နေပြည်တော် ၆ ဇန်နဝါရီ
နိုင်ငံလူဦးရေ အများဆုံးနေထိုင်ရာ ကျေးလက်ဒေသများ၏ ဘက်စုံဖွံ့ဖြိုးရေးစသည့်လုပ်ငန်းများ အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ၏ စုစည်းညီညွတ်စွာပူးပေါင်း ပါဝင်ခြင်းသည် များစွာအရေးပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအဆောက်အအုံများတည်ဆောက်ခြင်းအတွက် မြေယာအသုံးချမှုတွင်လည်း စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေရေး နှင့် သတ်မှတ်ထားသော ဥပဒေ နည်းဥပဒေ များနှင့်အညီ ဖြစ်စေရေးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်းဇန်နဝါရီ (၅)ရက် မွန်းလွဲပိုင်းတွင် လက်ပန်မြစိမ်းရောင် ကျေးရွာရပ်မိရပ်ဖများ၊ စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ကျေးရွာရပ်မိရပ်ဖများကဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီး ဦးအောင်ဇော်နိုင်တို့က ဖြည့်စွက်ဆွေးနွေးကြကာ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ပန်ကျေးရွာ ကိုးသိန်းရှင်ရန်ပြေ စေတီတော်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပြီး သာသနာ့နယ်မြေအတွင်း လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်ချက်များဆွေးနွေးမှာကြားသည်။
ထို့နောက် လက်ပန်မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းဆိုင်ရာများကို တင်ပြပြီး လက်ပန်မြစိမ်းရောင် ကျေးရွာစီမံကိန်းကော်မတီဝင်များက လုပ်ငန်းအမျိုးအစားအလိုက် အောင်မြင်စွာဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည်အုတ်ဖိုကျေးရွာသို့ ရောက်ရှိကြပြီးကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြရာကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသောဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ကျေးရွာတစ်ရွာထုတ်ကုန် တစ်မျိုး (OTOP) စီမံကိန်းဆိုင်ရာများကိုလည်းကောင်း၊ အုတ်ဖိုကျေးရွာမှ စီမံကိန်းကော်မတီဝင်များက ဦးစားပေးလုပ်ငန်း အလိုက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကိုလည်းကောင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ကစိုက်ပျိုးမြေများအဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် စိုက်ပျိုးမွေးမြူရေး တွဲဘက်လုပ်ကိုင်ရေးအတွက် သက်ဆိုင်ရာဌာနများကကွင်းဆင်းလေ့လာကာ ဒေသနှင့် လိုက်လျောညီထွေစွာအကျိုး ဖြစ်ထွန်းစေနိုင်မည့် အစီအမံများအကောင်အထည်ဖော် ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများတွေ့ကြုံရမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက လိုက်နာကျင့်သုံးရန်လိုအပ်သည့် နည်းပညာရပ် ဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)