၂၈ ဒီဇင်ဘာ

 

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

ရန်ကုန်မြို့ရှိ အိမ်တစ်အိမ်၏ ခြောက်လတစ်ကြိမ်ပေးဆောင်ရသော ပစ္စည်းခွန် (Property Tax) သည် ၂၂၅ ကျပ် ဝန်းကျင်ခန့်သာရှိသည်ဟု သိရှိရပါသည်။ လက်ဖက်ရည်တစ်ခွက်၊မုန့်ဟင်းခါးတစ်ပန်းကန်ပင် မဝယ် နိုင်လောက်အောင်နည်းပါးသော ငွေပမာဏ ဖြစ်ပါသည်။ ရန်ကုန်မြို့ နှင့်မန္တလေးမြို့ ရှိ အိုးအိမ်ခြံမြေတို့၏ ဈေးနှုန်းသည် ကမ္ဘာ့နိုင်ငံကြီးများနှင့် နှိုင်းယှဉ် နိုင်လောက်သည်အထိ မြင့်မားနေချိန်၌ အိုးအိမ်ခြံမြေတို့ အပေါ်ပေးဆောင်ရသော ပစ္စည်းခွန်က ဤမျှနည်းပါးနေခြင်းသည် မလွဲမသွေ အလျင်အမြန် ကိုင်တွယ်ဆောင်ရွက်ရမည့်ကိစ္စရပ် ဖြစ်ပါသည်။

 

ဉာဏ်လင်းသစ်အဖွဲ့ (Renaissance Institute) က လက်ရှိ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ပစ္စည်းခွန်စနစ်အား ပြုပြင်ပြောင်းလဲနိ်ုင် ရေးအတွက် အကြံပြုချက်တစ်ရပ်ကို ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန် ကြောင်း သိရှိရပါသည်။ ဉာဏ်လင်းသစ်အဖွဲ့က ပစ္စည်းခွန် ကောက်ယူရာ၌ အဓိကပါဝင်ဆောင်ရွက်ရသည့် စည်ပင်အဖွဲ့အစည်းတို့အား ပြုပြင်ပြောင်း လဲမှုများဖော်ဆောင်ရန် အကြံပြုထားပါသည်။ ပစ္စည်းခွန်ကောက်ယူ ရာ၌ လက်ရှိအောင်မြင်မှုရနေသော မြို့ကြီးတို့၏ အောင်မြင်မှုကို ကျန်မြို့ များက လေ့လာအတုယူ၍ ပြုပြင်ပြောင်းလဲရန်ဟူသော ဉာဏ်လင်းသစ် အဖွဲ့၏ အကြံပြုချက်သည် လက်တွေ့ကျသော အကြံပြုချက်ဖြစ်၍ ထောက်ခံကြိုဆိုလိုပါသည်။

 

 

ပစ္စည်းခွန်ကောက်ယူရာ၌ ပြည်သူလူထု၏ ထောက်ခံပူးပေါင်း ဆောင်ရွက်မှုရရှိနိုင်ရန် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေး ရမည်ဟူသော ဉာဏ်လင်းသစ်အဖွဲ့၏ အကြံပြုချက်သည်လည်း အလေး အနက်ထားဆောင်ရွက်ရမည့် အကြံပြုချက်ဖြစ်သည်ဟု ယုံကြည်ပါသည်။ပစ္စည်းခွန်အပါအဝင် အခွန်တို့ကို ကောက်ခံရာ၌ ပြည်သူတို့၏ မှန်မှန် ကန်ကန်သိရှိနားလည်မှုက အခရာဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပစ္စည်းခွန်ကောက်ခံရရှိမှု နှုန်းထားကို ဒေသတွင်းရှိနိုင်ငံတို့နှင့်နှိုင်းယှဉ်ကြည့်ပါက သိသိသာသာနိမ့်ကျနေသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ဤအချက်က ပစ္စည်းခွန်နှင့်ပတ်သက်၍ ပြည်သူ လူထုအား ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးရန် လိုအပ်သည်ကို ညွှန်ပြ နေပါသည်။

 

 

ကောက်ခံရရှိသော အခွန်စာရင်းတို့ကို ကွန်ပျူတာအချက်အလက် အဖြစ် ပြောင်းလဲမှတ်တမ်းတင်ထားရှိခြင်းအပါအဝင် ဌာနအချင်းချင်း အပြန်အလှန် မျှဝေစီးဆင်းစေရန်ဟူသော ဉာဏ်လင်းသစ်အဖွဲ့၏ အကြံပြုချက်သည်လည်း စနစ်တကျတစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖော်ရမည့် ကိစ္စရပ်ဖြစ်သည်ဟု ယူဆပါသည်။ အခွန်ထမ်းဆောင် ရမည့်ပြည်သူတို့ကို ပညာပေးရုံသာမက အခွန်ထမ်းဆောင်လိုစိတ် ဖြစ်ပေါ် လာစေရန် မက်လုံးပေးဆွဲဆောင်ရမည်ဟူသော အကြံပြုချက်သည်လည်း ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးသည့် နိုင်ငံတို့၌ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေသောစနစ်ဖြစ်၍ ဉာဏ်လင်းသစ်အဖွဲ့က ဖြစ်သင့်ဖြစ်ထိုက်သော စနစ်တစ်ရပ်ကို အကြံပြုလိုက်ခြင်းဖြစ်ပါသည်။

 

အိုးအိမ်ခြံမြေတို့ကို တန်ဖိုး ဖြတ်ရသော ရာပြတ်စနစ်ကို ပိုမိုထိရောက်ကောင်းမွန်စေရန် ပြုပြင် ဆောင်ရွက်ရမည်ဟူသော ဉာဏ်လင်းသစ်အဖွဲ့၏ အကြံပြုချက်သည်လည်း လက်တွေ့ကျသော အကြံပြုချက်တစ်ရပ်ဖြစ်ပါသည်။ အခွန်ကိစ္စဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တို့အား တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် စံလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် (Standard Operating Procedure - SOP) ရေးဆွဲရမည်ဟူသော ဉာဏ်လင်းသစ်အဖွဲ့၏ အကြံပြုချက်သည်လည်း အလေးအနက်သုံးသပ်ရမည့် ကိစ္စရပ်ဖြစ်သည် ဟု ခံယူပါသည်။

 

 

နိဂုံးချုပ်အနေဖြင့် ဉာဏ်လင်းသစ်အဖွဲ့၏ အကြံပြုချက်တို့သည် တာဝန်ရှိ အာဏာပိုင်အဖွဲ့အစည်းတို့က အလေးအနက်သုံးသပ်ရမည့် အကြံပြုချက် တို့ဖြစ်ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။