မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ကဏ္ဍတည်ငြိမ်စေရန်နှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန်အတွက် ဘဏ်များအပေါ် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည်။ ဗဟိုဘဏ်၏ သဘောသဘာဝအရ ဘဏ်များ၏ နောက်ဆုံးအားထားရာ (Lender of Last Resort)  အဖြစ် ဘဏ်များ၏ လိုအပ်ချက်များရှိခဲ့လျှင် ပြည့်ဝစွာ ကူညီထောက်ပံ့သွားမည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် ဘဏ်လုပ်ငန်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မရှိကြစေရန် စက်တင်ဘာလ ၂ ရက်နေ့က အသိပေး ထုတ်ပြန်ခဲ့သည်။

မကြာသေးမီရက်ပိုင်းက ဘဏ်နှင့် လုပ်ငန်းရှင်များအကြား ကြုံတွေ့ရသော အခက်အခဲ၊ ကမ္ဘာ့ရွှေဈေးတက်ရာမှ မြန်မာ့ရွှေဈေး ဆက်တိုက်တက်လာမှု၊ နိုင်ငံခြားငွေကြေးတန်ဖိုး တက်လာမှုကြောင့် ပြည်တွင်းငွေတန်ဖိုး ကျဆင်းမှု၊ ရွှေဈေး၊ ငွေဈေးတက်လာမှုနှင့် ဘဏ်လုပ်ငန်းကို အကြောင်းပြု၍ ကောလာဟလများပေါ် ထွက်မှု၊ ကုန်ပစ္စည်း ဈေးကစားမှု စသည်တို့သည် ပြည်သူလူထုအပေါ် အနည်းနှင့်အများ ဂယက်ရိုက်မှုရှိမည် ဖြစ်သည်။ ငွေကြေးမတည်ငြိမ်မှု၊ လှုပ်ရှားမှုများ နှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကောလာဟလ သတင်းများကို နားယောင်မှု၊ အလွန်အကျွံ စိုးရိမ်မှုမဖြစ်ကြရန် လိုအပ်ပါသည်။

ရွှေဈေး၊ ငွေဈေးနှင့်ပတ်သက်၍ ဈေးနှုန်းတက်ခြင်း၊ ကျခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် သဘောကဲ့သို့ဖြစ်နေပြီး သုံးစွဲသူပြည်သူတို့ အနေဖြင့် အသိတရားဖြင့် သတိမူဆင်ခြင်နိုင်ရန်သာ ဖြစ်သည်။ ငွေရေးကြေးရေးနှင့် ပတ်သက်၍ ဗဟိုဘဏ်မှ အတိအလင်း ထုတ်ပြန်ထားသည့်အတိုင်း စိုးရိမ်ပူပန်ဖွယ်ဖြစ်စရာ လိုမည်မဟုတ်ချေ။ လက်တွေ့တွင် ဘဏ်များ၌ ငွေကြေးစီးဆင်းမှု ပုံမှန်လည်ပတ်နေပြီး မည်သည့် အခက်အခဲမျှမရှိဘဲ ငွေသွင်း၊ ငွေထုတ်မှုမှာ ပုံမှန်အတိုင်းသာရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ် လေးခု၊ ပုဂ္ဂလိကဘဏ် ၂၇ ခု၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ခု၊ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၄၅ ခုဖွင့်လှစ်ထားပြီး နိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိကဘဏ်ခွဲပေါင်း ၁၈၀ဝ ကျော်ဖွင့်လှစ်ထားသည်။ ဘဏ်များ အားလုံး အခက်အခဲ တစ်စုံတစ်ရာမရှိဘဲ ငွေကြေးများ ပုံမှန်လည်ပတ် စီးဆင်းလျက်ရှိသည်။ ယမန်နှစ်ကုန်တွင် နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေကျပ် ဘီလီယံ လေးသောင်းကျော်ရှိပြီး ယခင်သုံးလနှင့် နှိုင်းယှဉ်လျှင် ဘဏ်များအားလုံး၌ အပ်ငွေများ မြင့်တက်နေသည်။

ရွှေဈေးမြင့်တက်လာချိန်တွင် ဘဏ်များမှ ငွေထုတ်ယူပြီး ရွှေဝယ်ယူ စုဆောင်းမှုများရှိပြီး ငွေသွင်း၊ ငွေထုတ်မှု အခြေအနေမှာ ပုံမှန်အတိုင်းသာ ရှိနေသည်။ ဗဟိုဘဏ်အနေဖြင့် ဘဏ်များအားလုံးကို နေ့စဉ် စောင့်ကြည့်စစ်ဆေး လျက်ရှိသည့်အပြင် ထိန်းကျောင်းမှုရှိသဖြင့် ငွေကြေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ဖွယ် မရှိနိုင်ပါ။ ရွှေဈေးတက်ခြင်းသည် ကမ္ဘာ့ရွှေဈေးကို အကြောင်းပြုသဖြင့် တက်ရိပ်၊ ကျရိပ်ရှိမည် ဖြစ်သည်။ ရွှေဈေး၊ ငွေဈေးသည် အကြောင်းကြောင်းကြောင့် ဖြစ်လာသော်လည်း ယင်းကိုအကြောင်းပြု၍ ကောလာဟလဖြင့် မီးလောင်ရာလေပင့်သည့် ပြုလုပ်မှုများကို သတိပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဘဏ်ချေးငွေကိစ္စ ဖြစ်ပေါ်ချိန်တွင် ကမ္ဘာ့ငွေဈေး၊ ရွှေဈေး တက်လာမှုနှင့် အကြောင်းတိုက်ဆိုင်သဖြင့် ပြည်တွင်း ငွေကြေး ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းကိုအကြောင်းပြု၍ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်သူများကို သတိပြုရန်နှင့် ပြည်သူများအနေဖြင့် ငွေကြေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုမဖြစ်ရန် အသိပေးအပ်ပါသည်။   ။
(ကြေးမုံ)