မြန်မာနိုင်ငံ၏ ရင်းမြစ်ကျသော ပြဿနာကြီးတစ်ခုမှာ ဥပဒေစိုးမိုးမှု ဖြစ်ပါသည်။ ပြည်သူတို့၏ ပုံမှန်အလုပ်သွားပြန်၊ ကျောင်းသွားပြန်၊ ဈေးသွားပြန်၊ ဘုရားသွားကျောင်းတက် အစရှိသည့် နေ့စဉ်နေမှု၊ ထိုင်မှု၊ သွားလာလှုပ်ရှားမှု ရှင်သန်နေထိုင်ရေးဘဝများတွင်ပင် ဥပဒေ၏ အကာ အကွယ်ရရှိမှု လျော့ရိလျော့ရဲ ဖြစ်နေသည်ဟု ခံစားနေရသည်မှာ နှစ်များစွာ ကြာခဲ့ပြီ။

 

မဆိုစလောက်မျှသော ငွေပမာဏအတွက်၊ မပြောပလောက်သည့် အခြေအတင်ငြင်းခုံမှုတစ်ခုအတွက်၊ မကြီးကျယ်လှသော မခံချင်ဖွယ် ကိစ္စတစ်ရပ်အတွက် မကြားဝံ့လောက်အောင် ကြမ်းတမ်းသည့် ရန်ပြု အကြမ်းဖက်မှုများက နိုင်ငံသားတို့ကို ခြိမ်းခြောက်နေ၏။

 

ပုံမှန် ဒေါသထွက်မှု၊ ဖြစ်ရိုးဖြစ်စဉ် တုံ့ပြန်မှုမျိုးမဟုတ်ဟု ယူဆရမည့် ရက်စက်ကြမ်းကြုတ်မှုတို့က တဖြည်းဖြည်းချင်း၊ တစ်နေ့တခြား ဆိုးရွား လာနေသည်ကို တွေ့ရ၏။ အရက်သေစာသောက်စားမူးယစ်ခြင်းနှင့် အထူးသဖြင့် မူးယစ်ဆေးဝါးတို့၏ လှုံ့ဆော်မှုတို့ကြောင့်ဟု ယူဆရသော ရာဇဝတ်မှုများက အထူးများပြားလာနေသည်ကိုလည်း ကြုံတွေ့နေရ၏။

 

ဆယ်ကျော်သက်များ လူငယ်များမှသည် လူကြီးပိုင်းအရွယ်များ အထိ ထိုးဖောက်ဝင်ရောက်လာနေသော မူးယစ်ဆေးဝါးမျိုးစုံတို့၏ အန္တရာယ်က တစ်နိုင်ငံလုံးကို ခြောက်လှန့်နေချေသည်။ ဖမ်းဆီးရမိသည် ဆိုသော ပိုင်ရှင်ရှိ၊ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတို့၏ ပမာဏအရွယ်အစားတို့က လည်း ကြောက်ခမန်းလိလိ ဖြစ်နေပေသည်။

လူငယ်လူရွယ်များအကြား၊ ဆယ်ကျော်သက်များအကြား တိုးဝင်နေ သည့် မူးယစ်ဆေးဝါးအ္တရာယ်ဆိုသည်မှာ အနာဂတ်ကို ရက်ရက်စက်စက် လုပ်ကြံနေသည်ဟု ဆိုရပါမည်။ တစ်နည်းဆိုရပါလျှင် လူအမြောက် အမြားကို သတ်ဖြတ်နေခြင်း၊ မျိုးဆက်သစ်များကို မျိုးတုံးအောင် အညွန့် တုံးအောင် ဖန်တီးနေခြင်းပင် ဖြစ်ပါသည်။

ဖမ်းဆီးရမိသည်ဟု ကြေညာထားသော မူးယစ်ဆေးဝါးများ၏ တန်ဖိုးများကို တွက်ချက်ကြည့်လျှင် အလွန်မတရား များပြားလွန်း လှသော ငွေကြေးတန်ဖိုးများနှင့် လည်ပတ်နေသည့် စီးပွားရေးလုပ်ငန်းကြီးများ အဖြစ် ခန့်မှန်း၍ ရနိုင်ပါသည်။

 

သို့ဖြစ်၍ နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များကို မျိုးတုံးအောင် ဖန်တီးနေသည့် မူးယစ်ဆေးဝါးအ္တရာယ်ကို ပိုမိုအလေးအနက်ထား ဂရုပြု ကြရန် လိုအပ်နေပြီဟု နှိုးဆော်အကြံပြုလိုက်ရပါကြောင်း။ ။ မြန်မာ့အလင်း