွှတ်တော်ရှေ့နေကြီး (ထိုစဉ်က ဗဟိုတရားရုံးရှေ့နေ) မုံရွာဦးတင်ရွှေ B.A.B.L သည် စာရေးသူ၏ ခင်မင်လေးစားရသော မိတ်ဆွေကြီးဖြစ်သည်။ တရားရုံးလောက၊ စာပေလောက၊ ဥပဒေလောက၌ တစ်ချိန်တစ်ခါက လက်တွဲခဲ့ရသည်။ ဆရာ ဦးတင်ရွှေ၏ ]ပြန်လှန်စစ်မေးနည်းနှင့် ရှေ့နေပညာ} စာအုပ်မှာလည်း ထင်ရှားသော စာအုပ်ဖြစ်သည်။ ဥပဒေလောကသားတို့ လက်စွဲအသုံးပြုသော ပြန်လှန်စစ်မေးနည်း စာအုပ်တစ်အုပ်ဖြစ်သည်။ အဆိုပါစာအုပ်၏ ထိရောက်မှုကို ပြန်လည်မျှဝေတင်ပြပါရစေ။ ၁၉၈၃၊ ထွန်းပေါက်စာပေက ထုတ်ဝေခဲ့တာပါ။
ပြန်လှန်စစ်မေးခြင်း၏ ရည်ရွယ်ချက်
ပြန်လှန်စစ်မေးခြင်း၏ အနှစ်သာရမှာ အမှုသည်တစ်ဦး၏ရှေ့နေက တစ်ဖက်အမှုသည် တင်ပြသည့်သက်သေအား မိမိအမှုသည်အတွက် အကျိုးရှိမည့်အချက်ကို ဝန်ခံစေရန် သို့မဟုတ် ယင်းသက်သေသည် ယုံကြည်ထိုက်သူမဟုတ်ကြောင်း ဖော်ထုတ်ပြသစေရန် စစ်မေးခြင်းဖြစ်သည်။ ပြန်လှန်စစ်မေးခြင်းမှာ အမှန်ကို ဖော်ထုတ်ရန်နှင့် အမှားကိုဖွင့်ချရန် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ကြောင်း တရားသူကြီး တစ်ဦးက မှတ်ချက်ပေးခဲ့ပါသည်။
အမှန်ကို မပြောပြောအောင်
သက်သေတစ်ယောက်အား ၎င်း၏အလိုဆန္ဒနှင့်ဆန့်ကျင်ပြီး အမှန်ကို မပြောပြောအောင် လုပ်ချင်လျှင်သူမပြောဘဲ ချန်ထားလိုသည့်စကားကို နှိုက်ယူခြင်းဖြင့် အောင်မြင်မှုရနိုင်သည်။ အဖြစ်အပျက်ကို အသေးစိတ်ပြီး ထပ်တလဲလဲ မေးပါ။ ထို့နောက် သူဝန်ခံသွားပါလိမ့်မည်။ သူမငြင်းနိုင်သည့် အခြေအနေ ဆိုက်ရောက်သွားပါလိမ့်မည်ဟု ဥပဒေပညာရှင်တစ်ဦးက ရေးသားခဲ့သည်။
ရည်ရွယ်ချက်
ပြန်လှန်စစ်မေးခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဖက်လူ၏ အမှုကို အားနည်းသွားအောင်လုပ်ရန်၊ ဘောင်ခတ်ပေးရန် သို့မဟုတ် ဖျက်ပစ်ရန်နှင့် တစ်ဖက်လူ၏ သက်သေများကို အသုံးချပြီး မိမိအမှုကို သက်သေထူရန် ဖြစ်ပါသည်။
အဓိက စစ်မေးချက်မှ ထွက်ချက်များသည် တိကျသေချာမှု မရှိ၊ မယုံကြည်ထိုက်၊ တန်ဖိုး မရှိ၊ စသည်ဖြင့်ထုတ်ဖော်ပြသရန်လည်း ဖြစ်သည်။
တရားခွင်ကျင့်စဉ် နှစ်ဆယ့်တစ်ချက်
ဒိုနိုဗန်၏တရားခွင်ကျင့်စဉ် နှစ်ဆယ့်တစ်ချက်ကို ဆရာမုံရွာဦးတင်ရွှေက သူ့စာအုပ်(စာမျက်နှာ - ၁၄၉) တွင် ဖော်ပြရေးသားထားသည်။ ဘယ်သောအခါမှ မမှားနိုင်သော ပညာရှင်များ၏ တင်ပြချက်ဖြစ်ပါ၍ ထပ်မံကောက်နုတ် တင်ပြလိုက်ရပါသည် -
(၁) အမှုတိုင်းကို ကျကျနန လေ့လာပြီး အမှုနှင့် သက်ဆိုင်သည့် ဥပဒေကိုရော သက်သေခံချက်ကိုပါ ရှင်းရှင်းလင်းလင်း မှတ်သားထားပါ။
(၂) သက်သေတစ်ဦးစီက တစ်ဦးချင်း သို့မဟုတ်စုပေါင်း၍ ထွက်ဆိုမည့်အချက်ကို သိအောင်လုပ်ပါ။
(၃) သက်သေခံချက် မသွင်းမီ အမှုအကြောင်း အပြည့်အစုံ တင်ပြလိုက်ပါ။
(၄) အားစိုက်ခွန်စိုက်လုပ်ပါ။ စွဲစွဲမြဲမြဲလုပ်ပါ။ ဂုဏ်သိက္ခာထိန်းပါ။ ရှင်းလင်းပြတ်သားပါ။
(၅) အလှည့်စားမခံပါနှင့်။ ကိုယ်ကလည်း မလှည့်စားပါနှင့်။ တရားမမှုတစ်ခုတွင် ရုတ်တရက် လှည့်ပြောင်းသွားခြင်း၊ အမှုစစ်ဆေးနေစဉ် အချက်အလက်အသစ်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာ ခြင်း၊ လက်ဝဲတောင်ပံ၊ လက်ယာတောင်ပံမှ ရန်သူပေါ်ထွက်လာခြင်း စသည်တို့မှာ ရှေ့နေ တစ်ယောက်အနေဖြင့် မိမိ၏စွမ်းပကားကို ထုတ်ဖော်ပြသရမည့် အခြေအနေများဖြစ်သည်။ ထိုအခြေအနေမျိုးကို ရင်ဆိုင်သူအဖို့ ပျော်စရာကောင်းသည့်ကိစ္စဖြစ်ပါသည်။
(၆) အချက်အလက်များကို အကျဉ်းချုပ်ပြောပါ။ ထိထိမိမိပြောပါ။ အကောင်းဆုံးပြောပါ။
(၇) မိမိ၏ မူလစကားကို စွဲကပ်ထားပါဟု ဆိုရိုးရှိပါသည်။ အမှုစစ်ဆေးသည့်အခါ လူတစ်ယောက်၏ စိတ်ရှည်မှုကို စမ်းသပ်သည့် အရာတော်တော်များများ ပေါ်ပေါက်လာတတ်ပါသည်။ ဇဝနဉာဏ်ဖြင့် တုံ့ပြန်မှုများ၊ ပျားတုပ်သလို ပြန်လှန်ပြောဆိုမှုများသည် အမှုကို မှေးမှိန်သွားအောင် ရှေ့နေနှင့် ဂျူရီလူကြီးများကို အလုပ်ပေးတတ်ပါသည်။ မည်သို့ဆိုစေ ရည်ရွယ်ချက်တစ်ခုတည်းထားပြီး မိမိလိုချင်သည့်အချက်ကို စွဲကိုင်ထားသူ၊ ပြဿနာကို အဆုံးတိုင် ဆုပ်ကိုင်ထားနိုင်သူက တကယ်အနိုင်ရပါသည်။
(၈) ဂျူရီလူကြီးများသည် အကြောင်းခြင်းရာအားလုံးကို မသိနိုင်ဆိုသည့်အချက်ကို မမေ့ပါနှင့်။
(၉) အခိုက်အတန့် အရေးနိမ့်သည့်အခါ ဣန္ဒြေပျက်ပါနှင့်။ ဆုံးရှုံးသွားသည့်တန်ဖိုးသည် တစ်ပြား တစ်ချပ်ပင် မတန်သလို အေးဆေးသည့် အမူအရာဖြင့် ဆက်အလုပ်လုပ်ပါ။ သို့သော် အခြားအင်အားစုများကို အသုံးပြုပါ။ အမှု၏ အခြေအမြစ်သည် သေးငယ်သော ယိုပေါက်ကြောင့် ပျက်ပြားမသွားစေရန် သတိပြုပါ။
(၁၀) မကောင်းသည့် သက်သေကို စွန့်လွှတ်ပါ။ အမြတ်ရနိုင်မူ ပြန်လှန်စစ်မေးပါ။ အကင်းပါးသော သက်သေတစ်ယောက်ကို ပြန်လှန်စစ်မေးလျှင် ထိုသက်သေ၏ ထွက်ဆိုချက်ကို ပိုမိုခိုင်မာအောင်လုပ်ပေးရာ ရောက်တတ်ပါသည်။ ထိုသက်သေအား ထပ်တလဲလဲ ပြောစေခြင်းသည် သူပြောပြီးသားစကားကို ပိုပြီးခိုင်မြဲစေပါသည်။
(၁၁) သင့်ဘက်မှတင်ပြသည့် သက်သေခံချက်သည်အမှု၏ အဓိကအပိုင်းကို ထိမိပါစေ။ အမှု၏အဓိကအပိုင်းကို သိရှိရေး၊ သက်သေအထောက်အထားများဖြင့် ထိုအဓိကအပိုင်းကို မျက်ခြည်မပြတ်အောင် လုပ်ရေးတို့မှာ ပညာရှင် အကျိုးဆောင်တစ်ယောက် လုပ်ရမည့် အလုပ်ဖြစ်ပါသည်။
(၁၂) ဥပဒေနှင့်ပတ်သက်သော အဓိကအချက်သည် အကောင်းဆုံးသက်သေခံချက် ဖြစ်ပါသည်။ ရှေ့နေတစ်ယောက်သည် အကောင်းဘက်ကိုရော အဆိုးဘက်ကိုပါ သိရှိထားသင့်ပြီ။ မည်သည့်ဘက်ကိုမဆို ရင်ဆိုင်ရန် အဆင်သင့်လုပ်ထားရမည်။ တိုက်ပွဲတစ်ပွဲမတိုက်မီ ကင်းထောက်တပ်သားများကို စေလွှတ်ရသည့်နည်းတူ အမှုမစစ်ဆေးမီ သက်သေများကို စီစဉ်ထားရမည်။
(၁၃) သေးနုပ်သိမ်ဖျင်းသော ကန့်ကွက်မှုမျိုးကို ရှောင်ကြဉ်ပါ။ အဓိကအခွင့်အရေးအတွက် မိမိ၏ စွမ်းအားများကိုချွေတာပါ။ အမေရိကန်သမ္မတ (ရှေ့နေကြီး) မစ္စတာလင်ကွန်းသည် သေးနုပ်သော အချက်များကို အလျှော့ပေးရာ၌ ထင်ရှားသောသူဖြစ်ပါသည်။ “အဲဒီအချက်မှာတော့ကျွန်တော်တို့ မှားချင် မှားနိုင်ပါတယ်” ဟု ပြောဆိုတတ်ပြီ။ “အဲဒီနေရာမှာ ကျွန်တော်တို့ မှားခဲ့မယ်ထင်ပါတယ်။ ဒါပေမယ့် ဒါဟာဘယ်နည်းနဲ့မှ အချက်အချာကျတဲ့ကိစ္စ မဟုတ်ပါဘူး” ဟုလင်ကွန်းက ပြောတတ်ပါသည်။
(၁၄) ရှင်းရှင်းလင်းလင်းပြောပါ။ သတိထားပြောပါ။ ပွင့်ပွင့်လင်းလင်းပြောပါ။
(၁၅) စစ်မေးချက်များနှင့် လျှောက်လဲချက်များကို ရုပ်သင့်သည့်နေရာတွင်ရပ်ပါ။
(၁၆) သင်သည်ပြောသည့်အတိုင်း လုပ်သူဖြစ်ကြောင်း တရားသူကြီးနှင့် ဂျူရီလူကြီးများ သိပါစေ။
(၁၇) သင်၏ဆန့်ကျင်ဘက်သည် အားကောင်းသည်ဟု သဘောထားပြီး သူ့ကိုရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပါ။ နပိုလီယံသည် သူ့ရန်သူကို ဘယ်တော့မျှ လျှော့မတွက်ပါ။ တရားရုံးတွင် အမှုစစ်ရာ၌ ရန်သူသည် ထုံးစံအားဖြင့် အမြဲတမ်းလိုလိုပင် ကျွန်တော်တို့ မျှော်လင့်ထားသည်ထက် ပို၍အားကောင်းတတ်ပါသည်။
(၁၈) အမှုများသည် အကြောင်းခြင်းရာ သက်သေခံချက်များပေါ်တွင် မူတည်ပါသည်။ ယင်း အကြောင်းခြင်းရာ သက်သေခံချက်များကို ဥပဒေနှင့်စပ်ဟပ်ပေးရပါသည်။
(၁၉) တရားရုံးတွင် အမှုစစ်ဆေးရာ၌ အကြောင်းခြင်းရာ ပြဿနာနှစ်ဆယ်တွင် ဥပဒေ ပြဿနာတစ်ခု ပေါ်ပေါက်ပါလိမ့်မည်။ အမှုများသည် လုပ်နည်းလုပ်ဟန်ပေါ် မူတည်ပြီး ရှုံးဖို့ခဲယဉ်းပါသည်။ အကြောင်းခြင်းရာများကို သက်သေခံချက်တင်ပြရာ၌ ချွတ်ယွင်းသောကြောင့် ရှုံးရသည့်အမှုက ပိုများပါသည်။ မည်သူမျှမမြင်နိုင်၊ မဟန့်တားနိုင်သည့် ဥပဒေအချက်အလက်ကြောင့်အမှုရှုံးရလျှင် အကျိုးဆောင်၏အပြစ် မဟုတ်ပါ။ သို့သော် ကြိုတင်သိမြင်နိုင်သော အကြောင်းခြင်းရာ အချက်အလက်တစ်ခုကြောင့် ရှုံးရလျှင်မူအကျိုးဆောင်အပေါ် ခွင့်လွှတ်နိုင်စရာမရှိပါ။
(၂၀) မိမိ၏အလုပ်ကို ဂရုစိုက်ပြီးလုပ်ကိုင်ပါ။ အမှုတစ်ခုကို အားစိုက်ခွန်စိုက်နှင့် လစ်ဟင်းမှုမရှိအောင် လိုက်ပါဆောင်ရွက်ခဲ့လျှင် နောက်ထပ်အမှုများ ရနိုင်ပါသည်။
(၂၁) မိမိအတွက်အားကောင်းသော ဥပဒေအချက်အလက်များနှင့် အကြောင်းခြင်းရာ အချက်အလက်များကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါ။ လင်ကွန်းသည် သေးနုပ်သော အချက်အလက်များကို လုံးဝဂရုမစိုက်ဘဲ သူ့အမှု၏ အဓိကအပိုင်းကို ဆုပ်ကိုင်ထားကြောင်း၊ လိုက်လျောမှု၊ မျှတမှုဖြင့် အနိုင်ယူကြောင်း ပြောစမှတ် ပြုကြပါသည်။
နိဂုံး
(၁) မုံရွာ ဦးတင်ရွှေ၏ စာအုပ်ထဲမှာ မှတ်သားစရာ တွေကအများကြီးပါ။
(၂) မှတ်သားစရာအများကြီးတွေထဲက ကျွန်တော်ကြိုက်နှစ်သက်သော အောက်ပါစာစုကို ဖော်ပြလျက် နိဂုံးချုပ်လိုက်ပါသည်။
(ဆရာဝန်မှားရင်၊ မြေကြီးအောက်ခြောက်ပေ (ဆရာဝန်မှားရင်၊ မြေကြီးအောက် ခြောက်ပေလောက် မြှုပ်လိုက်ရတယ်။ ရှေ့နေမှားရင်တော့ မြေကြီးအထက်ခြောက်ပေလောက်မှာ တွဲလောင်းဖြစ်နေ တတ်ပါသတဲ့ဗျာ)
ကြေးမုံ