၂၉ ဒီဇင်ဘာ
ကြေးမုံအယ်ဒီတာ့ အာဘော်
နိုင်ငံတစ်နိုင်ငံ၏တန်ဖိုးမှာ အနှောင်အဖွဲ့ကင်းကင်းဖြင့် လွတ်လပ်စွာ နေထိုင်ရခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အနှစ်သာရမှာ ထိုလွတ်လပ်သောနိုင်ငံ၏ အသီးအပွင့်များကို နိုင်ငံသူ၊ နိုင်ငံသားများ မျှဝေခံစားနိုင်ခြင်းဖြစ်သည်ဟု ယေဘုယျအားဖြင့် မှတ်ယူနိုင်သည်။ အနှစ်ချုပ်မှာ နိုင်ငံ၏တန်ဖိုးနှင့် အနှစ်သာရများရှိသောနိုင်ငံမှာ စစ်မှန်သည့် အပြည့်အဝလွတ်လပ်သောနိုင်ငံဟု ဆိုလိုရင်းဖြစ်သည်။
ကမ္ဘာ့သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံအပါအဝင် အင်အားနည်းနိုင်ငံများ အားလုံးနီးပါး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ယဉ်ယဉ်ကျေးကျေး အရင်းရှင်နယ်ချဲ့နှင့် ကြမ်းကြမ်းတမ်းတမ်း ဖက်ဆစ်နယ်ချဲ့လက်အောက်သို့ တစ်မျိုးမဟုတ်တစ်မျိုး ကျရောက်ခဲ့ကြသည်။ ထိုအခါလွတ်လပ်ရေး လုံးဝဆုံးရှုံးပြီး နိုင်ငံတစ်နိုင်ငံ၏တန်ဖိုး၊ နိုင်ငံတစ်နိုင်ငံ၏အနှစ်သာရများ ပျောက်ဆုံးခဲ့ရသည်။ စစ်အတွင်းကာလများက ကမ္ဘာပေါ်ရှိနိုင်ငံအများမှာ နယ်ချဲ့တို့၏ ကျူးကျော်ဝင်ရောက် သိမ်းပိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ကြသည်။
ဆုံးရှုံးသွားသောလွတ်လပ်ရေးကို နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်အရင်းခံဖြင့် ကျူးကျော်သူနယ်ချဲ့အား ရဲရဲရင့်ရင့်စွန့်စွန့်စားစား တွန်းလှန် တိုက်ခိုက်ကာ ပြန်လည် ရယူကြရသည်။လွတ်လပ်ရေးကို ပြန်လည်ရယူရာတွင် ပေးအပ်သူအဖို့ အသာတကြည်၊ကြည်ကြည်ဖြူဖြူမဟုတ်။ မတတ်သာဘဲ ပေးရသည်ဖြစ်၍ လွတ်လပ်ရေးကိုÓဏ်ပညာချွန်းအုပ်ကာ ခက်ခက်ခဲခဲ ကျားကုတ်ကျားခဲယူခဲ့ရသည်။လွတ်လပ်ရေးကိုပေးပြန်သော်လည်း အတွယ်အတာနှင့် အနှောင်အဖွဲ့များ ထားတတ်ကြသည်။ အနှောင်အဖွဲ့မရှိဘဲ လွတ်လွတ်ကျွတ်ကျွတ်ပေးရပြန်လျှင်လည်း သွေးခွဲသပ်လျှို အမုန်းဖွဲ့ထားခဲ့ကြသည်။ ထို့ကြောင့်ကိုလိုနီနယ်ချဲ့ဟူသည် မည်သည့်နည်းနှင့်မျှ ကောင်းခြင်းလက္ခဏာမရှိချေ။
တစ်ဖန် စစ်ပြီးကာလ၊ စစ်အေးလွန်ကာလတွင် ခေတ်သစ်ကိုလိုနီ နယ်ချဲ့လက်သစ်သဏ္ဌာန် အသွင်ပြောင်း၍ တစ်ကျော့ပြန်လာသည်။ ခေတ်ဟောင်းကိုလိုနီဖြစ်စေ၊ ခေတ်သစ်ကိုလိုနီဖြစ်စေ ၎င်းတို့၏ အကျိုးစီးပွားအတွက် သာဖြစ်သည်။ကိုလိုနီနယ်ချဲ့လက်အောက်တွင် နိုင်ငံ၏တန်ဖိုး၊ နိုင်ငံ၏အနှစ်သာရများ ကွယ်ပျောက်ခဲ့ရသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ ဆုံးရှုံးခဲ့သောလွတ်လပ်ရေးကို စည်းလုံးညီညွတ်မှုဖြင့် ရယူကြသည်။ လွတ်လပ်ရေးရရှိပြီးသော်လည်း စည်းလုံးညီညွတ်မှုအားနည်းလျှင်၊ အချင်းချင်း ညီညီညွတ်ညွတ်မရှိလျှင် နိုင်ငံ၏တန်ဖိုး၊ နိုင်ငံ၏ အနှစ်သာရများလည်း လျော့ပါးကျဆင်းသွားနိုင်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံ၊ အချုပ်အခြာအာဏာပိုင်သောနိုင်ငံဖြစ်သည်။ အနှောင်အဖွဲ့မရှိ လွတ်လွတ်ကျွတ်ကျွတ်ကင်းကင်းရှင်းရှင်း လွတ်လပ်သော နိုင်ငံဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားများလွတ်လပ်စွာ နေထိုင်နိုင်သော နိုင်ငံဖြစ်သည်။ လွတ်လပ်သောနိုင်ငံ၏အသီးအပွင့်များကို နိုင်ငံသူ၊ နိုင်ငံသားများ မျှဝေခံစားနိုင်သော နိုင်ငံဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသည် ကိုလိုနီဆိုးမွေများ ကျန်ခဲ့သည်မှာအမှန်ဖြစ်သည်။ ဆိုးမွေမှာ လွတ်လပ်ရေးရပြီးသည်နှင့် အယူအဆကွဲပြားခြင်း၊ အချင်းချင်းသွေးကွဲခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်နေသော အခင်းအကျင်းများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားများအရ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ အပြည့်အဝ ရရှိနိုင်ရေး၊ လွတ်လပ်ရေး အသီးအပွင့်များကို အပြည့်အဝ ခံစားနိုင်ရေးတို့ကို သတိပြုရမည်ဖြစ်သည်။မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနေထိုင်ကြရမည်ဖြစ်သည်။ ခေတ်သစ်ကိုလိုနီနယ်ချဲ့မှုတို့ကို မျက်ခြည်မပြတ်သတိမပြတ်ရှိနေရမည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ရရှိထားပြီးဖြစ်သော လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် ကာကွယ်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံသည် အနှောင်အဖွဲ့ကင်းကင်းဖြင့် လွတ်လပ်စွာနေထိုင် ရခြင်းဖြင့် လွတ်လပ်သောနိုင်ငံ၏ အသီးအပွင့်များကို နိုင်ငံသူ၊ နိုင်ငံသားများ မျှဝေခံစားရရှိနိုင်အောင် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ကြုံတွေ့ခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ၏ တန်ဖိုးနှင့် အနှစ်သာရများ အပြည့်အဝရှိနေမည်ဖြစ်သည်။