နေပြည်တော်  ၆ ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီက ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာ၊ မီးရထားသံလမ်းကူးအနီးတွင် အောင်ဇော်လင်း(ခ)လင်းလင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဘိန်းဖြူ ၁၀၈ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၁၀ တို့ကို လည်းကောင်း၊

 

အလားတူ ယင်းနေ့ညနေ ၄ နာရီခွဲက  မူးယစ်တပ်ဖွဲ့စု(၇)တမူးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့၊ ဈေးတန်းရပ်ကွက်၊ မဟူရာလမ်း၊ အကောက်ခွန်ရုံးရှေ့တွင် အိန္ဒိယနိုင်ငံသား တောင်းတင်လာလ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ Buprenorphine ဆေးပြား ၁၂ ပြား၊Alprazolam ဆေးပြား ၁၀ ပြားနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁၀ ပြားတို့ကို လည်းကောင်း၊ 

 

ထို့အတူ ယင်းနေ့နံနက် ၃ နာရီခွဲက  သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ဟလယ်၏မော်တော်ဆိုင်ကယ်ပြင်ဆိုင်ကိုရှာဖွေရာ ဟလယ်၊ မောင်မင်း၊ ဇော်လင်းထွန်း၊ အောင်မင်းဦးတို့အားတွေ့ရှိရပြီး ဟလယ်ထံမှ ပွိုင့် ၂၂ ကျည်ဖြင့်ပစ်ခတ်ရသည့် ဘောပင်သေနတ် ၁ လက်၊ ပွိုင့် ၂၂ ကျည် ၃ တောင့်၊ စိတ်ကြွရူးသွပ်ဆေး ၄ ပြား၊ ငွေကျပ် ၁၁,၀၀၀ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ပြား၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မော်တော်ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)