အင်းတော် ၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားလမ်းဆုံ၌ ဇန်နဝါရီ ၆ ရက် နံနက် ၇ နာရီခွဲက မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိခဲ့ကြောင်း အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်မျိုးမင်းအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် နဘားရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ နဘားကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းလျှက် အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ နဘားလမ်းဆုံတွင် လုံခြုံရေးဆောင်ရွက်နေစဉ် မိုးညှင်းဘက်မှ အင်းတော်ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ ရပ်ကွက်(၄)နေ နေလင်းထွန်း(၃၅)နှစ် မောင်းနှင်ပြီး ဇော်မင်း(၃၄)နှစ်လိုက်ပါလာသည့် MDY-2L/---- နံပတ်ပါ HAIBAR SUPER RUN လေးဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ် သယ်ဆောင်လာသည့် အဝါရောင်တိပ်များပတ်လျက် တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၂၅ တုံးမှ အလေးချိန် ၂၃၆ ဒသမ ၁၂ ကီလိုအား ရှာဖွေသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်သူ နေလင်းထွန်းနှင့် ဇော်မင်းတို့ အား အင်းတော်မြို့မရဲစခန်းတွင် ကျောက်မျက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)
