၃၁ ဒီဇင်ဘာ
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် လွတ်လပ်သောနိုင်ငံ၏ လက်ဝယ် ပိုင်ဆိုင်ထားသော အချုပ်အခြာအာဏာကို မထိပါးအောင်၊ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်အပ်ပေသည်။ အချုပ်အခြာ အာဏာသည်နိုင်ငံအတွက် တန်ဖိုးကြီးမားပြီး အချုပ်အခြာအာဏာကို မူရင်းနိုင်ငံသားတို့ ပိုင်ဆိုင်နေသမျှ ကာလပတ်လုံး ထိုနိုင်ငံသည် လွတ်လပ်သော နိုင်ငံဟု ခေါ်ဆိုထိုက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခံရခြင်း၊ ဆုံးရှုံးခြင်းတို့ ရှိလာသောအခါ ထိုနိုင်ငံ၏ လွတ်လပ်ရေးသည်လည်း ဆုံးရှုံးသွားပြီဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် လွတ်လပ်သောနိုင်ငံ၏ နိုင်ငံသူ၊ နိုင်ငံသားတို့သည် ပိုင်ဆိုင်ထားပြီးဖြစ်သော အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးသွားခြင်း မဖြစ်အောင် ယင်းကို အသက်ပေး ကာကွယ်ကြရသည်။ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြသည်။
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျှင် နိုင်ငံတိုင်း၊ နိုင်ငံတိုင်းနီးပါးသည် အချုပ်အခြာအာဏာကို ထိပါးခံရခြင်း၊ လက်လွတ် ဆုံးရှုံးခြင်းတို့နှင့် ကြုံတွေ့ဖူးကြပြီး နိုင်ငံ ပြန်လည် တည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်သောနိုင်ငံ ဖြစ်တည်ရန် အသက်သွေးချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ကြရသည်။ မြန်မာနိုင်ငံသည်လည်း ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို ပြန်လည်ရရှိအောင် အသက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ခဲ့ရဖူးသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် အတိတ်သည် သင်ခန်းစာယူဖွယ်ဖြစ်သည်။ အနာဂတ်သည် မျက်မှောက်ကာလ အကျိုးအတွက် အလုပ်လုပ်ရန်ဖြစ်သည်။ ထို့ကြောင့် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို စဉ်းစားသုံးသပ် ကြည့်ကြသည့်အခါ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေပေါ်တွင်သာ မူတည်ပြီး စဉ်းစားချင့်ချိန် ဆောင်ရွက်သင့်သည်။
နိုင်ငံ၏ပကတိ အခြေအနေများဖြစ်သော လူဦးရေ၊ ဓနအင်အား၊ နိုင်ငံနယ်မြေ အနေအထားစသည်တို့ ခိုင်မာအားကောင်းမှု၊ အားနည်း ချွတ်ယွင်းမှု ရှိ၊ မရှိ တို့သည် စဉ်းစားသုံးသပ်ကြရမည်။ ခိုင်မာအားကောင်း နေသည့်အခါတွင် ပိုမိုတိုးတက် ခိုင်မာအားကောင်းအောင် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ချွတ်ယွင်းအားနည်းနေသည့်အခါ မိမိတို့ အချင်းချင်း ကွဲပြားနေသင့်၊ မနေသင့်ကို အထူးအလေးအနက်ထား စဉ်းစားသင့်သည်။
ယနေ့အချိန်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြကုန်သော လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတန်းစားမရွေး အစရှိသည့် ပြည်သူလူထု တစ်ရပ်လုံး၏ ရှိရင်းစွဲအင်အားကို ယခုထက်ပို၍ ပို၍ စည်းလုံး ခိုင်မာလာအောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်နိုင်ကြပါမှ တန်ကာကျပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံ၏လွတ်လပ်ရေး ကို မည်သို့ရယူခဲ့ကြရသည်ကို အများသိပြီးဖြစ်သလို ရရှိထားသော အချုပ်အခြာအာဏာကို ယိုယွင်းပျက်ပြားအောင် ထိပါးမှုများလည်း ရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ထိပါးခြင်းမရှိစေရန် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး စည်းလုံးမှုခိုင်မာဖို့လိုသည်။
ယိုယွင်းပျက်ပြားခဲ့သော နိုင်ငံကို ပြန်လည်ထိန်းသိမ်းတည့်မတ် တည်ဆောက်ရာ၌ နိုင်ငံတစ်ခုလုံး၏ စည်းလုံး ညီညွတ်မှုအင်အားသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ ဤအင်အားစုကြီး၏ ရေသောက်မြစ်သည် ပြည်တွင်းမှာသာ တည်ရှိသဖြင့် ပြည်တွင်းအားဖြင့် ရယူ တည်ဆောက်ရမည်ကို ယုံကြည်ထားရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းသည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရန် ဆောင်ရွက်ခြင်းပင်ဖြစ်၍ ပြည်တွင်းအားဖြင့် အောင်မြင်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ငြိမ်းချမ်းရေးရရှိအောင် ဦးတည်ကြိုးပမ်း ဆောင်ရွက်နေသည်။ ငြိမ်းချမ်းခြင်းသည် လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်တည်နေခြင်း၏ ထူးခြားသော ဝိသေသလက္ခဏာတစ်ရပ်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုခွန်အားဖြင့် မဖြစ် မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပကတိ လိုအပ်မှု အခြေအနေသည် ငြိမ်းချမ်းရေးဖြစ်နေသောကြောင့် အတိတ်ကို သင်ခန်းစာယူကာ ပစ္စုပ္ပန်ကို တည့်တည့်ရှုမြင်၍ အနာဂတ် ကောင်းမွန်အောင် စည်းလုံးညီညွတ်မှုဖြင့် ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းအပ် ပါသည်။