အိမ်မဲ  ၆  ဇန်နဝါရီ  

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှု ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာ၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ တက်ရောက်ချီးမြှင့်ကြသည်။

 

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊   သူရဦးအောင်ကို၊   နိုင်သက်လွင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုမြင့်မြတ်သူ၊ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းတို့က အခမ်းအနားကို ဖားစည်တီး၍ ဖွင့်လှစ်ပေးကြသည်။

 

111 ကောက်သစ်စားပွဲဒေါက်တာဖေမြင့်ပါဝင်ဆင်နွဲ

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သော နှုတ်ခွန်းဆက်သဝဏ်လွှာကို  ဖတ်ကြားသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက  ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားရာတွင်   ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဆိုသည်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊  မြန်မာပြည် အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့စဉ် ၁၈၈၁ ခုနှစ်တွင် “ဒေါကလု” ဆိုသည့် ကရင်အမျိုး သားအသင်းကြီး (Karen National Association ) ပေါ်ပေါက်လာပြီး ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တိုးတက်မြင့်မားစေရန် ရည်သန်ကာ အသင်းကြီး၏ ကြိုးပမ်းမှုနှင့်အတူ အမြော်အမြင်ကြီးမားသည့် ဒေါက်တာ တီသံပြာကဲ့သို့ ကရင်အမျိုးသားခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်း မှုကြောင့် ၁၉၃၇ ခုနှစ် သြဂုတ်  ၂ ရက်တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့မူကြမ်းကို အင်္ဂလိပ်ခေတ် မြန်မာ့ပါလီမန်တွင် အသိအမှတ်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။

 

ပါလီမန်လွှတ်တော်အမတ်များ၏ ညီညီညွတ်ညွတ် ကြိုပမ်းအားထုတ်မှုကြောင့် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း  ၁ ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခံရသည့်အတွက် ပထမဆုံး ကရင်အမျိုးသားနှစ်သစ်ကူးနေ့မိန့်ခွန်းကို ၁၉၃၈ ခုနှစ် ဒီဇင်ဘာ  ၂၁ ရက်တွင် အသံလွှင့်ခဲ့ပါကြောင်း။ အဆိုပါ မိန့်ခွန်းတွင် “ကျွနု်ပ်တို့သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင်ဆောင်ရွက်ကြိုးပမ်းကြမည်။ ကျွနု်ပ်တို့ ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေးအာဃာတ အလျဉ်းကင်းစင်သောစိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်”ဟု ပါရှိပါကြောင်း။

 

ယနေ့ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သတ်မှတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးမားမှု၊ ကိုယ်ကျိုးမဖက်သည့်စိတ်ထား၊ လူမျိုးဘာသာ မခွဲခြားဘဲ အာဃာတကင်းစင်သည့် စိတ်ဓာတ်များနှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်လိုသည့် စိတ်ဆန္ဒများ ရှိနေကြောင်းကို အသံလွှင့်မိန့်ခွန်းတွင် အထင်အရှားတွေ့ မြင်နိုင်ပါကြောင်း။

 

111 ကောက်သစ်စားပွဲဒေါက်တာဖေမြင့်ပါဝင်ဆင်နွဲ (2).JPG

 

ကရင်တိုင်းရင်းသားများသည် ရိုးသားကြကြောင်း၊ သစ္စာရှိကြောင်း၊ ကရင်အမျိုးသားများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုကြောင်း၊ ကောက်ပဲသီးနှံများ ပေါ်ထွန်းလာချိန်တွင် ကောက်သစ်စားပွဲများ ကျင်းပကာ ကွဲကွာနေသောမိသားစုများ၊ ဆွေမျိုးသားချင်းများ ပြန်လည်စုံဆည်းကြပြီး နှစ်သစ်ဆုမွန်များ တောင်းကြကြောင်း၊ စားကောင်းသောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံကာ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါင်းစည်းခြင်း၊ အနာဂတ်ကို ယုံကြည်မျှော်လင့်ခြင်း များစွာဖြင့် ကောက်သစ်စားပွဲ နှစ်သစ်ကူးအခါဟုလည်း ဆိုနိုင်ပါကြောင်း။

 

ယနေ့ကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော် အခမ်း အနားများကို မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုဆိုလျှင်  ၈၁ နှစ်ရှိခဲ့ပြီဖြစ်ပြီး စည်းလုံးညီညွတ်ခြင်း သက်သေဟု ဆိုနိုင်ပါကြောင်း။ ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က အလေးထား ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဒေသအသီးသီးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းတွင်လည်း အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင်ဖြင့် အတူတကွ ပူးပေါင်း ရင်ဆိုင် ဖြေရှင်းကြရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ကရင်အမျိုးသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေကြောင်း၊ ကရင်အမျိုးသားများသည် ပြည်ထောင်စုကြီးအတွက် ကြီးမားခိုင်မာသော အင်အားတစ်ရပ်ဖြစ်ပါစေကြောင်း၊ ရရှိပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုး တက်မှုအခြေခံကောင်းများနှင့်အတူ ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဆီသို့ အတူလျှောက်လှမ်းနိုင်ကြပါစေဟု  ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကောက် သစ်စားပွဲသည် ယခုမှ ပြုလုပ်ကျင်းပခြင်းမဟုတ်ဘဲ ဘိုး၊ ဘေး၊ ဘီ၊ ဘင် လက်ထက်ကတည်းက ကျင်းပလာသည့် ကရင်ရိုးရာဓလေ့ဖြစ်ပါကြောင်း၊ ကျင်းပသည့်နေ့ရက်ကို သတ်မှတ်မထားသော်လည်း ဒေသအလိုက် အဖွဲ့အစည်းအလိုက်   အခက်အခဲ အမျိုးမျိုးကြားမှ ကောက်သစ်စားပွဲကို မဖြစ်မနေကျင်းပလာခဲ့ကြပါကြောင်း၊ ကရင်တိုင်းရင်း သားများအနေဖြင့် စွဲကိုင်ထားသည့် ရိုးရာဓလေ့များကို ဆက်ပြီး ကမ္ဘာတည်သရွှေ့ ကျင်းပသွားစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကမ္ဘာတစ်ဝန်းတွင် ကောက်သစ်စားပွဲတော်များ ကျင်းပသည်ကို တွေ့ရပါကြောင်း၊ ကောက်သစ်စားပွဲကို ကောက်ရိတ်သိမ်းပွဲဟုလည်း  ခေါ်ဆိုကြပါကြောင်း၊ မြန်မာနိုင်ငံတွင် တစ်ခြားတိုင်းရင်း သားများလည်း အလားတူပွဲများ ကျင်းပကြပါကြောင်း၊ ယနေ့ကျင်းပသည့် ကရင် အမျိုးသားများ၏ ကောက်သစ်စားပွဲတော်မှာ  ထူးခြားစည်ကားလှသည်ကို တွေ့ရပါကြောင်း၊ ကောက်သစ်စားပွဲများသည် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုသမိုင်းတွင်ရှိသည့် ကနဦးအစ ယဉ်ကျေးမှု ပွဲတော်များဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှေးယခင်ကတည်းက ကရင်တိုင်းရင်းသားများ အနေဖြင့် ကောက်သစ်ပေါ်ချိန်တွင် ကောက်သစ်စားပွဲများကို မိသားစုဝင်များစုံညီစွာဖြင့် ပျော်ပျော်ပါးပါး ကျင်းပလာခဲ့သည့် အစဉ်အလာနှင့် ကိုက်ညီစွာ ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခါသမယတွင်လည်း ကရင်တစ်မျိုးသားလုံး ပေါင်းစည်းခြင်း၊ ပျော်ရွှင်ခြင်း၊ စည်းလုံးခြင်း၊ အနာဂတ်အတွက် ကောင်းမွန်စွာ မျှော်လင့်ခြင်းများဖြင့် ပြည့်စုံပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ကရင် အမျိုးသားများသည် တစ်ခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် လက်တွဲပြီး ပြည်ထောင်စုကြီးတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရရှိထားသည့် အစဉ်အလာကောင်းများနှင့်အတူ ဝန်းရံဆောင်ရွက်သွား ကြစေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

ထို့နောက်  အခမ်းအနား ကျင်းပရာနေရာတွင် ကောက်သစ်စားပွဲကို ကရင်ရိုးရာ  ဓလေ့အတိုင်းကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ  မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပျော်ရွင်စွာ ပါဝင်ဆင်နွဲကြသည်။

 

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးနှင့် တက်ရောက်လာသူများက ကရင်ရိုးရာအဝတ်အထည်နှင့် အသုံးဆောင်ပစ္စည်းများ၊ ကရင်စာပေနှင့် တူရိယာပစ္စည်းများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် ကရင်လူမျိုးများ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြခန်းဖြင့် ပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။

 

(သတင်း၊ မင်းသစ် (MNA) /ဓာတ်ပုံ- နေလင်း၊ ခရိုင် ပြန် / ဆက်)

 

111 ကောက်သစ်စားပွဲဒေါက်တာဖေမြင့်ပ