၁၀ စက်တင်ဘာ
“ ဒီမိုကရေစီသည် ပြည်သူအတွက် ပြည်သူကအုပ်စိုးသော ပြည်သူ့အစိုးရ” ဆိုသည့် အမေရိကန်သမ္မတဟောင်း အေဘရာဟင်လင်ကွန်း၏ ဂတ်တီစဘတ်မိန့်ခွန်းပါစကားမှာ ကမ္ဘာကျော်သည်။ ဒီမိုကရေစီကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် မကြာခဏကိုးကားလေ့ရှိကြသော စကားလည်းဖြစ်သည်။ ဒီမိုကရေစီသည် အုပ်ချုပ်ရေးစနစ်တစ်ရပ်ဖြစ်ပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို နိုင်ငံအတွင်းရှိ ပြည်သူလူထုကပိုင်ဆိုင်ပြီး ပြည်သူလူထုမှတစ်ဆင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံသို့ အာဏာသက်ဆင်းလာသည်ဟူ၍ အသိအမှတ်ပြုထားသည်။
ဒီမိုကရေစီစနစ်အရ ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့်အစိုးရက ပြည်သူလူထု၏အကျိုးစီးပွားအတွက် ပြည်သူက နှင်းအပ်သည့်အာဏာကို စွဲကိုင်လျက် လုပ်ကိုင်ဆောင်ရွက်ရာတွင် အစိုးရကချမှတ်မည့် မူဝါဒလမ်းစဉ်များ၊ လုပ်ကိုင်ဆောင်ရွက်မှုများကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာအသိပေးရန်၊ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရန်တို့သည် အရေးကြီးသည့် လုပ်ငန်းများပင်ဖြစ်သည်။ ယင်း၏အဓိပ္ပာယ်မှာ အုပ်ချုပ်ရေးသည် လူတိုင်းနှင့် သက်ဆိုင်ပြီး နိုင်ငံရေးတွင် လူတိုင်းပါဝင်နေရခြင်း ပင်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ဒီမိုကရေစီနိုင်ငံသူ နိုင်ငံသား ပြည်သူလူထု၏ အရည်အသွေး တစ်နည်းအားဖြင့် ပြည်သူလူထု၏ ဉာဏ်ပညာဗဟုသုတဖွံ့ ဖြိုးမှုနှင့်ပြည်သူလူထု၏ နိုင်ငံရေးနိုးကြားမှုတို့မှာ နိုင်ငံအတွက် အထူးပင်အရေးကြီးသည်။ ပြည်သူလူထုသည် နိုင်ငံ၏ အရေးအရာများကို ပြည့်စုံမှန်ကန်စွာ နားလည်သုံးသပ်နိုင်သည့် ပညာမရှိ။ နိုင်ငံရေးနိုးကြားမှုတွင်လည်း လှုပ်ရှားတက်ကြွခြင်းကင်းမဲ့ကာ တိုင်းရေးပြည်ရာတို့တွင် အသိတရားနည်းပါးစွာ အမှုမဲ့အမှတ်မဲ့နေကြသူများပါက အောင်မြင်သည့် ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မည်မဟုတ်ဟူ၍ နားလည်ရသည်။
ဒီမိုကရေစီစနစ်တွင် လူတိုင်းကို လွတ်လပ်ခွင့်များပေးထားရာ ယင်းလွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် စည်းကမ်းတကျ ကျင့်သုံးရန်မှာလည်း အရေးကြီးသည်။ မိမိ၏လွတ်လပ်ခွင့်နှင့်အတူ အခြားသူများ၏ လွတ်လပ်ခွင့်များကို လေးစားရန် လိုအပ်ခြင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူများသည် ဆယ်စုနှစ်များစွာပင် အထက်မှအောက်သို့ ဆင်းသက်သည့် ဗဟိုဦးစီးစနစ်၊ ဗဟိုမှချုပ်ကိုင်သည့် အုပ်ချုပ်မှုစနစ် သို့မဟုတ် အာဏာရှင်စနစ်တို့၏ အုပ်ချုပ်မှုအောက်တွင်သာ နေခဲ့ရသည့် အတွေ့အကြုံများ ရှိခဲ့သည်။ ယင်းစနစ်အရ ပြည်သူသည် အုပ်ချုပ်ရေးတွင် ပါဝင်ခွင့်မရှိသည့်အတွက် စိတ်ပါဝင်စားခြင်းလည်း မရှိခဲ့သည့်အပြင် ချမှတ်သည့်မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၊ ကျင့်ဝတ်နှင့်နီတိတို့ ကင်းကွာလာကာ ပြည်သူတို့၏ စရိုက်လက္ခဏာများ နိမ့်ကျလာခြင်းတို့ လူထုအတွင်းစွဲကပ်ကျန်ရစ်ခဲ့ရသည်။ ပြည်သူလူထု အတွင်း နိုင်ငံ၏အရေးတွင် နိုးကြားတက်ကြွလာရေး၊ ဉာဏဗလ ပြည့်ဝလာရေးအတွက် ကျောင်းများ၊ မီဒီယာများ၊ ဟောပြောစည်းဝေးပွဲများ၊ Soft power များဖြစ်သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်စသည်တို့မှတစ်ဆင့် ပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်သွားရမည်ဟု ယုံကြည်မိသည်။
လွတ်လပ်ခြင်းနှင့် ညီမျှခြင်းသဘောတရားများပါရှိပြီး နိုင်ငံ၏အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ သက်ဆင်းသည်ဟု အသိအမှတ်ပြုထားသည့် ဒီမိုကရေစီစနစ်ကို သက်ဝင်ယုံကြည်ခြင်း၊ ဒီမိုကရေစီစနစ်အရ လူတိုင်းတွင် လွတ်လပ်ခွင့်ရှိခြင်းနှင့် ယင်းလွတ်လပ်ခွင့်တို့ကို စနစ်တကျ ကျင့်သုံးကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူက တင်မြှောက်သည့် ပြည်သူ့အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် စိတ်ရောကိုယ်ပါ ဝိုင်းဝန်းပါဝင်ခြင်း၊ နိုင်ငံ့အရေးအရာများတွင် ဉာဏ်ပညာနှင့်ပြည့်စုံ၍ ကျင့်ဝတ်နီတိတို့ကို လိုက်နာခြင်းတို့က ဒီမိုကရေစီနိုင်ငံ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် အဓိကအရေးပါဆုံးအချက်များပင် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ပြည်သူသည်သာ အချက်အချာဖြစ်သည့်အလျောက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက တက်ကြွစွာ ပါဝင်ကြရန် တိုက်တွန်းလိုပါကြောင်း။ ။
မြန်မာ့အလင်း