၈ စက်တင်ဘာ
ကိုယ့်ကလေးနေမကောင်းရင် မိဘလုပ်သူတွေ အလုပ်ရှုပ်ပြီး ပျာယာခတ်ရပြီ။ ကလေးအမြန်သက်သာအောင် ဟိုဆေးခန်းပြေးရ၊ ဒီဆေးခန်းပြေးရနဲ့ ဖတ်ဖတ်မောနေရတဲ့အပြင် အိမ်မှာလည်း ကလေးဝေယျာဝစ္စနဲ့ အစားအသောက်ပြင်ဆင်တာလည်းလုပ်ရသေးတယ်။ ဒါပေမယ့် ကလေးနေမကောင်းတဲ့အခါမှာ ဆေးခန်းပြ၊ ဆေးမှန်မှန်တိုက်တာနဲ့ မပြီးသေးပါဘူး။ နေမြန်မြန်ပြန်ကောင်းဖို့က ကလေးရဲ့ကိုယ်ခံအားတက်လာဖို့အရေးကြီးတာကြောင့် အစာဝင်မှဖြစ်မယ်၊ ဝင်တဲ့အစာတွေကလည်း အာဟာရပြည့်တာတွေဖြစ်ရမယ်။ ဒီအချိန်မှာဘာတွေ ကျွေးရင်ကောင်းမလဲ၊ ဘယ်အစားအစာတွေက အားပြန်ပြည့်စေပြီး မြန်မြန်နေပြန်ကောင်းစေမလဲဆိုတာ ကြည့်ရအောင်။
(၁) ဆန်ပြုတ်
နေမကောင်းရင် ဆန်ပြုတ်က တကယ်ကို ဆေးတစ်ခွက်ပါပဲ။ စားရလွယ်တယ်၊ သူ့ထဲမှာ အာဟာရတွေထပ်ပေါင်းထည့်လို့ရတယ် (ကြက်သားပြုတ်ရည်ထည့်တည်တာမျိုး)၊ အားရှိစေတယ်၊ အစာကြေလွယ်တယ်၊ များများစားလို့တောင် ဘေးမဖြစ်စေနိုင်ဘူး။
(၂) နို့နဲ့ ကြက်ဥ
ကလေးက ဝမ်းလျှောနေတာမဟုတ်ဘူးဆိုရင် နွားနို့ သို့မဟုတ် နို့မှုန့်နဲ့ကြက်ဥပါတဲ့ အာဟာရတစ်ခုခု ဖန်တီးပေးနိုင်ပါတယ်။ ဥပမာ ပူတင်းပျော့ပျော့လေး လုပ်ကျွေးတာမျိုး။ ကွေကာအုပ်နဲ့နွားနို့ကို ကျိုတိုက်တာလည်း ကောင်းပါတယ်။
(၃) ကြက်စွပ်ပြုတ်
အအေးမိ၊ တုပ်ကွေးဆိုရင် ကြက်စွပ်ပြုတ်နဲ့တင် ပျောက်ကင်းသက်သာစေနိုင်တယ်လို့ ပြောကြပါတယ်။ အအေးမိအတွက်တင် မကပါဘူး။ ကြက်စွပ်ပြုတ်က ကိုယ်ခံအားကိုကောင်းစေတာကြောင့် ဖျားနာ၊ အားနည်းနေတာမှန်သမျှ နာလန်ထူဖို့မြန်စေပါလိမ့်မယ်။ အစာအိမ်အတွက်လည်းကောင်းပြီး ပရိုတင်းနဲ့တခြားအာဟာရဓာတ်တွေပါဝင်လို့ အသီးအရွက်လေးနည်းနည်းခတ်လိုက်ရင် ညီညွတ်မျှတဲ့အာဟာရကို တစ်ချက်တည်းရရှိနိုင်ပါတယ်။
(၄) ကြက်ပေါင်း/ ငါးကင်
ငါးကင်ဆိုတာ ဆိုင်တွေမှာလို မီးပြင်းပြင်းနဲ့ကင်တဲ့ ခပ်တူးတူးတွေမဖြစ်ရပါဘူး။ မီးနည်းနည်းနဲ့ ကျက်အောင်ကင်ထားတဲ့ သဘာဝငါးကင်(ခဲပတ်နဲ့လည်းရတယ်)၊ ဒါမှမဟုတ် နူးအိနေတဲ့ကြက်ပေါင်းလေးဆို ကလေးတွေ ခံတွင်းလိုက် နိုင်ပါတယ်။
(၅) အုတ်ဂျုံ
အသင့်သောက် ကွေကာအုပ်တွေမဟုတ်ဘဲ ကွေကာအလွတ်ကိုဝယ်ထားပါ။ အဲဒီကွေကာကိုမှ နွားနို့လေးနဲ့ကျိုပြီးတိုက်ကျွေးရင် ကယ်လိုရီ၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အုတ်ဂျုံရဲ့တခြားကျန်းမာရေးကျေးဇူးတွေက ကိုယ်ခံအားစနစ်ကိုနှိုးဆွပေးတယ်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတယ်။
(၆) သစ်သီးနဲ့ဟင်းသီးဟင်းရွက်
ဗီတာမင် C ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ လိမ္မော်သီးလို အသီးမျိုးတွေက ကိုယ်ခံအားပိုကောင်းစေပါတယ်။ မုန်လာဥနီဆိုရင် ဘီတာကယ်ရိုတင်းပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းက ဗီတာမင် A ပြောင်းလဲဖြစ်ပေါ်မှုအထောက်အကူပေးပြီး ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေရန်က ခုခံကာကွယ်ပေးပါတယ်။
နေမကောင်းတဲ့အချိန် ကလေးကို အစားအစာကျွေးတဲ့အခါ
တစ်ခါကျွေးရင် နည်းနည်းချင်း မကြာခဏကျွေးပါ။ အချိန်ကိုလည်းမှတ်ထားရပါမယ်။
စိတ်ရှည်ပါ။ ကလေးကနေမကောင်းတဲ့အချိန်မို့ အီနေ၊ ငြင်းဆန်နေလည်း စိတ်မညစ်ပါနဲ့။ ခံတွင်းတွေ့လောက်မယ့် စားစရာလေးတွေ အပြောင်းအလဲလုပ်ပေးပါ။
တစ်ခုရှိတာက ကလေးကမစားချင်ဘူးဆို အတင်းဖိအားပေး မကျွေးပါနဲ့။ အစာမဝင်လို့မဖြစ်လို့သာ နည်းနည်းလောက် စားဝင်ရင် ရပ်ထားပါ။
ကလေးကို ပက်လက်နဲ့ အစားအစာမကျွေးပါနဲ့။ ထိုင်လျက်ပဲ ကျွေးပါ။ အဝင်လွဲပြီး တစ်ဆို့နေရင် အသက်ရှူကျပ်သွားနိုင်ပါတယ်။
ကလေးက အန်ထားတယ်ဆိုရင် အရည်များများတိုက်ပါ။
နေမကောင်းဖြစ်နေချိန်မှာ ကျွေးတဲ့အစားအစာက အာဟာရပြည့်ပြီး ခွန်အားပြည့်မယ့်စားစရာပဲဖြစ်သင့်တယ်ဆိုတာ မမေ့ဖို့ အရေးကြီးပါတယ်။ အစာစားချင်စိတ်ဖြစ်အောင်ဆိုပြီး ပြင်ပအစာတွေ၊ ကျန်းမာရေးနဲ့မညီတာတွေ ဝယ်မကျွေးပါနဲ့။ အစာလုံးဝမဝင်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြန်ပြပြီး အကြံပြုချက်တောင်းခံပါ။ အစာစားချင်စိတ်မရှိတာက ဖျားနာတာထက် ပိုပြင်းထန်တဲ့ရောဂါတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ပါ။
ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”