၁၀ စက်တင်ဘာ

ယခုအချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါတို့နှင့် ပတ်သက်၍ ယခင်နှစ်များနှင့်မတူ လူ့အသက်သေဆုံးမှုပိုများသဖြင့် အထူးသတိပြု ကာကွယ်စောင့်ရှောက် ကုသမှုပြုကြရမည်ဖြစ်သည်။ ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၆ ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါကြောင့် တစ်နိုင်ငံလုံးတွင် သေဆုံးသူ ၁၀၉ ဦးအထိရှိပြီး ဩဂုတ်လ ၁၀ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၆၈ ဦးအထိ ရှိနေပြီဖြစ်သည်။

အဆိုပါ ကူးစက်ရောဂါများမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိသဖြင့် အထူးအဆန်းမဟုတ်သော်လည်း ယခုနှစ်မိုးရာသီတွင်မူ ရာသီဥတုပြင်းထန်မှုနှင့် ဆက်စပ်လျက် ဖြစ်ပွားမှုနှုန်းလည်းမြင့်တက်ပြီး သေဆုံးမှုနှုန်းပါ ယခင်နှစ်များနှင့်မတူ ပိုမိုလာသည်ကို အထူးဂရုပြုရန်လိုမည်ဖြစ်သည်။ ရာသီတုပ်ကွေးရောဂါမှာ ၂၀၁၇ ခုနှစ်က ဖြစ်ပွားသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ၃၈ ဦးသာရှိခဲ့သည်။ ယခုနှစ်တွင် ဖြစ်ပွားသူ ၆၇၂ ဦးရှိပြီး သေဆုံးသူ၁၀၉ ဦးရှိသဖြင့် ၂၀၁၇ ခုနှစ်နှင့်နှိုင်းစာလျှင် သေဆုံးသူ သုံးဆကျော်နေသည်။

ရာသီတုပ်ကွေးဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးမှုအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ဒုတိယ အများဆုံးဖြစ်သည်။ သေဆုံးသည့် အသက်အရွယ်မှာ ၁၅ နှစ်မှ ၆၅ နှစ်အတွင်းသေဆုံးမှု ၅၇ ရာခိုင်နှုန်း၊ တစ်နှစ်မှ ငါးနှစ်အတွင်း ၁၄ ရာခိုင်နှုန်း၊ ငါးနှစ်မှ ၁၅ နှစ်အတွင်း ၁၃ ရာခိုင်နှုန်း၊ ၆၅ နှစ်အထက် ကိုးရာခိုင်နှုန်းနှင့် တစ်နှစ်အောက်ကလေးများတွင် ခုနစ်ရာ ခိုင်နှုန်းသေဆုံးမှုရှိရာ အသက်အရွယ် ငယ်လွန်းသူ၊ ကိုယ်ခံအားနည်းသူနှင့် ရောဂါအခံရှိသူများ အထူးဂရုပြုကြရမည်ဖြစ်သည်။

ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူများတွင် အသက်အရွယ်ငယ်လွန်းသူများနှင့် ကြီးလွန်းသူများ၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ နှလုံးရောဂါ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နာတာရှည်ရောဂါအခံရှိသူများ ဖြစ်ကြသည်။ ရောဂါပြင်းထန်ပါက အဖျားကြီးခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ခက်ခြင်း၊ မြန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တတ်ပြီး ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသ ကုသရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါတွင်လည်း ဖြစ်ပွားမှုနှင့် သေဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးပင် ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါမှာ ခြင်မှဖြစ်ပွားခြင်းဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုမြင့်တက်လာသည်။ ယမန်နှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၃၀ဝ၀ တွင် သေဆုံးသူ၁၁၂ ဦးရှိခဲ့သည်။ ယခုနှစ်တွင် ဇန်နဝါရီလမှ ဩဂုတ်လ ၁၀ ရက်နေ့အထိဖြစ်ပွားသူ ၁၃၀၄၈ ဦးရှိပြီး သေဆုံးသူ ၆၈ ဦးရှိသည်။ သွေးလွန်တုပ်ကွေး ရောဂါမှာ စက်တင်ဘာလအထိ ဖြစ်ပွားတတ်သဖြင့် ယမန်နှစ်က ဖြစ်ပွားနှုန်းထက် တိုးတက်မလာစေရန် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်သည့် ရာသီတုပ်ကွေး စသည့်တုပ်ကွေးရောဂါ အမျိုးမျိုးတို့သည် ဖြစ်ပွားနှုန်းမြင့်တက်ပြီး လူ့အသက်သေဆုံးနိုင်သည်အထိ ဖြစ်ပေါ်တတ်သဖြင့် ကူးစက်မှုမခံရအောင် ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်ရေးကို လူတိုင်းလူတိုင်း ဂရုပြုရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာတို့ကလည်း အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ