နမ့်ပေါ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး

mdn

နေပြည်တော်    ၆   ဇူလိုင်

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်တို့အကြား လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆နာရီခွဲက နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပသည်။

 

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိုင်ငံတော် အနေဖြင့် လျှပ်စစ် ဓာတ်အားတိုးတက်ရရှိရေးအတွက် အရင်းအမြစ်မျိုးစုံသုံး၍ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နမ့်ပေါ်ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဒေသတွင်းလိုအပ် ချက်ရှိနေသော လျှပ်စစ်ဓာတ်အားကိုပိုမိုဖြည့်ဆည်းပေးနိုင်ပြီး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို မူဆယ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ အိမ်ထောင်စု ပေါင်း ၄၀၀၀၀ခန့်သို့ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း။

 

 

စီမံကိန်းတည်ဆောက်ရေးကာလတွင် ဒေသနေပြည်သူ ၅၀၀ခန့်နှင့်စီမံကိန်းပြီးစီး၍ ဓာတ်အားပေးစက်လည်ပတ်မည့်ကာလတွင် ဒေသနေ အင်ဂျင်နီယာ ၃၀ဦးခန့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမည်ဖြစ်ပါကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှု အစီအစဉ်နှင့် လူမှုရပ်ရွာအကျိုးပြုမှု အစီအစဉ်အဖြစ် CSR လုပ်ငန်းအတွက် နှစ်စဉ်အသားတင်အမြတ်ငွေ၏ ၁ရာခိုင်နှုန်း ကို အသုံးပြုမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေမည့်အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဦးစိုင်းအုန်းမြင့် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဦးစိုင်းအုန်းမြင့် တို့က နမ့်ပေါ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်များအား လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။

 

နမ့်ပေါ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၏တောင်ဘက် (၆) မိုင်ခန့်အကွာနမ့်ပေါ်ချောင်းပေါ်တွင် တည်ရှိပြီး Build, Operate and Transfer (B.O.T)  စနစ်ဖြင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်သော ဂရိတ်ဟော်ခမ်းအများ ပိုင်ကုမ္ပဏီလီမိတက်မှ ၂၀၁၆ခုနှစ်၊ ဧပြီလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလတွင်ပြီးစီးမည့် စီမံကိန်းတစ်ခုဖြစ်သည်။ စက်ရုံ၏ စက်တပ်ဆင်အင်အားမှာ ၂၀မဂ္ဂါဝပ်ဖြစ်ပြီး၊ ဒီဇိုင်းအရ နှစ်စဉ်ထုတ်လုပ်နိုင်မှု ပမာဏမှာ ၈၃ ဒသမ ၃၂ကီလိုဝပ်နာရီ သန်းပေါင်း ဖြစ်ကြောင်းသတင်းရရှိသည်။

 

(သတင်းစဉ်)