ကျိုင်းတုံ ၇ ဇန်နဝါရီ
ဇန်နဝါရီလ ၄ ရက်နေ့ နံနက်အစောပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီး တောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုအား ဝင်ရောက်တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးတွင် ကျိုင်းတုံမြို့နယ်မှ ရဲတပ်သား ဖားဖာ့ ပါဝင်ခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတပ်သား ဖားဖာ့၏ မိဘများထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၅ ရက်နေ့က လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ကျေးရွာသို့ သွားရောက်၍ ရဲတပ်သား ဖားဖာ့၏ ဖခင် ဦးအားချေ၊ မိခင် ဒေါ်နာတီးတို့နှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ထောက်ပံ့ငွေကျပ် ၁၀သိန်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ၅ သိန်းနှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့က ၂ သိန်း စုစုပေါင်း ၁၇ သိန်းကျပ် ထောက်ပံ့ပေးခဲ့သည်။
ရဲတပ်သား ဖားဖာ့သည် ကျိုင်းတုံမြို့နယ်၊ လွိုင်မွေအုပ်စု၊ နောင်လျန်(၂)ကျေးရွာမှ အာခါ တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ဘူးသီးတောင် မြို့နယ်၊ ကထီးလှ ရဲကင်းစခန်း၌ တာဝန်ထမ်းဆောင်နေစဉ် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)