ပြင်ဦးလွင် ၇  ဇန်နဝါရီ 

 

ပြင်ဦးလွင်မြို့၌ အမျိုးသားကန်တော်ကြီး ဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်၊ တန်ခိုးကြီးဘုရားစေတီများ၊ ရေတံခွန်များ စသည့်အထင်ကရ နေရာအများအပြားသို့ လာရောက်လေ့လာ လည်ပတ်ကြသူ များပြားသကဲ့သို့ မြို့ ရှောင်လမ်းရှိ ထင်းရှူးတောသို့လည်း လာရောက်လည်ပတ်ကြသူ များပြား လျက်ရှိနေကြောင်း သိရသည်။

 

ပြင်ဦးလွင်မြို့သို့ လာရောက်ကြသူ များသည် နံနက်ပိုင်းတွင် မြို့တွင်းမှ ဖြတ် သန်းလျက် မဟာအံ့ထူးကံသာ(ပြည်ချစ်) ဘုရား၊ ပိတ်ချင်းမြောင်၊ မဟာနန္ဒာ လိုဏ်ဂူ၊ ပွဲကောက်ရေတံခွန်တို့ကို သွားရောက်ကြပြီး အပြန်ခရီး၌ အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ သွားရောက်ကြမည်ဖြစ်ရာ မြို့တွင်းမှ ပြန်လည်ဖြတ်သန်းခြင်း မပြုတော့ဘဲ ခရီးပိုမိုနီးပြီး အဆင်ပြေသည့် မြို့ရှောင်လမ်းမှတစ်ဆင့် သွားလာကြရာ၌ လမ်းပေါ်ရှိ ရှုခင်းကောင်းပြီး သာယာလှပကျယ်ဝန်းသည့် ထင်းရှူးတောသို့ ခရီးတစ်ထောက်နား ဝင်ရောက် လည်ပတ်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါထင်းရှူးတောသည် ပြင်ဦးလွင်မြို့ရှောင်လမ်း မိုင်တိုင်အမှတ် ၆ မိုင် ၆ ဖာလုံနှင့် ၇ မိုင် ၆ ဖာလုံအတွင်း တည်ရှိနေကာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက မေမြို့ ထင်းရှူးကြိုးဝိုင်း ပြင်ဦးလွင်မြို့ရှောင်လမ်းရှိ ထင်းရှူးတောသို့ လာရောက်လည်ပတ်သူများပြားလာ အမှတ်(၂၃/၂၄) အဖြစ် ၁၉၈၉ ခုနှစ်က စတင်စိုက်ပျိုးထားရှိသည့် ဧက ၂၀ဝ ကျယ်ဝန်းသည့် ထင်းရှူးစိုက်ခင်းဖြစ်ကြောင်း သိရသည်။

 

“ထင်းရှူးပင်တွေက တညီတညာနဲ့ လှပနေပြီး ကျယ်ဝန်းတဲ့တောကြီးဖြစ်နေလို့ ဝင်ရောက်လည်ပတ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာရတယ်။ ဒီလိုသစ်တောမျိုး ကြီးထဲရောက်ရှိ လည်ပတ်နိုင်ဖို့ဆိုတာ မြန်မာနိုင်ငံမှာ အတော်ရှားပါးနေပါပြီ။ အခုတော့ ခရီးလည်းသင့် မြင်တွေ့ ရောက်ရှိရခဲတဲ့ သစ်တောကြီးထဲ ရောက်ရှိလာလို့ ဝမ်းသာပျော်ရွှင်ရပြီး ကြည်နူးစိတ်တွေလည်း ဖြစ်ရတယ်” ဟု ပြင်ဦး လွင်မြို့သို့ လာရောက်လည်ပတ်သူ ခရီးသွား ပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

လာရောက်ကြသော ဧည့်သည်များသည် ထင်းရှူးတောအတွင်း၌ ဓာတ်ပုံရိုက်ခြင်း၊ မိသားစုအလိုက် ဝိုင်းဖွဲ့စား သောက်ခြင်း၊ ဆော့ကစားခြင်းများ ပြုလုပ်လျက် မွှေးပျံ့သောထင်းရှူးရနံ့တို့ကို ရှူရှိုက်ရင်း တောအတွင်း၌ ပျော်ရွှင်စွာ လေ့လာလည်ပတ်လေ့ရှိကြောင်း သိရသည်။

 

သက်နိုင် (ပြင်ဦးလွင်)