၁၅ စက်တင်ဘာ

Prolonged Labour လို့ခေါ်တဲ့ မီးဖွားချိန်ကြာတဲ့ပြဿနာဟာ မီးဖွားခန်းထဲဝင်တဲ့ မိခင်တိုင်း စိုးရိမ်ကြတဲ့ ပြဿနာတစ်ခုပါ။ မီးဖွားနေရင်း ကလေးက ဆက်ဆင်းမလာတာ၊ မိခင်က ဆက်မညှစ်နိ်ုင်တော့တာတွေက မီးဖွားချိန် ကြာတဲ့ ပြဿနာတွေပါ။ လူတိုင်းနီးပါးသိကြပါတယ်။ မီးဖွားတာ ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားရင် ကလေးရောမိခင်ရောကို ထိခိုက်နိုင်တယ်ဆိုတာ သိကြပေမယ့် ဘာတွေ ဘယ်လိုထိခိုက်သွားမလဲဆိုတာကိုတော့ သိတဲ့သူရှားမယ်လို့ ထင်ပါတယ်။

 

မီးဖွားချိန် ကြာနေပြီဆိုတဲ့ လက္ခဏာတွေက ဘယ်လိုမျိုးလဲ။

ဒီအချက်က လူတိုင်းသိထားသင့်တဲ့အချက်ပါ။ မီးဖွားချိန် ကြာတဲ့ လက္ခဏာတွေကတော့ ခုပြောမယ့် အချက်ထဲက အနည်းဆုံး ၃ ချက်လောက်ပါရမှာပါ။

 

မီးဖွားတာ ၁၄-၂၀ နာရီလောက်ကြာနေပြီ။

အမေကလည်း ဆက်မညှစ်နိုင်တော့ဘဲ နှုတ်ခမ်းတွေခြောက် အသက်ရှူမဝသလိုမျိုးတွေ ခံစားနေရလိမ့်မယ်။

မွေးလမ်းကြောင်းထဲ ကလေးဆက်မဆင်းတော့လို့ တစ်ဆို့ဆို့ ဖြစ်နေရာကနေ ခါးတွေ အောက်ပိုင်းတွေ နာလာမယ်။

အချိန်တွေကြာလာတာကြောင့် ကြွက်သားတွေ အားပျော့သွားပြီး ဗိုက်နာတာလည်း တဖြည်းဖြည်းလျော့လာမယ်။

သားအိမ်ညှစ်အားကလည်း ပုံမှန် မဟုတ်တော့ဘဲ လာချင်ရင် အများကြီးလာ၊ မလာချင်ရင် လုံးဝငြိမ်နေတာ စတာတွေက မီးဖွားချိန် ကြာနေရခြင်းရဲ့ လက္ခဏာတွေပါ။

မီးဖွားချိန် ကြာနေတဲ့အခါ မိခင်ကိုရော ထွက်မလာသေးတဲ ့ရင်သွေးလေးကိုရော ဘယ်လိုတွေ ထိခိုက်နိုင်မလဲ။

 

ရင်သွေးလေးမွေးကင်းစအချိန် ကလေးခေါင်းက ပျော့နေသေးတာကြောင့် မွေးလမ်းကြောင်းထဲညက်နေပြီး ခေါင်းမှာ သွေးယိုစိမ့်တာတွေဖြစ်နိုင်တယ်

ညှက်ဆွဲမွေး၊ လေစုပ်မွေးရမယ့် အခြေအနေတွေ ပိုများလာပြီး ကလေးကိုထိခိုက်နိုင်တာတွေ ပိုလာမယ်။ နောက်ပိုင်း ကလေးက ရေမြွှာရေမွန်းပြီး သွေးဆိပ်သင့်တာတွေ ဖြစ်မယ်။

 

မွေးလမ်းကြောင်းထဲမှာ ပိတ်မိချိန်ကြာလာလို့ ကလေးက အောက်ဆီဂျင်ကောင်းကောင်း မရတော့တာတွေဖြစ်ပြီး cerebral palsy နဲ့ hypoxic-ischemic encephalopathy (HIE)၊ မွေးလာတဲ့အချိန် အတက်ရောဂါတွေ ဖြစ်နိ်ုင်ပါတယ်။

မိခင်သားအိမ်တွင်းပိုးဝင်တာ၊ မွေးလမ်းကြောင်းစုတ်ပြဲတာ၊မီးဖွားပြီးသွေးသွန်တာ၊ မီးတွင်းပိုးဝင် အဆိပ်သင့်တာတွေ ဖြစ်တတ်ပါတယ်။

 

ရေးသားသူ - Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”