၂၆ ဒီဇင်ဘာ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ရက်နေ့၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်မှုသည် နှစ်(၇ဝ)ပြည့်မည် ဖြစ်ပါသည်။ ကိုလိုနီဘဝမှ ရုန်းကန်လွတ်မြောက်လာသော နိုင်ငံတော်၏ လွတ်လပ်ရေး ဖြတ်သန်းမှုဘဝကို ပြန်သုံးသပ်ကြည့်မိပါသည်။ လွတ်လပ်ရေးမရမီ အကြိုကာလ၌ပင် နိုင်ငံတော်သည် ဝါဒရေးရာ ယှဉ်ပြိုင်မှုတို့ကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပါသည်။

 

 

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသားရေးတပ်ပေါင်းစု ဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးသည် စစ်ဘေးစစ်ဒဏ်တို့ကြောင့် ထောင်းထောင်းကြေခဲ့သော နိုင်ငံတော်ကို အမြန်ဆုံးပြန်လည်ထူထောင် နိုင်ရန် တိုင်းပြည်လွတ်လပ်ရေးကို နယ်ချဲ့ဗြိတိသျှတို့နှင့် ဆွေးနွေးညှိနှိုင်း ရယူရန် ဆုံးဖြတ်ခဲ့ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် နယ်ချဲ့တို့နှင့် ညှိနှိုင်းရယူသော လွတ်လပ်ရေးသည် မစစ်မှန်ဟု ခံယူကြေညာရပ်တည် ခဲ့ပါသည်။ တိုင်းပြည်၏ ပကတိအခြေအနေကို အခြေခံ၍ လက်တွေ့ကျကျ ဆောင်ရွက်မည်ဟူသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အမျိုးသား ရေး အင်အားစုတို့နှင့် သဘောတရားအခြေခံ အင်အားစုတို့ သဘောထား ကွဲလွဲခဲ့ခြင်း ဖြစ်ပါသည်။ ဤသဘောထားကွဲလွဲမှုသည် လွတ်လပ်ပြီးစ နိုင်ငံတော်၌ ပြည်တွင်းစစ်မီးကို တောက်လောင်စေခဲ့ပါသည်။ နှစ်ပေါင်း (၇ဝ) ရှိပြီဖြစ်သော်လည်း ပြည်တွင်းစစ်မီးသည် အပြီးတိုင် ချုပ်ငြိမ်း သည်ဟု မဆိုနိုင်။ ပြည်တွင်းစစ်၏ ဒဏ်ရာ၊ ဒဏ်ချက်တို့ကို ရင်ဆိုင်နေ ရဆဲ ဖြစ်ပါသည်။

 

 

လွပ်လပ်ရေးသက်တမ်း နှစ် (၇ဝ)ပြည့်တော့မည်ဖြစ်သော ပစ္စုပ္ပန် ကာလကို သုံးသပ်ပါက လွတ်လပ်ရေးအကြိုကာလ၌ ရင်ဆိုင်ကြုံတွေ့ ခဲ့ ရသော နိုင်ငံထူထောင်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုမျိုးတို့ကို မတွေ့ရှိ ရတော့သည်မှာ အပေါင်းလက္ခဏာဆောင်သော သမိုင်းရေးတိုးတက်မှုဟု ခံယူပါသည်။ ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီလူ့အ¸အစည်း ထူထောင်ရေးတို့ကို နိုင်ငံရေးအင်အားစုတိုင်းက ဆုပ်ကိုင်ခံယူထားကြ ပါသည်။ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြသည့် ပြည်ထောင်စု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် တပ်မတော်အပါအဝင် နိုင်ငံရေး အင်အားစုတိုင်းက သဘောတူလက်ခံကြပြီး ဖြစ်ပါသည်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအား မည်သို့မည်ပုံ ထူထောင်မည်ကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးရဦးမည် ဖြစ်သော်လည်း ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရမည်ဟူသော နိုင်ငံရေးဦးတည်ချက်ကိုမူ အခိုင်အမာချမှတ်ထားပြီး ဖြစ်ပါသည်။

 

 

နိုင်ငံတော်၏ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက တစ်ခဲနက်ရွေးချယ်တင်မြှောက်လိုက်သည့် လူထုအစိုးရသစ်က ဒုတိယအကြိမ် တာဝန်ယူကျင်းပရမည် ဖြစ်ပါသည်။ (၅၆) နှစ်ဟူသော အချိန်ကာလအတွင်း ပြည်သူလူထု၏ အချုပ်အခြာ အာဏာလွှဲအပ်ပေးခြင်းခံရသည့် လူထုအစိုးရသစ်က လွတ်လပ်ရေးနေ့ ကျင်းပရေးကို ဒုတိယအကြိမ် တာဝန်ယူကျင်းပရခြင်း ဖြစ်ပါသည်။ ဤအချက်က တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး ကြိုးပမ်းခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားရုန်းကန်မှုကို ဖော်ပြနေသည်သာမက တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဒီမိုကရေစီရေးသန္နိဋ္ဌာန်ကိုလည်း မီးမောင်းထိုး ပြသနေပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ နှစ် (၇ဝ) ပြည့်မြောက် လွတ်လပ်ရေးနေ့သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ မဆုတ် မနစ်သော ဒီမိုကရေစီရေးသန္နိဋ္ဌာန်ကို ဖော်ကျူးဂုဏ်ပြုခြင်းဖြစ်ပါ ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။