ဗန်းမောက်  ၇  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင် ခမိုယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းအား နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ယာဉ်ရပ်နားစခန်းကို တာဝန်ယူ တည်ဆောက်လျက်ရှိ သော Terrain group Co.,Ltd မှ စီးပွားရေးအကြံပေး ဦးအောင်သူရ၏ ပြောကြားချက်အရ သိရသည်။

 

'' စီမံကိန်းတစ်ခုလုံးကို ၂၄ လ အတွင်းမှာ အပြီးတည်ဆောက်သွားမယ်၊ ဒီနေရာက မိုးရာသီဆို မိုးရွာသွန်းမှုများတဲ့ ဒေသဖြစ်တဲ့အတွက် အလုပ်လုပ်ချိန်ကနည်းပြီး အကြိုဖွင့်လှစ်နိုင်တဲ့ အဆင့်ကိုပဲ လုပ်နိုင်ခဲ့တယ်၊ အခုအခြေအနေ ကတော့ ယာဉ်ရပ်နားစခန်းမှာ ကားတွေ စနစ်တကျနဲ့ အဝင်/အထွက် လုပ်နိုင်တယ်၊ ခရီးသွားပြည်သူတွေ အနားယူ အပန်းဖြေနိုင်အောင် လုပ်ရသေးတယ်၊ ၂ဝ၁၈ ခုနှစ်အတွင်းမှာတော့ စီမံကိန်းတစ်ခုလုံးရဲ့ (၂၆) ရာခိုင် နှုန်းလောက်ပဲ ပြီးသေးတယ်၊ ဘုရားဖူးလာတဲ့ ပြည်သူတွေရဲ့ ငွေသုံးစွဲနိုင်တဲ့ အဆင့်အတန်းက အလွှာ အမျိုးမျိုးရှိကြတယ်၊ ဒါကြောင့် လူအများစု တည်းခိုနိုင်တဲ့ တည်းခိုဆောင်၊ သန့်စင်ခန်း၊ အပန်းဖြေ အနားယူနိုင်တဲ့ ညဈေးတန်းတွေကို ဦးစားပေး တည်ဆောက်မယ်၊ ပြီးရင် ဟိုတယ်၊ မိုတယ်တွေကို ဆက်ပြီးတည်ဆောက်မယ်'' ဟု Terrain group Co.,Ltd မှ စီးပွားရေးအကြံပေး ဦးအောင်သူရက ပြောသည်။

 

ဇလုံတောင် ခမိုးယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းသည် အကျယ်ဧက ၃ဝ ကျယ်ဝန်းပြီး ခရီးသွားပြည်သူများ အပန်းဖြေ နားနေနိုင်သည့် ပန်းခြံတစ်ခု၊ ယာဉ်စီးရေ ၂ဝဝ ကျော်တစ်ပြိုင်နက် ရပ်နားဝင်/ထွက် နိုင်သည့် ကားပါကင် တစ်ခု၊အများသုံးသန့်စင်ခန်းများ၊ လူအများစု တည်းခိုနိုင်သည့် တည်းခိုဆောင်များ၊ ညဈေးတန်းများ၊ ဟိုတယ်၊ မိုတယ်၊ ကျန်းမာရေး ဆေးပေးခန်း၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးနှင့် မီးသတ်ရုံး၊ လုံခြုံရေးစခန်း ပါဝင်မည် ဖြစ်ကြောင်းနှင့် ၄င်းယာဉ်ရပ်နားစခန်းနှင့် အပန်းဖြေစခန်းအား ၂ဝ၁၉ ခုနှစ် နှစ်အကုန်တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)