ညောင်ဦး  ၇  ဇန်နဝါရီ   

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား ၁၃၈၀ ခုနှစ် ပြာသိုလဆန်း(၈)ရက် ဇန်နဝါရီ ၁၃ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အာနန္ဒာဘုရားဂေါပက ဥက္ကဋ္ဌ ဦးမျိုးညွန့်ကပြောပြသည်။

 

mdn

 

အဆိုပါ ပုဂံ-ညောင်ဦးမြို့ရှိ အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားဖြစ်ပြီး နှစ်စဉ်   အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းနှင့် ဆယ့်နှစ်ပွဲဈေးသည်များ စုံလင်စွာ လာရောက် ရောင်းချခြင်း၊ ဒေသခံဈေးသည်များမှ ဒေသထွက်  ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့် ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်ကာ တစ်လကျော်ကြာအောင် ကျင်းပသည့်ပွဲတော် ဖြစ်ကြောင်းလည်းသိရကာ ဈေးဆိုင်ခန်းပေါင်း ၁၈၅၀ ကျော်ရှိမည်ဖြစ်ကြောင်းသိရသည်။

 

mdn

 

အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ပြာသိုလဆန်း(၁၁)ရက်မှ ပြာသိုလဆုတ် (၅)ရက်နေ့အထိ သံဃာတော်အရှင်သူမြတ်များမှ  အသံမစဲပဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဆွမ်းခဲဖွယ် ဘောဇဉ်များ ဆက်ကပ် လှူဒါန်းခြင်း၊ ပြာသိုလဆန်း(၁၅)ရက် (လပြည့်နေ့)နံနက်ပိုင်းတွင်  သံဃာတော်အပါး ၁၅၀ဝ ကျော်တို့အား  ဆွမ်း၊ သပိတ်လုံး၊ ပဒေသာပင်များဖြင့် လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ဓမ္မပူဇာတရားပွဲများကို ပြာသိုလဆန်း(၁၂၊၁၃၊၁၄)ရက်များတွင် သီတဂူဆရာတော်ဘုရားကြီး  အဘိဓဇမဟာရဌဂုရု ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများမှ  ညဦးပိုင်း ဓမ္မပူဇာတရားတော်များ ဟောကြားမည်ဖြစ်ကြောင်း အာနန္ဒာဘုရား ဂေါပက ဒုတိယဥက္ကဌ  ဦးအောင်သန်းမှပြောပြသည်။ 

 

အာနန္ဒာဘုရားပွဲတော်နှင့် ဈေးပွဲတော်သည်   ညောင်ဦးခရိုင်အတွင်း အစည်ကားဆုံး ဘုရားပွဲတော်ဖြစ်ကာ စိုက်ရေး ပျိုးရေး ရောင်းရေးဝယ်တာကောင်းပြီး စိုက်ပျိုးသီးနှံရောင်းချပြီးချိန် ငွေပေါ်ချိန်  အာနန္ဒာဘုရားပွဲနှင့်ကြုံချိန် ဖြစ်နေခြင်းက ညောင်ဦးနယ်တဝိုက်မှ တောင်သူများ၊ ဧရာဝတီမြစ်ကမ်းဘက်မှ ကျွန်းတောင်သူများ တောင်သူ၊ လယ်ယာလုပ်ငန်းခွင်သုံး စက်ပစ္စည်းကိရိယာများ လာရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဆယ့်နှစ်ပွဲဈေးသည်များ လာရောက်ရောင်းချသည့် ပစ္စည်းစုံလင်လှသော ဘုရားပွဲဈေးဖြစ်ကြောင်း သိရသည်။

 

mdn

 

အာနန္ဒာဘုရားပွဲတွင် ပြာသိုလဆန်း(၁၂၊၁၃)ရက်မှ စတင်၍ ပြာသိုလပြည့်ကျော်(၁၂၊၁၃)ရက်အထိ ဇာတ်ပွဲများဖြင့် ကပြဖျော်ဖြေမည်ဖြစ်ကာ ဇာတ်တစ်ဖွဲ့ပြီးလျှင် နှစ်ညစီ အနားပေး၍ သန့်ရှင်းရေးဆောင်ရွက်စေပြီး ပြန်လည် ကပြ ဖျော်ဖြေကြောင်းသိရကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့်မြင့် ဘောလီဘောအသင်းများအား ဖိတ်ကြားကာ ဘော်လီဘောပြိုင်ပွဲများ ကျင်းပခြင်း၊ မြန်မာ့လက်ရွေးစင် ခြင်းအလှခတ်အားကစားသမားများ ဖိတ်ကြားပြီး ခြင်းအလှခတ်ခြင်းများဖြင့် ပါဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)