ဦးတင်လှိုင်စိုး ဘွဲ့လွန်ကထိက(ငြိမ်း)
ကမ္ဘာ့အကြောအဆစ်ကုပညာအဖွဲ့ (World Confederation for Physical Therapy) ရဲ့အစည်းအဝေးကို မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိလည်းကောင်း၊ ပညာရပ်ဆိုင်ရာ ညီလာခံကို မေလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိလည်းကောင်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရုံးချုပ်မှာ အကြောအဆစ်ကုပညာရှင်များရဲ့ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၄ ရက်နေ့ကလည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အနေနဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ကူညီမှုနဲ့ စာရေးသူတက်ရောက်ခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဖီဆီအိုသရပီအသင်းဟာ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ဖို့ နှစ်နှစ်တာ အချိန်ယူပြီး ပြင်ဆင်ခဲ့ကြရပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အသင်းတွေ၊ ပညာရှင်တွေ၊ ဆေးနဲ့ ဆေးပစ္စည်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။
မြန်မာနိုင်ငံ အကြောအဆစ်ကုပညာအသင်း (ဖီဆီအိုသရပီအသင်း)အနေနဲ့ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ အချိန်ယူပြီး ကြိုးစားခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့အကြောအဆစ်ကုအဖွဲ့ရဲ့ ညီလာခံကို တောင်အာဖရိကနိုင်ငံ ကိတ်(ပ်)တောင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ စာရေးသူတက်ရောက်ပြီး ကမ္ဘာ့အဖွဲ့ဝင်အသင်းဖြစ်ရေး အတွက် ဆွေးနွေးပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတင်ခဲ့ပါတယ်။ ဒီ ၂၀၁၇ ထဲမှာပဲ ယာယီအဖွဲ့ဝင်အသင်း (Provisional Membership)အဖြစ် သတ်မှတ်ခံရပါတယ်။
နိုင်ငံအသီးသီးဆွေးနွေး
စာရေးသူဟာ မေလ ၅ ရက်နေ့ ညနေ ၃ နာရီမှာ ကာတာလေကြောင်းခရီးစဉ်နဲ့ ရန်ကုန်-ဘန်ကောက်၊ ဘန်ကောက်-ကာတာနိုင်ငံ ဒိုဟာ၊ ဒိုဟာမှ ဂျီနီဗာကိုစီးရပါတယ်။ နံနက် ၈ နာရီမှာ ဂျီနီဗာလေဆိပ်ကို ရောက်ပါတယ်။ သုညဒီဂရီစင်တီဂရိတ်ရှိပြီး ပတ်ဝန်းကျင်တောင်တွေမှာ ရေခဲဖုံးနေပါတယ်။ ဟိုတယ်က ပြင်သစ်နယ်ထဲမှာဆိုတော့ Taxi ငှားစီးပြီး သွားရပါတယ်။ ဟိုတယ်က ညနေ ၃ နာရီမှစပြီး နေရမှာဖြစ်လို့ ဧည့်ခန်းထဲမှာ ချမ်းချမ်းနဲ့ပဲ တွေ့တဲ့လူနဲ့ စကားပြောပြီး နေရပါ တယ်။
မေလ ၇ ရက်နေ့မှာ အစည်းအဝေးကျင်းပရာ ဂျီနီဗာမြို့ စတားလင်းဟိုတယ်ကို ဘတ်စ်ကား နှစ်ဆင့်စီးပြီး သွားရပါတယ်။ ပြင်သစ်နယ်ထဲမှာ လက်မှတ်စက်မရှိပါဘူး။ ဘတ်စ်ကားပေါ်မှာလည်း ပိုက်ဆံပေးစီးလို့မရပါဘူး။ ငွေပေးကတ်နဲ့မှ ရတာကြောင့် ယာဉ်မောင်းကိုပြောပြီး စီးရပါတယ်။ ဂျီနီဗာရောက်မှ လက်မှတ်စက်မှာ လက်မှတ်ဝယ်ပြီး ကားပြောင်းစီးရပါတယ်။ မရောက်ဖူးတဲ့မြို့မှာ တစ်ယောက်တည်း ဟိုမေးဒီမေးနဲ့ သွားရပါတယ်။ အင်္ဂလိပ်စကားကောင်းကောင်း မပြောတတ်သူတွေအပြင် ဟိုတယ်ကို မသိတဲ့လူတွေနဲ့ပါ တွေ့ရပါတယ်။ အခက်အခဲများစွာနဲ့ပဲ အစည်းအဝေးကျင်းပရာ စတားလင်း ဟိုတယ်ကို ရောက်ပါတယ်။ ဟိုတယ်ကကြီးတော့ အစည်းအဝေးတွေကလည်း အများကြီးပါ။ ကျွန်တော်ရောက်တော့အစည်းအဝေးကစနေပါပြီ။ အဲဒီနေ့ အစည်းအဝေးက Asia West Pacific Re အာရှနဲ့ ပစိဖိတ်အနောက်ဘက်ကမ်းရိုးတန်း နိုင်ငံတွေရဲ့ အစည်းအဝေးပါ။ အာရှနိုင်ငံတွေ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ပါပူဝါနယူးဂီနီ စတဲ့နိုင်ငံတွေ ပါပါတယ်။ ကမ္ဘာ့အကြောအဆစ်ကုပညာအဖွဲ့ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့က မိန့်ခွန်းပြောပါတယ်။ ထပ်ပြီး AWP ဥက္ကဋ္ဌ ထိုင်ဝမ်မှ Ms. Sug Fang ပြောပါတယ်။ CEO လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးအခြေအနေ၊ Mr. Jone က မူဝါဒရေးရာတွေကို တင်ပြပါတယ်။ တက်ရောက်သူတွေကလည်း ဆွေးနွေးကြပါတယ်။ စာရေးသူကတော့ ပညာရပ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်လို့ ဆွေးနွေးပါတယ်။
မူဝါဒရေးရာနဲ့ပတ်သက်ပြီး က္ဘာ့အကြောအဆစ်ကုပညာအဖွဲ့ (WCPT)က ချမှတ်တဲ့ မူဝါဒတွေက ကောင်းပါတယ်။ နိုင်ငံဘယ်လောက်များစွာက ဘယ်အဆင့်၊ ဘယ်အခြေအနေတွေ ရောက်နေပြီလဲဆိုတာကို ပြန်လည်ဆန်းစစ်ဖို့လိုကြောင်း၊ ဒါမှ နောက်ကျန်ခဲ့တဲနိုင်ငံတွေက အတုယူအမီလိုက်နိုင်ကြောင်း၊ ကူညီနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒီနောက်မှာတော့ အာရှ-ပစိဖိတ် အနောက်ဘက်နိုင်ငံများ AWP ရဲ့ ကိုယ်စားလှယ်လောင်းများကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးပါတယ်။ ဂျပန်နိုင်ငံက Mr. အိုရှိယားမားကို တညီတညွတ်တည်းပဲရွေးချယ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ WCPT အဖွဲ့မှာ ထည့်ဝင်ငွေအများဆုံးလို့ သိရပါတယ်။ WCPT ရဲ့ ဒုတိယ ဥက္ကဋ္ဌနေရာမှာ အရွေးခံဖို့ ဩစတြေးလျနိုင်ငံသူ Ms.Mellisa Locke ကို အတည်ပြုခဲ့ပါတယ်။ Ms. Mellisa Locke တို့က ကျေးဇူးတင်စကား ပြောကြားကြပါတယ်။ ဒီနောက်မှာတော့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပါတယ်။
စံတော်ချိန်အပြောင်းအလဲနှင့် အခက်အခဲ
အစည်းအဝေးပြီးတော့ အပြန်မှာလည်း အခက်အခဲများစွာနဲ့ပါ။ ခါးပိုက်နှိုက်ပေါတယ်ဆိုလို့ ဘတ်စ်ကားပေါ်မှာလည်း တော်တော်သတိထားရပါတယ်။ ည ၇ နာရီကျော်မှပြင်သစ်ဘက်ခြမ်း ဟိုတယ်ကို ရောက်ပါတယ်။ မမှောင်သေးပါဘူး၊ နေရောင်ရှိပါတယ်။ ည ၈ နာရီကျော်မှနေရောင်ပျောက်ပြီး ၉ နာရီကျော်မှ မှောင်တာပါ။ ရေချိုး၊ ညစာစားပြီး နောက်တစ်နေ့အတွက် ပြင်ဆင်ရပါတယ်။ ရန်ကုန်နဲ့က လေးနာရီခွဲကွာတော့ ကောင်းကောင်းအိပ်လို့မပျော်ပါဘူး။ အိပ်ရာဝင်ချိန်ဟာ ရန်ကုန်မှာနဲ့က အိပ်ရာက နိုးချိန်၊ ထချိန် ဖြစ်နေပါတယ်။
မေလ ၈ ရက်နေ့မှာ အိပ်ရာက စောစောထ ပြင်ဆင်ပြီး နံနက် ၈ နာရီမထိုးခင် ဘတ်စ်ကားမှတ်တိုင်သွားပြီး ကားစီးပါတယ်။ လေကလည်းတိုက် အေးလည်း အရမ်း အေးပါတယ်။ ဒီနေ့တော့ ပိုနီးတဲ့လမ်းကြောင်းပြောင်းပြီး သွားတတ်လို့ အဆင်ပြေပါတယ်။ စတားလင်းဟိုတယ်ကိုနံနက် ၈ နာရီလောက် ရောက်ပါတယ်။ ရောက်ရောက်ချင်းပဲ ဒေသဥက္ကဋ္ဌဖြစ်တဲ့ Ms. Suh Fang နဲ့တွေ့ပြီး အလံတိုင်ထုတ်ပေးလို့ မြန်မာနိုင်ငံအလံကို တိုင်မှာ ချိတ်ပေးပါတယ်။ မြန်မာဝတ်စုံပြောင်းဝတ်ပြီး အဆင်သင့်စောင့်ရပါတယ်။ နံနက် ၈ နာရီခွဲမှာ အစည်းအဝေးစပါတယ်။ ဒေသအလိုက်၊ အက္ခရာစဉ်အလိုက် အလံကိုင်ပြီး အသင်းဝင်အသစ်ဖြစ်မည့် ၁၃ နိုင်ငံဟာ အစည်းအဝေးခန်းမရဲ့ အပြင်ဘက်မှာ စောင့်ရပါတယ်။ မြန်မာနိုင်ငံကတော့ အာရှနဲ့ ပစိဖိတ်အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများအုပ်စုမှာ ပါပါတယ်။ အသင်းဝင်အသစ်ဖြစ်မယ့် ဘူတန်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ပါပူဝါနယူးဂီနီနိုင်ငံ သုံးနိုင်ငံပါပါတယ်။ ဥရောပ၊ အာဖရိက၊ တောင်အမေရိကနိုင်ငံတွေလည်း ပါပါတယ်။
ဂုဏ်ယူဝမ်းမြောက်
အစည်းအဝေးမှာ ယာယီအဖွဲ့ဝင်နိုင်ငံတွေရဲ့ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သင့်၊ မသင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီမှုနဲ့ ဆုံးဖြတ်ကြမယ်ပြောပါတယ်။ ဒါကြောင့် ခန်းမ အပြင်ဘက်မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံပါ့မလား၊ မထောက်ခံရင် နောက်ထပ် လေးနှစ်စောင့်ရဦးမယ် စသဖြင့်တွေးပြီးပူမိပါတယ်။ ဒီအခြေအနေအထိရောက်အောင်အခက်အခဲများစွာနဲ့ ကြိုးစားခဲ့ရတာပါ။ နံနက် ၉ နာရီခွဲမှာတော့ ဒေသဥက္ကဋ္ဌ Ms. Suh Fang အစည်းအဝေးခန်းက ထွက်လာပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံကြောင်း ဝမ်းသာအားရလာပြောပါတယ်။ ဒီတော့မှပဲ ပူပင်သောက တွေပျောက်ပြီး နိုင်ငံအတွက်၊ အသင်းအတွက် ဂုဏ်ယူမိပါတယ်။ သက်ဆိုင်ရာ ဒေသဥက္ကဋ္ဌတွေက အဖွဲ့ဝင်နိုင်ငံအသစ်တွေကို ဦးဆောင်ပြီး အစည်းအဝေးခန်းမထဲကိုတန်းစီပြီး နိုင်ငံတော်အလံကို လွှင့်ထူဝင်ရပါတယ်။ ဝင်လာတဲ့အချိန်မှာ အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေမတ်တတ်ရပ်ပြီး လက်ခုပ်ဩဘာပေးကြပါတယ်။ ဗီဒီယိုရိုက်သူကလည်း ရိုက်ကြပေါ့။ စင်မြင့်ရှေ့ ပရိသတ်ရှေ့မှာ တန်းစီပြီးရပ်ကြရပါတယ်။ သဘာပတိကအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း ကြေညာပါတယ်။ ဒီနေ့ ၂၀၁၉ ခုနှစ် မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီမှာ မြန်မာဖီဆီအိုသရပီအသင်း (အကြောအဆစ်ကုပညာအသင်း)ဟာ ကမ္ဘာ့ကြော အဆစ်ကုပညာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သွားပါပြီ။ ကမ္ဘာ့အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတော့ နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင်၊ ရင်ပေါင်တန်းနိုင်အောင်၊ လူသားတွေကို ပိုပြီး အကျိုးပြုနိုင်အောင်၊ ကျန်းမာရေးစောင့်ရှောက်မှု တွေကိပိုပြီးပေးနိုင်အောင် ကြိုးစားဖို့ လိုလာပါပြီ။ တာဝန်လည်း ပိုပြီးကြီးပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး စဉ်းစားလာရပါတော့မယ်။
ဖွဲ့စည်းပုံမူဝါဒများဆွေးနွေး
ဒီနောက်မှာတော့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့တို့က တစ်ဦးချင်းလာပြီး လက်ဆွဲနှုတ်ဆက်ကြပြီး ဂုဏ်ပြုကြပါတယ်။ ဒီနောက်မှာတော့ စုပေါင်းပြီး ဓာတ်ပုံရိုက်ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဖီဆီအိုသရပီအသင်းကို ကမ္ဘာ့အဖွဲ့ဝင်ဖြစ်ရေးအတွက် နှစ်ချီပြီး အစစ အရာရာ ကူညီပေးသူကတော့ ဒုတိယဥက္ကဋ္ဌ Ms. Magot Skiner နယူးဇီလန်နိုင်ငံသူ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံကိုလည်း လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် တောင်အာဖရိကနိုင်ငံ ကိတ်(ပ်)တောင်းမြို့မှာလည်း တွေ့ဆုံခဲ့ပြီး လိုအပ်တာတွေကို ကူညီခဲ့သူပါ။ မြန်မာနိုင်ငံတော်အလံကိုအတူကိုင်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ်၊ အထိမ်းအမှတ်အဖြစ်ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဒေသဆိုင်ရာ Ms. Suh Fang နဲ့လည်း အမှတ်တရဓာတ်ပုံရိုက်ပါတယ်။ သူတို့အားလုံးလည်း ဝမ်းသာနေကြပါတယ်။ သဘာပတိက အစည်းအဝေးဆက်လက်ကျင်းပဖို့ နေရာယူခိုင်းပါတယ်။ မြန်မာကိုယ်စားလှယ်အတွက် ဆိုင်းဘုတ်ရေးထားတဲ့နေရာမှာ နေရာရှာရပါတယ်။ အက္ခရာအစဉ်အတိုင်း ညာဘက်မှာ မော်ရိုကို၊ ဘယ်ဘက်မှာ နီပေါနိုင်ငံ ရှိပါတယ်။ ဥက္ကဋ္ဌ Emma Stoke က လေးနှစ်တာအတွင်း ဆောင်ရွက်ချက်တွေ၊ CEO Mr. Kruger က ရုံးအဖွဲ့ရဲ့ဆောင်ရွက်ချက်နဲ့ ဘဏ္ဍာရေးရှင်းတမ်း၊ Mr. Jone ကတော့ မူဝါဒရေးရာတွေနဲ့ပတ်သက်လို့ ဆောင်ရွက်ခဲ့တာတွေ တင်ပြပါတယ်။ မွန်းလွဲ ၁၂နာရီခွဲမှာ ရပ်နားပြီး နေ့လယ်စာစားကြပါတယ်။ မွန်းလွဲ ၁ နာရီခွဲမှာ အစည်း အဝေးပွဲပြန်စပါတယ်။ ဖွဲ့စည်းပုံမူဝါဒတွေကို တစ်ခုချင်း ဆွေးနွေးကြပါတယ်။ ပြင်ရန်မလိုတဲ့ အချက်တွေရှိသလိုပြင်ဖို့လိုတဲ့ အချက်တွေမှာ အပြန်ပြန်အလှန်လှန် ဆွေးနွေးကြပါတယ်။ တချို့အကြောင်းအရာတွေကိုတော့ မဲခွဲဆုံးဖြတ်ကြရပါတယ်။ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မဲပေးခွင့်၊ ဆွေးနွေးခွင့်ရလာပါတယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံမှာ အသင်းတစ်သင်းသာ ကိုယ်စားပြု ဝင်ခွင့်ပြုဖို့ကိစ္စမှာ တော်တော်ဆွေးနွေးရပါတယ်။ နိုင်ငံကိုယ်စားပြုနိုင်တဲ့ အချက်အလက်တွေပါ စဉ်းစားရပါတယ်။ အသင်းဝင်ဦးရေ အများဆုံးဖြစ်ဖို့၊ အသင်းသားတွေနဲ့ နိုင်ငံကို အကျိုး ပြုဖို့၊ နိုင်ငံတော်အစိုးရကလည်း အသိအမှတ် ပြုထားတဲအသင်းဖြစ်ဖို့ ဆုံးဖြတ်ကြပါတယ်။ တချို့ကလည်း နိုင်ငံတစ်နိုင်ငံ အသင်းတစ်သင်းထက် ပိုလက်ခံသင့်ကြောင်း အဆိုပြုတာရှိပါတယ်။ မဲခွဲဆုံးဖြတ်တော့နိုင်ငံတစ်နိုင်ငံမှာ အသင်းတစ်သင်းသာ လက်ခံဖို့အများ ဆန္ဒဖြစ်ခဲ့ပါတယ်။ ၄၅ မိနစ်နား ကော်ဖီသောက်ကြပါတယ်။
အစည်းအဝေးပြန်စတော့ နောက်လေးနှစ်သက်တမ်းမှာ အရွေးခံမယ့်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌအတွက် အမည်တင်သွင်းထားသူတွေက သူတို့ရဲ့ မူဝါဒတွေ၊ လုပ်ဆောင်ခဲ့တာတွေ ရှင်းလင်းတင်ပြကြပါတယ်။ ဥက္ကဋ္ဌနေရာ အတွက် ဥက္ကဋ္ဌ Emma Stoke၊ ကနေဒါနိုင်ငံက တစ်ဦးတို့က ပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌနေရာအတွက်လက်ရှိ ဒုတိယဥက္ကဋ္ဌက အနားယူမှာပါ။ မော်လတာနိုင်ငံက Mr. Jone နဲ့ ဩစတြေးလျနိုင်ငံက Ms.Mellisa Locke တို့က သူတို့ရဲ့ ကိုယ်ရေးရာဇဝင်၊ ဆောင်ရွက်ခဲ့ပုံ၊ မူဝါဒတွေကို ချပြပါတယ်။ ညနေ ၅ နာရီမှာ အစည်းအဝေးပြီးဆုံးသွားပါတယ်။ အစည်းအဝေးပြီးတော့ မိုးတွေကရွာ၊ လေကလည်းတိုက်အလွန်အေးပါတယ်။ ဘတ်စ်ကားမှတ်တိုင်က ပြင်နေတော့ နောက်တစ်နေရာကို လမ်းလျှောက်ပြီး စီးရပါတယ်။ ဟိုတယ်ရောက်မှ ရေချိုးစားသောက်ပြီး နားရပါတယ်။ နောက်နေ့ အစည်းအဝေးအတွက် ကြိုတင်စဉ်းစား ပြင်ဆင်ရပါတယ်။ ဘယ်သူ့ကို မဲပေးရွေးမလဲ စဉ်းစားရပါတယ်။ စာတွေလည်း ကြိုဖတ်ပြီးမှ အိပ်ရပါတယ်။
ပြန်လည်ဆွေးနွေးအတည်ပြု
မေလ ၉ ရက်နေ့မှာတော့ ဟိုတယ်က ဂိတ်ဆုံးကိုသွားပါတယ်။ လက်မှတ်စက်ရှိမယ် ထင်လို့ပါ။ ဒါပေမယ့်မရှိပါဘူး။ ကံကောင်းချင်တော့ မလေးရှားက ဥက္ကဋ္ဌ အမျိုးသမီးနဲ့ တွေ့ပါတယ်။ သူနဲ့က ကိတ်(ပ်)တောင်းမြို့အစည်းအဝေးမှာကတည်းက ရင်းနှီးပါတယ်။ သူက Visa Card ပါတော့ နှစ်ယောက်စလုံးအတွက်ကားပေါ်မှာ လက်မှတ်ဖြတ်ပါတယ်။ လက်မှတ်တစ်စောင်အတွက် ကျသင့်ငွေကို ပေးလိုက်ပါတယ်။ နံနက်စာကို စတားလင်းဟိုတယ်မှာ စားကြပါတယ်။ နံနက် ၉ နာရီမှာ အစည်းအဝေးစပါတယ်။ ကျန်နေသေးတဲ့ Agenda တွေကို ဆက်ပြီးဆွေးနွေးကြပါတယ်။ ၂၀၁၅ ခုနှစ်က တင်ခဲ့တဲ့အဆိုတွေကို ပြန်လည်ဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။
၁။ ရပ်ရွာလူထုအတွင်း ပြန်လည်ထူထောင်ရေး CommunityBased Rehabilitation မှာ -Physiotherapist အကြောအဆစ်ကုပညာရှင်တွေ ပါဝင်ဆောင်ရွက်ရေး၊
၂။ ဂျပန်နိုင်ငံက အဆိုပြုတဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်လာတဲ့ သဘာဝကပ်ဘေး အန္တရာယ်တွေကို သတိပြုရေး၊ ကုသရေး၊ ပြန်လည်ထူထောင်ရေးတွေမှာ ပါဝင်ဆောင်ရွက်ရေး
- လူလုပ်ကပ်ဘေးတွေဖြစ်တဲ့ စစ်ဖြစ်ပွားရာ ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးရေး၊ ပြန်လည်ထူထောင်ရေးတွေလုပ်ကိုင်ရေး Diversity and inclusion
-မူဝါဒအသစ်ချမှတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ အတည်ပြုခြင်း စသည်တို့ကို နိုင်ငံပေါင်း ၁၂၁ နိုင်ငံရဲ့ ကိုယ်စားလှယ်တွေရဲ့ သဘော တူချက်တွေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ဥက္ကဋ္ဌရာထူးအတွက်ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အသင်း ကိုယ်စား တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ဦးသာ မဲပေးခွင့်ရှိပါတယ်။ ဒါကြောင့် မဲပေးခွင့်မရှိတဲ့ ကိုယ်စားလှယ်တွေက ထွက်ပေးရပါတယ်။ တချို့တတ်နိုင်တဲ့ နိုင်ငံတွေက တစ်ယောက်မကပါဘူး။ မြန်မာနိုင်ငံကတော့ စာရေးသူတစ်ယောက်ပဲ တက်ပါတယ်။ မဲရေတွက်တဲ့နေရာမှာ Coffee Break ပေးပါတယ်။ ပြီးတော့မှ ဒုတိယဥက္ကဋ္ဌ နေရာအတွက် ရွေးကောက်ပွဲလုပ်ပါတယ်။ တကယ်မဲပေး ခွင့်ရှိသူ ဟုတ်၊ မဟုတ် ကိုယ်စားလှယ်တစ်ဦးက စစ်ဆေးဖို့ အဆိုတင်လို့ မဲစာရင်းနဲ့ နာမည်နဲ့တပ်ပြီး စစ်ဆေးရပါတယ်။ ဒီနောက်မှာတော့ မဲထည့်ရပါတယ်။ ရွေးကောက်ပွဲပြီးတော့မှ နေ့လယ်စာစားဖို့ ရပ်နားပါတယ်။ နေ့လယ်စာစားရင်း တစ်ဦးနဲ့တစ်ဦး မိတ်ဖွဲ့ကြ၊ အမြင်ဖလှယ်ကြပါတယ်။ လုပ်ငန်းတူ၊ ရည်ရွယ်ချက်တူသူတွေဖြစ်လို့ ပျော်စရာကောင်းပါတယ်။
နှစ်နှစ်တစ်ကြိမ် ညီလာခံကျင်းပ
မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်မှာ အရွေးခံသူများကိုကြေညာပါတယ်။ ဥက္ကဋ္ဌနေရာမှာ လက်ရှိဥက္ကဋ္ဌ Emma Stoke က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပါတယ်။ ဒုတိယ ဥက္ကဋ္ဌနေရာမှာတော့ ဩစတြေးလျနိုင်ငံသူ Ms. Mellisa အနိုင်ရရှိသွားပါတယ်။ ကိုယ့်ဒေသက အရွေးခံရလို့ဝမ်းသာရပါတယ်။ အစည်းအဝေးကို ဆက်လက်ကျင်းပပါတယ်။ ဆွစ်ဇာလန်နိုင်ငံက ကိုယ်စားလှယ်က ညီလာခံကို ငွေအကုန်အကျများသဖြင့် နှစ်နှစ်တစ်ကြိမ်အစား လေးနှစ်တစ်ကြိမ် ကျင်းပသင့်ကြောင်း အဆိုတင်ပါတယ်။ စာရေးသူကတော့ နှစ်နှစ်တစ်ကြိမ် ကျင်းပသင့်ကြောင်း၊ ပညာရှင်တွေများများတွေ့လေ ပိုရင်းနှီးလေ၊ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်၊ ပိုပြီးပညာရပ်တွေ တိုးတက်လေ ဖြစ်ကြောင်း၊ ငွေကို မကြည့်ဘဲ အကျိုးကျေးဇူးကို ကြည့်သင့်ကြောင်း ဆွေးနွေးပါတယ်။ မဲခွဲဆုံးဖြတ်လိုက်တော့စာရေးသူအဆိုအနိုင်ရပြီး နှစ်နှစ်တစ်ကြိမ် ညီလာခံကျင်းပဖို့ အတည်ပြုလိုက်ပါတယ်။ ဒီနောက် Occupation and Ergonomic လုပ်ငန်းခွင်ကျန်းမာရေးအဖွဲ့ခွဲ၊ Physiotherapy and Mental health စိတ်ကျန်းမာရေး အဖွဲ့ခွဲတွေဖွဲ့စည်းခွင့်ကို ထောက်ခံအတည်ပြုပါတယ်။ Physiotherapy (Physical therapy) အမည်ရေး တော့ ဆွစ်ဇာလန်က ကိုယ်စားလှယ်တစ်ဦးက E-survey လုပ်တာကို တင်ပြပါတယ်။ အဆိုပြုပါတယ်။ ဒါကိုတော့ဆက်မဆွေးနွေးပါဘူး။
ကဏ္ဍအလိုက်ထူးချွန်ဆုများ ကြေညာ
အာရှနဲ့ ပစိဖိတ်အနောက်ဘက် နိုင်ငံတွေရဲ့အစည်းအဝေးကို၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ဟောင်ကောင်မှာ ကျင်းပမယ့်အကြောင်း၊ WCPT ညီလာခံကို ၂၀၂၁ ခုနှစ်မှာ Dubai WCPT အစည်းအဝေးနဲ့ ညီလာခံကို ၂၀၂၃ တွင် Tokyo မှာ ကျင်းပမယ့်အကြောင်း ကြေညာပါတယ်။ ဆက်လက်ပြီးတော့ ကဏ္ဍအလိုက်ထူးချွန်ဆုတွေကို ကြေညာပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ICRC ရဲ့ လုပ်ငန်းတာဝန် ထမ်းဆောင်ရင်း သေနတ်မှန်သေဆုံးတဲ့ Physiotherapist တစ်ယောက်လည်း ပါပါတယ်။
နောက်မှာတော့ အရွေးခံရတဲ့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ က မိန့်ခွန်းပြောပါတယ်။ အနားယူလိုက်တဲ့ ဒုတိယဥက္ကဋ္ဌ နယူးဇီလန်သူ Margot Skiner က နှုတ်ဆက်စကား ပြောပါတယ်။ နယူးဇီလန်မှာလည်း ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ WCPT အဖွဲ့မှာ ပညာရေးအသိအမှတ်ပြု ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင် စိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် WCPT အဖွဲ့ကြီးနှင့် ဒုတိယဥက္ကဋ္ဌအနေဖြင့် နှစ်ပေါင်း များစွာ လုပ်ဆောင်ခဲ့ပါတယ်။ ဂုဏ်ယူစရာ၊ အတုယူစရာ ကောင်းပါတယ်။ စာရေးသူကိုလည်း ဆက်လက်ကြိုးစား လုပ်ဖို့ တိုက်တွန်းပါတယ်။ အမှတ်တရလက်ဆောင်လည်း ပေးပါတယ်။ အကူအညီလိုရင် E.mail ပို့ဖို့ ပြောပါတယ်။
ညနေ ၄ နာရီခွဲမှာတော့ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးပါတယ်။ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြ၊ နှုတ်ဆက်ကြပြီး ဟိုတယ်ကို ပြန်ခဲ့ပါတယ်။
ကြုံဆုံရသည့်အခက်အခဲများ
မေလ ၁၀ ရက်နေ့ကတော့ အာရှနိုင်ငံတွေနဲ့ ပစိဖိတ်အနောက်နိုင်ငံတွေရဲ့ ဒေသဆိုင်ရာ အစည်းအဝေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားလှယ်အနေနဲ့ မိန့်ခွန်း ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းကောင်း အိပ်မပျော်ပါဘူး။ အပြန်ပြန်အလှန်လှန် လေ့ကျင့်ရပါတယ်။ အိပ်ရာက စောစောထပြီး ထွက်လာခဲ့ပါတယ်။ ကားပေါ်မှာတော့ အာဖရိကနိုင်ငံတွေက ကိုယ်စားလှယ်တွေ၊ အာရှက မွန်ဂိုလီးယားက ကိုယ်စားလှယ်တွေနဲ့တွေ့ပါတယ်။ လေဆိပ်မှတ်တိုင်ရောက်တော့ ညီလာခံကိုလာတက်တဲ့ စင်ကာပူနိုင်ငံက အကြောအဆစ်ကုပညာရှင်ကန့်ဘလူ ဦးတင်မောင်အေးနဲ့တွေ့လို့ တစ်ခါတည်း အစည်းအဝေးရှိတဲ့ စတားလင်းဟိုတယ်ကို ခေါ်သွားပါတယ်။
နံနက် ၈ နာရီခွဲမှာ အစည်းအဝေးစပါတယ်။ ဒေသဆိုင်ရာဥက္ကဋ္ဌ ထိုင်ဝမ်မှ Ms. Suh Fang က အမှာစကားပြောပါတယ်။ စည်းစည်းလုံးလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ တချို့နိုင်ငံတွေမှာ Physiotherapy ဟာ တော်တော်တိုးတက်ဖွံ့ဖြိုးပေမယ့် တချို့နိုင်ငံတွေမှာ မဖွံ့ဖြိုးသေးဘဲ ကလေးအရွယ်သာရှိသေးကြောင်း၊ ပညာရေးနဲ့ ကုသရေးတွေမှာ အသိအမှတ်ပြုမှု စံချိန်စံနှုန်းမီအောင် ဆောင်ရွက်ဖို့ အမှာစကားပြောပါတယ်။ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ကလည်း လုပ်ဆောင်ခဲ့တဲ့အခြေအနေတွေ ရှင်းပြပါတယ်။ ဒီနောက်မှာတော့နိုင်ငံအလိုက် တစ်ဦးချင်း မိတ်ဆက်ကြရပါတယ်။ အားလုံးနိုင်ငံ ၃၀ထဲမှာ ၂၅ နိုင်ငံ တက်ပါတယ်။ အဖွဲ့ဝင်နိုင်ငံမဟုတ်သေးဘဲ လေ့လာသူအနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြပါတယ်။ ခေတ္တနားပြီး ပြန်စပါတယ်။ အဖွဲ့ရဲ့ မူဝါဒတွေ၊ ဖွဲ့စည်းပုံတွေ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတွေကို ဆွေးနွေးကြပါတယ်။ တချို့အချက်တွေကတော့ အကြိတ်အနယ်ဆွေးနွေးပြီး ဆုံးဖြတ်ကြရပါတယ်။ ပြင်သင့်၊ တိုးသင့်တာ လုပ်ပါတယ်။ နိုင်ငံအလိုက်မိန့်ခွန်းပြောကြရပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံ၏လက်ရှိ Physiotherapy အခြေအနေ၊ ပညာရေး၊ ကုသရေး ပညာရှင်တွေရဲ့ လုပ်ငန်းခွင်၊ အသင်းရဲ့ ဆောင်ရွက်ချက်၊ ရှေ့ဆောင်ရွက်မည့် အစီအစဉ်၊ မြန်မာနိုင်ငံကို လာလည်ကြဖို့ မိန့်ခွန်းပြောခဲ့ပါတယ်။ အားလုံးပြီးတော့ နေ့လယ်စာ စားဖို့ ခေတ္တနားပါတယ်။ ဆွစ်ဇာလန်ရဲ့ ပေါင်မုန့်တွေက မာတော့ စားမကောင်းပါဘူး။ အသီးအရွက်နဲ့ ဟင်းပဲဦးစားပေးစားရပါတယ်။
ခေါင်းစဉ်အလိုက်ဆွေးနွေး
အစည်းအဝေးပြန်စချိန်မှာတော့ အဖွဲ့လိုက် အလုပ်ရုံဆွေးနွေးပွဲလုပ်ပါတယ်။ ခေါင်းစဉ်အလိုက် ဆွေးနွေးကြပါတယ်။ အများကတော့ ပညာရေးက အရေးအကြီးဆုံးဖြစ်ကြောင်း ဆွေးနွေးကြပါတယ်။ စာရေးသူကတော့ ပညာရေးက အရေးအကြီးဆုံးမှန်သော်လည်း တိကျတဲ့မူဝါဒက အရေးအကြီးဆုံးဖြစ်ကြောင်း၊ ပါရဂူဘွဲ့ဘယ်လောက်ရရ လွတ်လပ်စွာကုသမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရရင် အကျိုးရှိသင့်သလောက်မရှိကြောင်း၊ ပညာရပ်ကို လူအများသိဖို့လိုကြောင်း ဆွေးနွေးပါတယ်။ မလေးရှားက ဥက္ကဋ္ဌက စာရေးသူရဲ့အဆိုကို ဆွေးနွေးပေးပါတယ်။ ဂျပန်နိုင်ငံဆိုပညာရေးအလွန်ကောင်းပါတယ်။ ပါရဂူတွေလည်း အများကြီးမွေးထုတ်ပါတယ်။ ဒါပေမယ့် လွတ်လပ်စွာ ကုသခွင့် အပြည့်အဝမရှိလို့ တိုးတက်သင့်သလောက်မတိုးတက်ကြောင်း၊ ဒါကြောင့် မူဝါဒအရေးကြီးကြောင်း ဆွေးနွေးပါတယ်။ ကိုယ်စားလှယ်တွေအားလုံးက လက်ခံအတည်ပြုကြပါတယ်။ အခြားအကြောင်းအရာတွေလည်း ဆွေးနွေးကြပါတယ်။
ဒီနောက်မှာတော့ ဟောင်ကောင် Physiotherapy Association အသင်းဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် မေလမှာ AWP အစည်းအဝေးနဲ့ ညီလာခံကို ဟောင်ကောင်မှာ ကျင်းပမယ့်အစီအစဉ်တွေ တင်ပြပါတယ်။ ဟောင်ကောင်က စရိတ်စကကြီးမားတာကြောင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်မယ့်အကြောင်း တင်ပြပါတယ်။ ဟောင်ကောင်အသင်းဥက္ကဋ္ဌဟာ ကမ္ဘာ့အကြောအဆစ်ကုပညာအဖွဲ့ WCPT ရဲ့ အဖွဲ့ခွဲဖြစ်တဲ့ အပ်စိုက်ကုပညာအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အပ်စိုက်ကုပညာကို အကြောအဆစ်ပညာရှင်တွေကိုသင်ပေးစေလိုကြောင်း၊ လာရောက်ကူညီဖို့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ညီလာခံပြီးလျှင် ကြိုးစားမယ့်အကြောင်း ပြောပါတယ်။
သမိုင်းတစ်ခေတ် ပြောင်းလဲ
ဒီနေ့ အစည်းအဝေးကတော့ နောက်ဆုံးနေ့လည်း ဖြစ်၊ အယူအဆ တူတာ၊ မတူတာတွေကို ညှိနှိုင်းပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက် မူချမှတ်ကြပါတယ်။ အစည်းအဝေးပွဲပြီးတဲ့အခါ စုပေါင်းဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး ပြီးဆုံးသွားပါတယ်။ ။
မြန်မာနိုင်ငံ Physiotherapy Association ဟာ က္ဘာ့အဖွဲ့ဝင်အသင်းဖြစ်သွားတော့ ဆွေးနွေးခွင့်၊ မဲပေးခွင့်၊ ဆုံးဖြတ်ခွင့်တွေ ရလာပါတယ်။ ပညာရပ်တိုးတက်မှု၊ ကုသမှုကောင်းမွန်ဖို့၊ တိုးတက်ဖို့၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့၊ လူနာကို တိုက်ရိုက်စမ်းသပ်စစ်ဆေးကုသနိုင်ဖို့၊ အတွေ့အကြုံတွေ၊ ပညာရပ်တွေ တစ်ဦးနဲ့တစ်ဦး ဖလှယ်ဖို့ စတဲ့အခွင့်အရေးတွေရရှိလာပါတယ်။
တစ်နည်းအားဖြင့် ကမ္ဘာ့အကြောအဆစ်ကုပညာ အဖွဲ့ (World Confederation for Physical Therapy)ရဲ့ အဖွဲ့ဝင်ဖြစ်ခြင်းဟာ Myanmar Physiotherapy Association မြန်မာ့အကြောအဆစ်ကု ပညာအသင်းရဲ့ သမိုင်းတစ်ခေတ် ပြောင်းလဲလာဖို့ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ။