ကိုရင်ဩ
ပစ္စက္ခကာလ နိုင်ငံတကာ ဘူမိ-နိုင်ငံရေးနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေများ လှုပ်လှုပ်ရှားရှား ပွတ်တိုက်မှုများ ဖြစ်ပေါ်နေချိန် အရှေ့တိုင်းဒေသသို့ ခရီးနှင်လာသူတစ်ဦးမှာ ဂျာမနီနိုင်ငံ၏ အဓိပတိ(ဝါ) ဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲလ် ဖြစ်၏။ သူသည် တရုတ်နိုင်ငံမြို့တော် ပေကျင်းသို့ စက်တင်ဘာ ၅ ရက်တွင် ဆိုက်ရောက်လာပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ လောလောလတ်လတ် သံတမန်ရေး အခင်းအကျင်းကို စေ့ငုလေ့လာမိလေ၏။
တရုတ်နိုင်ငံသို့ သုံးရက်ကြာ ခရီးနှင်လာခဲ့သူမာကဲလ်သည် ဥရောပသမဂ္ဂ(အီးယူ)နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး ဆက်ဆံမှု တိုးတက်ခိုင်မာလာစေရေးအတွက် ကြိုးပမ်းသွားရန် သန္နိဋ္ဌာန်ချ မှတ်ထားပုံရကြောင်း သတင်းဆန်းစစ်သူများက သုံးသပ်ထား ကြသည်။
ကုန်သွယ်ရေးစစ်ပွဲ
မာကဲလ်သည် စက်တင်ဘာ ၅ ရက်တွင် ပေကျင်းသို့ ဆိုက်ရောက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် လီခချန်းနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်။ တရုတ်နှင့် အမေရိကန်တို့အကြား မပြီးဆုံးနိုင်သေးသော ကုန်သွယ်ရေးအငြင်းပွားမှုက ဂျာမနီနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများအပေါ် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်တစ်ဖုံ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေရာ နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးပွဲများတွင် ကမ္ဘာ့ထိပ်သီးစီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် ကုန်သွယ်ရေးစစ်ပွဲနှင့် ပတ်သက်၍ အလေးပေးဆွေးနွေးကြောင်း ကျွန်ုပ်လေ့လာတွေ့ရှိရ၏။
နိုင်ငံခြားပို့ကုန် တင်ပို့နိုင်မှု အားနည်းသွားခြင်းကြောင့် ယခုနှစ်၏ ဒုတိယသုံးလပတ် တာကာလတွင် ကုန်သွယ်ရေး တိုးတက်မှုနှုန်း နှေးကွေးသွားခဲ့ရပြီး အကျိုးရလဒ်အနေဖြင့် ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် စီးပွားရေးထိုင်းမှိုင်းမှု အခြေအနေသို့ ဦးတည်နေချိန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာလည်း ဆယ်စုနှစ် သုံးစုတာကာလအတွင်း အနှေးဆုံးနှုန်းသို့ ရောက်ရှိသွားရာ စီးပွားရေးအရ ဂယက်လှိုင်းများ ရိုက်ခတ်နေချိန်ဟု ဆိုနိုင်ပေသည်။
ဒေါ်လာငွေ ကုဋေပေါင်းများစွာတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အမေရိကန်က ကုန်သွယ်စည်းကြပ်ခွန်များ တိုးမြှင့် ကောက်ခံခြင်းဖြင့် တရုတ်နိုင်ငံကလည်း ပါးကိုက်လျှင် နားကိုက်ဟူဘိသို့ တန်ပြန်တုံ့ပြန်မှုများ ပြုလုပ်လျက်ရှိရာ ထုံပေပေ အခြေအနေတစ်ရပ်ဟု ဆိုရအံ့လောက်ပေသည်။
ဆိုက်ရောက်လာ
ဝန်ကြီးချုပ် မာကဲလ်သည် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တစ်ပြုံတစ်ခေါင်းနှင့်အတူ မြို့တော် ပေကျင်းသို့ ဆိုက်ရောက် လာခဲ့၏။ တရုတ်နိုင်ငံနှင့် ဥရောပတိုက်လုံးဆိုင်ရာ စီးပွားရေးပေါင်းစည်းရေး လှုပ်ရှားမှုကို ကိုယ်စားပြုသော အီးယူ အဖွဲ့အစည်းတို့အကြား ရင်းနှီးမြှုပ်နှံရေး သဘောတူညီချက်တစ်ရပ်ကို မကြာမီ အပြီးသတ်ချုပ်ဆိုနိုင်ရန် မာကဲလ်က ကြိုးပမ်း သွားဖွယ်ရှိလေသည်။
တရုတ်နှင့် အီးယူတို့အကြား ရင်းနှီးမြှုပ်နှံမှု မြင့်မားတိုးတက်ရေးတွင် ခလုတ်တံသင်းများကို ကျော်လွှားရဖို့ရှိသည်။ ဂျာမနီနိုင်ငံကရော အီးယူကပါ လွန်ခဲ့သည့် နှစ်တစ်နှစ်တာကာလပတ်လုံး တရုတ်နိုင်ငံအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များကို တင်းကျပ်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒကို ကျင့်သုံးနေ သည် ဟူ၍ပင် ဥရောပခေါင်းဆောင်အချို့က စွပ်စွဲမှုများ ပြုခဲ့သေးသည်။
အီးယူနှင့် တရုတ်တို့ ရင်းနှီးမြှုပ်နှံရေး သဘောတူညီချက် အသစ်ရရှိလာခြင်းဖြင့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများကို နှစ်ဖက်စလုံးက ရှင်းလင်းဖယ်ရှား လာနိုင်ပေမည်။
ဂျာမနီနိုင်ငံသည် တရုတ်ကုမ္ပဏီများကို ပိုမိုလက်ခံလာလိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း၊ အချို့သော ကုန်စည်များ အတွက် ပို့ကုန်ကန့်သတ်ချက်များ လျှော့ချပေးစေလိုကြောင်း တရုတ်ဝန်ကြီးချုပ် လီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဈေးကွက် ပိုမိုဖွင့်ပေးရန် အသင့်ရှိနေကြောင်းလည်း သူက အလေးအနက် ဆိုမိန့်ခဲ့သည်။
မိမိတို့နိုင်ငံတွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုပါကြောင်း၊ သို့ရာတွင် မဟာဗျူဟာမြောက် စီးပွားရေးလုပ်ငန်း နယ်ပယ်အချို့တွင် ပြည်ပကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံခြင်းကို တိတိကျကျ စိစစ်ရန် လိုအပ်ဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မာကဲလ်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မာကဲလ်သည် စက်တင်ဘာ ၆ ရက်အစောပိုင်းက မြို့တော်ပေကျင်းရှိ ပြည်သူ့မဟာ ခန်းမ ဆောင်ကြီးတွင် ပြုလုပ်သော တရားဝင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယင်းနေ့နှောင်းပိုင်းတွင် တရုတ်-ဂျာမနီ စီးပွားရေးရာ အကြံပေးကော်မတီ၏ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ကော်မတီသည်နှစ်နိုင်ငံရှိ စီးပွားရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များ အပြန်အလှန် ဆွေးနွေးနိုင်သော ပလက်ဖောင်းတစ်ခုဖြစ်သည်။
ဆက်လက်ထွက်ခွာ
မာကဲလ်သည် စက်တင်ဘာ ၆ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကာ စက်တင်ဘာ ၇ ရက်တွင် ဝူဟန်မြို့သို့ ဆက်လက်ထွက်ခွာရန် စီစဉ်ထားသည်။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ရှိ ဟွာကျွိုင်းတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခြင်း၊ ယင်းမြို့ရှိစီးပွားရေး အသိုက်အဝန်းနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်သွားမည်ဆို၏။
မာကဲလ်သည် ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များ နှင့်အတူ မြို့တော် ပေကျင်းနှင့် ဝူဟန်မြို့တို့ရှိ အထင်ကရ ကုမ္ပဏီများသို့ သွားရောက်ရန် စီစဉ်ထားသည်။ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တာကာလအတွင်း ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ယူရို ဘီလီယံ ၁၀ဝ (အမေရိကန်ဒေါ်လာ ၁၁၁ ဘီလီယံ)အထိ ကုန်ပစ္စည်းအရ ကုန်သွယ်မှုပြုလုပ်ခဲ့သည်။
ဥရောပသမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးနေရာကိုဂျာမနီနိုင်ငံက ၂၀၂၀ ပြည့်နှစ်တွင် ရယူရန်ရှိနေချိန်တွင် တရုတ်နိုင်ငံသို့ မာကဲလ် လာရောက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဒုတိယမြောက် အင်အားအကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေပြီး ယင်းနိုင်ငံအပေါ် ဥရောပနိုင်ငံများကထားရှိမည့် တညီတညွတ်တည်းဖြစ်သော သဘောထား ရပ်တည်ချက်ကို ချမှတ်နိုင်ရန်လာမည့်နှစ်တွင် အီးယူ-တရုတ် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပနိုင်ရန် မာကဲလ်က ကြိုတင် ပြင်ဆင်နေချိန်လည်း ဖြစ်သည်။
ချိန်ဆနေကြရ
တရုတ်နိုင်ငံသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ဖွံ့ဖြိုးရေးအစီအစဉ်အရ ကမ္ဘာတစ်လွှားတွင် အခြေခံ အဆောက်အအုံလုပ်ငန်း စီမံကိန်းကြီးများကို မြှင့်တင်အားပေးလျက်ရှိရာ ယင်းနိုင်ငံ၏ ဩဇာလွှမ်းမိုးမှု အကျိုးသက်ရောက်လာနိုင်မှုများကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက အထူးတလည် ချိန်ဆနေကြရသည်။ ဥရောပတိုက်ရှိ စီးပွားရေးအင်အား နည်းပါးသော ဟန်ဂေရီနှင့် ဂရိတို့ကဲ့သို့သော နိုင်ငံများအပေါ် တရုတ်နိုင်ငံက ဩဇာချဲ့ထွင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဥရောပ ခေါင်းဆောင်များက ရှုမြင်ကြသည်။
တရုတ်နိုင်ငံသို့ (၁၂)ကြိမ်မြောက် ရောက်ရှိလာခဲ့သူ မာကဲလ်သည် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်နိုင်ရန်လည်းကောင်း၊ စီးပွားရေး မူဝါဒများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးနိုင်ရန် လည်းကောင်း၊ နိုင်ငံတကာရေးရာ အခြေအနေများနှင့် ပတ်သက်၍ သဘောထားအမြင်ချင်း ဖလှယ်ရန်လည်းကောင်း တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျာမန်ဖက်ဒရယ် အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စတီဘင် ဆေးဘတ်က ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံသည် အစဉ်အလာအားဖြင့် အမေရိကန်၏ မိတ်ဖက်နိုင်ငံအဖြစ် အခိုင်အမာ ရပ်တည်ခဲ့လင့်ကစား အမေရိကန်၏ ကုန်သွယ်ရေး ဖိအားပေးမှုများကို ယင်းနိုင်ငံက တုံ့ပြန်နေရချိန်တွင် မာကဲလ်၏ခရီးစဉ် ဖြစ်ပေါ်လာခဲ့သည်။
ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေး အင်အားကြီးထွားလာနေမှုကို အလေးမူလျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ရထားကြီးနှင့်အတူ ဂျာမန်စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်း လိုက်ပါရန် ဆန္ဒရှိနေ ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေး လေ့လာရေးသိပ္ပံ၏ ဒုတိယဥက္ကဋ္ဌ ဖန်းကျိုပင်းက ပြောကြားသည်။
နှစ်နိုင်ငံ တူညီသော အကျိုးစီးပွားများကို ဦးတည်လျက် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းရှင်ကြီးများ ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာမည်ဖြစ်ကြောင်း သူက ပြောကြားသည်။
တရုတ်နိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးဆီသို့ ဦးတည်နေသော ဂျာမနီနိုင်ငံ၏ ခြေလှမ်းများနှင့် ပတ်သက်၍ ဂျာမန်နိုင်ငံခြားရေး ဌာန ဒုတိယဝန်ကြီး ဝုဖန်းအိုင်ချင်ဂါက ပြောကြားခဲ့သည်။
“မိမိတို့နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများသည် တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း နေကြကြောင်း၊ အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနေချိန် ဂျာမနီမော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီးများ တရုတ်နိုင်ငံတွင် ခြေကုပ်ရရှိရန် ဦးတည်လာနေကြပြီး တရုတ်နိုင်ငံကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရန် လုပ်ဆောင်လာနေကြောင်း၊ အထူးအားဖြင့် အီးဗွီ(ဝါ) လျှပ်စစ်ကားဈေးကွက်တွင် ဂျာမန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံလိုကြောင်း သူက လူတွေ့မေးမြန်းခန်းတစ်ရပ်တွင် ပြောကြားခဲ့သည်။
တင်းမာသောသဘောထား
တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေချိန်တွင် ဂျပန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ ပိုမိုတင်းမာသော သဘောထားများကို ပြသခဲ့ကြသော်လည်း ဂျာမနီနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ဉာဏမူပိုင်ခွင့်ဆိုင်ရာ ပစ္စည်းများကဏ္ဍတို့တွင် တရုတ်နိုင်ငံအပေါ် တင်းမာသော သဘောထားကိုင်စွဲလျက် ရပ်တည်ရေးမှာ အစဉ်အမြဲ မလွယ်ကူကြောင်း၊ အကြောင်းမှာ စီးပွားရေးနှေးကွေးမှု အလားအလာများရှိနေခြင်းကြောင့် ပြည်ပပို့ကုန်အပေါ် မှီခိုအားထားနေရသော ဂျာမနီနိုင်ငံအနေဖြင့် မိမိ၏နိုင်ငံ အကျိုးယုတ်စေမည့် မဟာဗျူဟာကို တရားသေ ချမှတ်ကျင့်သုံး နိုင်ဖွယ်မရှိကြောင်း မြူးနစ်လုံခြုံရေး ညီလာခံ၏ သဘာပတိလည်းဖြစ်သူ ဝုဖန်းက ဆိုသည်။
တရုတ်နိုင်ငံသည် မိမိတို့နိုင်ငံအတွက် ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို စီးပွားပြိုင်ဘက် နိုင်ငံအဖြစ်လည်း ရပ်တည်နေပေရာ တစ်မျိုးတစ်ဖုံ ထူးခြားသော မဟာဗျူဟာဖြင့် မိမိတို့ ရှေ့ဆက်ရလိမ့်မည်ဖြစ်ကြောင်း ဝုဖန်းက သုံးသပ်သည်။
ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ ဥရောပကုန်သွယ်ဖက်များအနက် အကြီးဆုံးသော နိုင်ငံအဆင့်အတန်းကို ကာလကြာရှည် ထိန်းသိမ်းလာခဲ့ပြီး လွန်ခဲ့သည့်နှစ်က နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှု ဒေါ်လာ ၁၉၅ ဘီလီယံခန့်အထိ ရောက်ရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် ဝန်ကြီးချုပ်မာကဲလ်က တရုတ်နိုင်ငံနှင့် ပတ်သက်၍ စီးပွားရေးဆက်ဆံမှု ကောင်းမွန်ရေးကို အလေးပေး လျက်ရှိသည်ဟု ကျွန်ုပ်တွေးတောမိရင်း “တရုတ်စီးပွားရေးအင်အား ဂျာမနီနှင့် အီးယူ အလေးထား” ဟု ကျူးရင့်မိပါ သတည်း။ ။
Ref: Merkel focuses on trade at start of talks in Beijing (Aljazeera)