ရန်ကုန် ၆ ဇန်နဝါရီ

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဇန်နဝါရီ ၅ ရက်က အင်းစိန် GTI ကျောင်းဝန်းတွင် ကျင်းပသော အင်းစိန်မြို့နယ်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းပြီးစီးမှု ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

 

အခမ်းအနားတွင် အင်းစိန်မြို့နယ်အတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကိုယ်စား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဓနရာဇာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက အင်းစိန်မြို့နယ်တွင် ၃ နှစ်တာကာလအတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လျှပ်စစ်ဓာတ်အားများ နှစ်စဉ်တိုးတက်ထုတ်လုပ် သယ်ယူဖြန့်ဖြူးပေးနေမှု အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး အင်းစိန်မြို့နယ်တွင် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အား အရည်အသွေးကောင်းမွန်၍ ဗို့အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေးအတွက် ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းနိုင်ရေးအတွက် ဦးဆောင်ဆောင်ရွက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် လျှပ်စစ်ဝန်ထမ်းများနှင့် ဓနရာဇာကုမ္ပဏီမှ တာဝန်ရှိသူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် အင်းစိန်မြို့နယ်ရှိ ပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများကိုယ်စား အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်တို့မှ အင်းစိန်မြို့နယ်တွင် ၃ နှစ်တာ ကာလအတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အင်းစိန်မြို့နယ် လျှပ်စစ်ဝန်ထမ်းများကိုယ်စား မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဓနရာဇာကုမ္ပဏီလီမိတက်မှ ဝန်ထမ်းများကိုယ်စား မန်နေဂျင်းဒါရိုက်တာတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်