ယနေ့သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်ပြီး ဒီမိုကရေစီကျင့်သုံးသော ကမ္ဘာ့နိုင်ငံများတွင်လည်း ဒီမိုကရေစီနေ့ အခမ်းအနားများ ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ရာ ယနေ့ဆိုလျှင် (၉)ကြိမ်မြောက် ရှိပြီဖြစ်သည်။

ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံကြီးများနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုလျှင်တော့ မြန်မာ့ဒီမိုကရေစီခရီးလမ်းသည် သက်တမ်း နုနယ်လွန်းပါ သေးသည်။ ယခုကဲ့သို့ သက်တမ်းနုနယ်သေးသည့် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းသည် အခက်အခဲ ဆူးငြောင့်ခလုတ်များကို ကြံ့ကြံ့ခံရင်း လျှောက်လှမ်းလာရာတွင် အတန်အသင့် တိုးတက်လာသည်ဟု ဆိုချင်ပါသည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ အများအကျိုးကို ရှေးရှုသောစနစ်ဖြစ်ပြီး ပြည်သူအားလုံး လိုလား နှစ်သက် လက်ခံသည့် စနစ်လည်း ဖြစ်သည်။ လူတစ်ဦးချင်း တစ်ယောက်ချင်းစီက မိမိတို့ကိုယ်တိုင် လိုက်နာကျင့်သုံး ခြင်းဖြင့် ရရှိမည်ဖြစ်သည်။ လူ့အခွင့်အရေး ကို လေးစားလိုက်နာခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ကျား၊ မတန်းတူညီမျှ အခွင့်အရေးရှိခြင်း စသော ဒီမိုကရေစီ၏ အခြေခံမူများကို ကိုယ်စီလိုက်နာ ကျင့်ကြံနေထိုင်ခြင်းဖြင့် ဒီမိုကရေစီစနစ်ကို ပိုမိုရှင်သန်စေမည်ဖြစ်သည်။

တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဆောင်ရွက်၍ရသည့်စနစ် မဟုတ်သဖြင့် ကိုယ်စီလိုက်နာရမည့် စည်းကမ်း၊ ကျင့်ဝတ်များ ကို လိုက်နာပြီး ပြည်သူတို့၏ အသိအမြင်ဗဟုသုတများ တိုးပွားလာစေခြင်းဖြင့် လူမှုရေးအမြင်၊ စီးပွားရေးအမြင်၊ နိုင်ငံရေး အမြင်များ တိုးတက်ဖွံ့ဖြိုးလာကာ ဒီမိုကရေစီသွားရာ လမ်းကြောင်းကို အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။

နိုင်ငံအတွင်း သဘောထားကွဲလွဲပြီး မပြေလည်မှုများရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၏ ဖြစ်စဉ် ဖြစ်ရပ်တို့ သည်လည်း ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သည့် တရားဥပဒေ စိုးမိုးရေးကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေသလို ဒီမိုကရေစီသွားရာ လမ်းကြောင်းကိုလည်း သွေဖည်စေမည်ဖြစ်သည်။

လူတစ်ဦးတစ်ယောက်ချင်း၏ ဆန္ဒကို ရှေ့တန်းမတင်ဘဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံသယများကို ချေဖျက်၊ နားလည်မှု၊ ယုံကြည်မှုများရှိဖို့ လိုပေသည်။ နိုင်ငံတော်မှ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီ ကူးပြောင်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး စသည့် လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ တိုင်းရင်းသားပြည်သူများအားလုံးတို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အလွန်အရေးကြီး ပါသည်။

ဥပဒေပြုလွှတ်တော်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့အစည်းများက ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် အားကောင်းစေရေး ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်နေကြသလို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး အစရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ၂၀၁၀ ပြည့်နှစ်မှ စ၍ အကောင်အထည်ဖော်လာခဲ့ရာ အခက်အခဲ စိန်ခေါ်မှုများစွာ ရှိနေသော်လည်း မူလရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ခိုင်မာအား ကောင်းသည့် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်စေရန် ဆက်လက်လျှောက်လှမ်းသွားမည် ဖြစ်သည်။ 
သို့ဖြစ်၍ တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို လျှောက်လှမ်းကြရာတွင် ကမ္ဘာ့ ဒီမိုကရေစီ ကျင့်သုံးသည့်နိုင်ငံများ၏ အခက်အခဲ၊ အတွေ့အကြုံများ၊ မြန်မာ့နိုင်ငံရေး အတိတ်ကာလကဖြစ် ရပ်များကို သင်ခန်းစာယူပြီး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံး ညီညွတ်မှုအင်အားဖြင့် တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။    ။
(ကြေးမုံ)