စားသုံးသူအခွင့်အရေးဟု ဆိုရသော်လည်း သည်အခွင့်အရေး၏ အကျိုးအမြတ်ကို ရရှိသူမှာ စားသုံးသူများသာ မဟုတ်ဘဲ ရောင်းချသူများလည်း ပါသည်ကို သတိပြုသင့်ပါသည်။ စားသုံးသူက ကုန်ပစ္စည်းသုံးစွဲရန် သို့မဟုတ် ဝန်ဆောင်မှုရယူရန် အခကြေးငွေပေးကာ ဝယ်ယူသည်။ ကုန်ပစ္စည်းထုတ်လုပ်သူ၊ ဖြန့်ဝေရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှု တစ်စုံတစ်ရာ ပေးသူတို့က ထိုကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အရည်အသွေးကို ထုတ်ဖော်ကြေညာကာ အခကြေးငွေ သတ်မှတ်ရောင်းချ၏။

ထိုသတ်မှတ်ထားသည့် အခကြေးငွေနှင့် ထိုက်တန်သော အရည်အသွေးရှိသည့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတို့ကို စားသုံးသူတို့က ရရှိခြင်းဖြင့် ထိုစီးပွားရေးလုပ်ငန်း တစ်ခုလုံး၏ လည်ပတ်မှုချောမွေ့ရေးကို အထောက်အကူဖြစ်စေ၏။

ထို့ထက်ပို၍ကား သတ်မှတ်ထားသော အခကြေးငွေဖြင့် ဝယ်ယူထား သည့် စားသုံးသူတို့ ရသင့်ရထိုက်သော အရည်အသွေး ရရှိနိုင်ရေးနှင့် ထိုလုပ်ငန်းလည်ပတ်မှု အဆင်ပြေချောမွေ့ရေးကို အထောက်အပံ့ဖြစ်စေခြင်းငှာ ဥပဒေစည်းမျဉ်းတို့က ထိန်းကွပ်ပေးရ၏။ ဤသို့ဖြင့် စားသုံးသူတို့ ရသင့်ရထိုက်သော အခွင့်အရေး အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပြီး ထိုအခွင့် အရေးတို့ကို ဥပဒေဖြင့် အကာအကွယ်ပေးခြင်းနှင့်အတူ မျှတသောကုန်သွယ်မှု ဝန်ဆောင်မှု လုပ်ငန်းရပ်များ ဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါသည်။

စားသုံးသူတို့သည် သတ်မှတ်ထားသည့် အခကြေးငွေပေးကာ ဝယ်ယူပြီးသည်၏ နောက်တွင်၊ ထိုကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတို့ကို ရယူသုံးစွဲရာတွင် အခြေခံအားဖြင့်
-    ဘေးကင်းလုံခြုံမှုရှိရန်၊
-    မှန်ကန်သော သတင်းနှင့် အချက်အလက်များရရှိရန်၊
-    ဈေးကွက်ကို လက်ဝါးကြီးအုပ်ကြီးစိုးထားမှုမျိုးက ကင်း၍ ရွေးချယ်ခွင့်ရှိရန်၊
-    စားသုံးသူတို့၏ အတွေ့အကြုံများကို ဖော်ပြဖလှယ်နိုင်ရန်
စသည့် အခွင့်အရေးများရှိရန် ဥပဒေဖြင့် အကာအကွယ်ပေးရပါသည်။ ယင်းအစီအမံက နိုင်ငံတကာ အစဉ်အလာ လုပ်ထုံးလုပ်နည်းလည်း ဖြစ်ပါ သည်။

ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုတို့တွင် အန္တရာယ်ဖြစ်နိုင်သည်တို့မှ ကင်းဝေးရေး၊ မည်သို့သောပစ္စည်းများ အရာများဖြင့် ဖွဲ့စည်းထားသည်၊ အလေးချိန်မည်မျှရှိသည်၊ မည်သည့်အချိန်အထိ သုံးစွဲရန်သင့်လျော်သည်၊ မည်သို့သော ဘေးထွက် ဆိုးကျိုးများရှိသည်၊ မိမိ၏ ဆောင်ရွက်ပေးနိုင်သည့် အတိုင်းအတာမှာ မည်မျှဖြစ်ကာ မည်သို့ တာဝန်ယူ ဆောင်ရွက်ပေးမည် စသည်တို့ကို မှန်မှန်ကန်ကန်နှင့် ထင်ထင်ရှားရှား ဖော်ပြထားရန် လိုပါသည်။

ထိုသို့ဖော်ပြပြီးနောက် ကြေညာထားသည်နှင့် မကိုက်ညီသော အရည်အသွေးဖြစ်ခြင်း၊ ထုတ်ဖော်ပြောဆိုထားသည့် ဝန်ဆောင်မှုများအတိုင်း မဖြစ်ခြင်း၊ ဖော်ပြထားသည့် အချက်အလက်များ မမှန်ကန်ခြင်း၊ လိမ်ညာ ဖုံးကွယ်ထားခြင်း၊ ထိန်ချန်ထားခြင်း စသည်တို့ကို ပြု၍မရ။ ထိုသို့သော အရည်အသွေးဆိုင်ရာ မပြည့်ဝမှုများဖြစ်လာလျှင် စားသုံးသူများက ဖွင့်ဟ ပြောဆို၍ဖြစ်စေ၊ တိုင်တန်းလာ၍ဖြစ်စေ၊ အခါအားလျော်စွာ စစ်ဆေး တွေ့ရှိ၍ဖြစ်စေ သိရှိရသည်နှင့် ဥပဒေနှင့်အညီ တရားစွဲဆိုခြင်း၊ အရေးယူ အပြစ်ပေးခြင်းတို့ကို အရေးတယူ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးကို အကာအကွယ်ပေးရန် လိုအပ်ပါသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ဥပဒေစိုးမိုးမှုနှင့် တာဝန်ယူမှုတို့ အလေးအနက်ထား စောင့်ထိန်းခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရာရောက်သည့် လုပ်ငန်းတာဝန် ဖြစ်ပါသည်။ ထို့ပြင် ကုန်ပစ္စည်းများ ထုတ်လုပ်သူများ၊ ဖြန့်ချိဖောက်ကား ရောင်းဝယ်သူများ၊ ဝန်ဆောင်မှုပေးနေသူများ စသည့် စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ မျှတမှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်စေရေး အတွက်လည်း စနစ်ကျန မှန်ကန်သည့် အာဝါသဝန်းကျင် တို့ကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်ပါကြောင်း။   ။
(မြန်မာ့အလင်း)